အမျိုးသမီးများနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အရေးများ တိုးမြှင့်ရရှိစေရေးကို အထူးအလေးပေးဆောင်ရွက်နိုင်ပြီး ---

အမျိုးသမီးများနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အရေးများ တိုးမြှင့်ရရှိစေရေးကို အထူးအလေးပေးဆောင်ရွက်နိုင်ပြီး လူငယ်များ၏ ကာယ၊ ဉာဏမှအစ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့များစွာဖြစ်ထွန်းခြင်း အစရှိသည့် အကျိုးကျေးဇူးများ ရရှိစေမှာဖြစ်ပါတယ်

 

မေး။ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးတွင် ကျား/မ တန်းတူညီမျှမှုရှိရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားရေးနှင့် လူငယ်များပါဝင်မှု ရရှိရေးတို့နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသားစီမံချက်များကို ရှင်းလင်း ပြောကြားပေးပါ။

 

ဖြေ။     မြန်မာနိုင်ငံမှာ ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများရဲ့ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ရန်၊ အခွင့်အလမ်းများကို တူညီရရှိခံစားနိုင်စေရန်၊ ဘဝအရည်အသွေး တိုးတက်မြင့်မားစေရန်အတွက် အားလုံး အကျုံးဝင်သော အသိုက်အဝန်းတစ်ရပ် ဖော်ဆောင်နိုင်ရေးဆိုတဲ့ ASEAN Community Vision 2025 ကို ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနအနေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း (INGOs) များ၊ ပြည်တွင်းမှာရှိတဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGOs) များ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း (CSOs) များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ အာဆီယံ လူမှု-ယဉ်ကျေးမှု အသိုက်အဝန်းကဏ္ဍရဲ့ ကဏ္ဍခွဲတွေဖြစ်တဲ့ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့် အစည်း အဝေး (ASEAN Ministerial Meeting on Social Welfare and Development – AMMSWD)၊ အာဆီယံ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအဆင့် အစည်းအဝေး (ASEAN Senior Official Meeting on Social Welfare and Development- SOMSWD)၊ အာဆီယံအမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင် (ASEAN Commission on Promotion and Protection of the Rights of Women and Children – ACWC)နှင့် အာဆီယံအမျိုးသမီး ရေးရာကော်မတီ (ASEAN Committee on Women–ACW) တို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနက Focal Point အဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါတယ်။

သက်ဆိုင်ရာ Focal Point အလိုက် တာဝန်ယူဆောင်ရွက်တဲ့ နေရာမှာ လူမှုဝန်ထမ်းဦးစီးဌာနအနေနဲ့ ကျား/မ တန်းတူညီမျှမှုရှိရေး၊ အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးတို့အတွက် အာဆီယံ၏ ကတိကဝတ်များ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ အချက်များ၊ စဉ်ဆက် မပြတ်ဖွံ့ဖြိုးမှု ရည်မှန်းချက်ပန်းတိုင်များ (SDGs)နှင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၏ လမ်းညွှန်မှုတို့ဖြင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (National Strategic Plan for Advancement of Women-NSPAW) (၂၀၁၃-၂၀၂၂) ကို ကျား၊ မ ရေးရာဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များ အနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါတယ်။

အဆိုပါမဟာဗျူဟာကို အဓိကလုပ်ငန်းနယ်ပယ်(၁၂)ရပ်ဖြစ်တဲ့ အမျိုးသမီးများနှင့် အသက်မွေးဝမ်းကျောင်းမှု၊ အမျိုးသမီးများနှင့် ပညာရေး၊ လေ့ကျင့်သင်ကြားရေး၊ အမျိုးသမီးများနှင့် ကျန်းမာရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးများနှင့် အရေးပေါ် အခြေအနေများ၊ အမျိုးသမီးများနှင့် စီးပွားရေး၊ အမျိုးသမီးများနှင့် ဆုံးဖြတ်ချက် ချမှတ်ရေး၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများ၊ အမျိုးသမီးများနှင့် လူ့အခွင့်အရေး၊ အမျိုးသမီး များနှင့် မီဒီယာ၊ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်များဆိုတဲ့ နယ်ပယ်များနဲ့ ထည့်သွင်းရေးဆွဲထားတာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အထက်ပါ မဟာဗျူဟာစီမံကိန်း (NSPAW) (၂၀၁၃-၂၀၂၂) အကောင် အထည်ဖော်ဆောင်ရွက်မှုများအပေါ် လေ့လာဆန်းစစ်ချက် (NSPAW Mapping) ကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး အတွက် National Mechanism အားကောင်းလာစေရန် အမျိုးသမီး များအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (Prevention and Protection of Violence against Women Law- POVAW Law) နဲ့ အခြားသော ကျား၊ မ အခြေပြုအကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့ ဥပဒေများရေးဆွဲခြင်း၊ အကြမ်းဖက်ခံရသည့် အမျိုးသမီးများအား တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးသည့်စင်တာ (One Stop Women Support Center- OSWSC) တည်ထောင် ဖွင့်လှစ်ခြင်းနဲ့ Helpline စသည့် ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ကဏ္ဍစုံတွင် ကျား၊ မ ရေးရာထည့်သွင်း ဆောင်ရွက်ခြင်းအတွက် Gender Analysis ပြုလုပ်ခြင်း၊ သင်တန်း များပေးခြင်း၊ မီဒီယာနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် ကျား/မ ရေးရာအား ထည့်သွင်းစဉ်းစားဆောင်ရွက်နိုင်ရေး အစီအစဉ်များ ထည့်သွင်းရေးဆွဲထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီးဟန်ချက်ညီသော ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း (MSDP) နှင့်အညီ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အတွင်း Gender, CEDAW, NSPAW, UNSCR 1325 နှင့် Gender Based Violence အသိပညာပေး အစီအစဉ်များကို ဝန်ကြီးဌာနများ၊ ခရိုင် ၅၃ ခု၊ မြို့နယ် ၅၀ နှင့် အထက်တန်းကျောင်း ၇၅ ကျောင်း တို့တွင် ဆောင်ရွက်လျက်ရှိပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး နဲ့ အမျိုးသမီးများ ခေါင်းဆောင်မှု မြှင့်တင်ရေးတို့ အတွက် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးက ဦးဆောင်ဆောင်ရွက်မယ့် Project များ ဖြစ်တဲ့ “Enhancing Gender Responsive Treatment of Women Offenders and Women Prisoners in ASEAN” နဲ့ “Study on Women’s Political Participation and Leadership in ASEAN” တို့အတွက် National Coordinator အဖြစ် မြန်မာနိုင်ငံ အမျိုးသမီး ရေးရာအဖွဲ့ချုပ်မှ ပညာရှင်များကို ခန့်အပ်တာဝန်ပေးဆောင်ရွက် လျက်ရှိပါတယ်။

တစ်ဆက်တည်းမှာပဲ အာဆီယံအသိုက်အဝန်း တည်ဆောက် ရေးမှာ လူငယ်တွေ ပါဝင်ဆောင်ရွက်နိုင်စေရေးအတွက် Senior Official Meeting on Youth (SOMY) Focal Point အနေနဲ့ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာနက တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။ အာဆီယံလူငယ်ရေးရာကိစ္စရပ်များ၊ စေတနာ့ဝန်ထမ်း လူငယ်တွေ့ဆုံပွဲများသို့လည်း မြန်မာနိုင်ငံမှ လူငယ်များ၊ စေတနာ့ဝန်ထမ်းလူငယ်များ ပါဝင်တက်ရောက်လျက် ရှိပါတယ်။ ဒါ့အပြင် လူငယ်များအားလုံး ဖွံ့ဖြိုးတိုးတက်စေရေးနဲ့ ကဏ္ဍစုံ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လူငယ်ရေးရာ မူဝါဒကို ၅-၁-၂၀၁၈ ရက်မှာ မိတ်ဆက်ဖြန့်ချိနိုင်ခဲ့ပါတယ်။ အဆိုပါမူဝါဒတွင် လူငယ်ဖွံ့ဖြိုးရေးဆိုင်ရာ ကဏ္ဍများဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့် အပန်းဖြေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့် နည်းပညာ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေး၊ ကျား/မ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ ထည့်သွင်းရေးဆွဲ ထားရှိပါတယ်။

 

မေး။ အာဆီယံရှိအစိုးရချင်းဆိုင်ရာ အဖွဲ့အစည်းများနှင့် အာဆီယံ အစည်းအဝေးများမှတစ်ဆင့် အာဆီယံ ပြည်သူများထံသို့ မည်ကဲ့သို့ အကျိုးကျေးဇူးများဆောင်ကြဉ်းပေးနိုင်ပါသလဲ။

 

ဖြေ။     အာဆီယံရှိ အစိုးရချင်းဆိုင်ရာအဖွဲ့အစည်းများနှင့် အာဆီယံ အစည်းအဝေးများအား ဝန်ဆောင်မှုပေးသူများ (Service Providers) များဖြစ်တဲ့ နိုင်ငံဝန်ထမ်းများ၊ အစိုးရမဟုတ်သော အဖွဲ့ အစည်း(NGOs)များ၊ အရပ်ဘက်အဖွဲ့အစည်း (CSOs)များမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခြင်းအားဖြင့် ကလေးသူငယ် များ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများနဲ့ မသန်စွမ်းသူများ အတွက် လူမှုဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စွမ်းဆောင်ရည် မြှင့်တင်ရေး၊ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ လူမှုရေးပညာရပ်များ၊ ကျား/မ တန်းတူညီမျှရေးကိစ္စရပ်များကို ပိုမိုသိရှိလာနိုင်ပြီး ၎င်းတို့ရဲ့ စွမ်းရည် ပိုမိုတိုးပွားလာပြီး ပြည်သူများအတွက် ဝန်ဆောင်မှုပေးရာတွင် ပိုမိုကောင်းမွန်စွာ ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။

အာဆီယံလုပ်ငန်းဆောင်တာတစ်ရပ်ဖြစ်တဲ့ အမျိုးသမီးများနှင့် ကလေးသူငယ်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် အခွင့်အရေး များ တိုးမြှင့်ရရှိစေရေးကို အထူးအလေးပေးဆောင်ရွက်နိုင်ပြီး အမျိုး သမီးများ၏ အခန်းကဏ္ဍကို မြှင့်တင်လာနိုင်ခြင်း၊ လူငယ်များ၏ ကာယ၊ ဉာဏမှအစ အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရန် အထောက်အပံ့များစွာ ဖြစ်ထွန်းခြင်း အစရှိတဲ့ အကျိုးကျေးဇူးများ ရရှိစေမှာ ဖြစ်ပါတယ်။ ဒါတွေအပြင် အာဆီယံဒေသတွင်းရှိ အစိုးရများ၊ အဖွဲ့အစည်းများ ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အန္တရာယ်ရှိလှသော ဒုစရိုက်နယ်ပယ်များဖြစ်တဲ့ လူကုန်ကူးခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ကုန်ကူးခြင်းတို့ကို အလွယ်တကူ တိုက်ဖျက်နိုင်ပြီး အာဆီယံဒေသတွင်းရှိ ပြည်သူများအတွက် ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုကာကွယ်စောင့်ရှောက်ရေးတို့ကို ပြည်သူများ၏ လိုအပ်ချက်အလိုက် ပံ့ပိုးပေးနိုင်ပြီး လူသားအရင်းအမြစ် ပျက်စီးဆုံးရှုံးမှုတို့ကို ကာကွယ်ပေးနိုင်မှာဖြစ်သလို နယ်စပ်ဖြတ်ကျော်ကျူးလွန်သော ပြစ်မှုများကို အစိုးရချင်း ဆွေးနွေးအဖြေရှာခြင်းဖြင့် အကောင်းမွန်ဆုံးသော ဖြေရှင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။  ။