အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဧပြီ ၁၂

အမျိုးသမီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ် ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ အနော်ရထာရပ်ကွက်နေ ဒေါ်နုနုငယ် (ခ) ဒေါ်ဥမ္မာက နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်နေ မ xxx ၊ ၂၂နှှစ်၊ မ xxx ၊ ၁၈ နှှစ်၊ မ xxx ၊ ၄၀ နှှစ်၊ မ xxx ၊ ၂၂ နှစ် တို့ (၄)ဦးအား  တရုတ်နိုင်ငံရှိ နို့မှုန့်စက်ရုံနှင့် ဖိနပ်စက်ရုံတို့တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် သုံးသိန်းခန့်ရမည် ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားများထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် တပ်ကုန်းမြို့မရဲစခန်း (ပ) ၁၂ / ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ ဒက္ခိဏ ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်နုနုငယ် (ခ) ဒေါ်ဥမ္မာ ကို ဧပြီ ၈ ရက်တွင် လူကုန်ကူးမှု တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂အရ  အလုပ်နှင့် ထောင်ဒဏ်  ၁၀ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ရှောင်ပင်ရိုးအုပ်စုနေ မခင်နှင်းဝေ (ခ) ဝေဝေ က မန္တလေးတိုင်းဒေသကြီး၊ စဉ်ကူးမြို့နယ်နေ  မ xxx ၊ ၂၁ နှစ်နှင့် မ xxx ၊ ၂၀ နှစ် တို့ကို တရုတ် နိုင်ငံတွင် အလုပ်လုပ်ကိုင်ပါက အဆင်ပြေပြီး ဝင်ငွေကောင်းသည်၊ ငွေကျပ် သိန်း(၃၀)ရမည်ဟု ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားများထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် စဉ့်ကူးမြို့နယ်၊ လက်ပံလှနယ်မြေရဲစခန်း (ပ) ၅၂၄/ ၂၀၁၉ နှင့် (ပ) ၆၀၂ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ တို့ဖြင့် အမှုရေးဖွင့်၍ ပြင်ဦးလွင် ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ မခင်နှင်းဝေ (ခ) ဝေဝေ ကို ဧပြီ ၈ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၄ အရ  အမှုတစ်မှုချင်းစီအတွက် အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်နေ ဒေါ်မာချို (ခ) ဒေါ်ကျင်လှနှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်နေ မအေးအေးခိုင် တို့ က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်နေ မ xxx ၊ ၃၀နှှစ် အား ရှမ်းပြည်နယ်၊ တန့်ယန်းမြို့ရှိ KTV ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက တစ်လလျှင် ငွေကျပ် တစ်သိန်းရမည် ပြောဆိုစည်းရုံး၍ တရုတ်ယောကျ်ားထံ ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်များ ရယူခဲ့သဖြင့် အင်းစိန်မြို့မရဲစခန်း (ပ) ၁၈၆၀ / ၂၀၁၉၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ ဖြင့် အမှုရေးဖွင့်၍ မြောက်ပိုင်းခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ တရားခံ ဒေါ်မာချို (ခ) ဒေါ်ကျင်လှနှင့် မအေးအေးခိုင်တို့အား ဧပြီ ၈ ရက်တွင် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ အရ  အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်