အမျိုးသမီးလိဂ်တွင် အား/ကာသိပ္ပံ၊ မြဝတီ၊ YREO နှင့် ဂန္ဓမာအသင်း အနိုင်ရ

ရန်ကုန် ၁၈ မေ


၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၀) ကို မေ ၁၇၊ ၁၈ ရက်က ဆက်လက်ကျင်းပရာ အား/ကာသိပ္ပံ၊ မြဝတီ၊ YREO နှင့် ဂန္ဓမာအသင်းတို့ နိုင်ပွဲကိုယ်စီရရှိခဲ့ကြသည်။

ပွဲစဉ် (၁၀) တွင် အား/ကာသိပ္ပံက သစ္စာအားမာန်ကို တစ်ဂိုး-ဂိုးမရှိ၊ ဂန္ဓမာအသင်းက တက္ကသိုလ်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ လက်ရှိချန်ပီယံ မြဝတီအသင်းက ဇွဲကပင်အသင်းကို သုံးဂိုး-နှစ်ဂိုး၊ YREO အသင်းက အား/ကာဦးစီးဌာနအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

ဒုတိယနေရာတွင် အမှတ်တူဖြင့် အပြိုင်ဖြစ်နေသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး အား/ကာ သိပ္ပံအသင်းက နောက်ကျဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပထမအကျော့က သရေကျခဲ့သော်လည်း ယခုပွဲတွင် အနိုင်ရခဲ့သည့် အား/ကာသိပ္ပံအသင်းသည် ဒုတိယနေရာတွင် လွတ်လွတ်ကျွတ်ကျွတ် ရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံးမှ မြဝတီအသင်းကိုလည်း ဆက်လက်ဖိအားပေးနိုင်ခဲ့သည်။ သစ္စာအားမာန်အသင်းမှာမူ ဒုတိယမြောက်ရှုံးပွဲနှင့်အတူ ချန်ပီယံဆုအတွက် ဖိအားပိုများသွားခဲ့သည်။ နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင် အသုံးပြုခဲ့ပြီး အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးကို ၉၀+၁ မိနစ်တွင် ဇင်ဇင်နိုင်က သွင်းယူခဲ့သည်။ 

ဇယားအောက်ဆုံးမှ အသင်းနှစ်သင်း၏ အားပြိုင်မှုဖြစ်ပြီး ဂန္ဓမာအသင်းက အပြန်အလှန်သွင်းဂိုးများဖြင့် အနိုင်ရခဲ့သည်။ ဂန္ဒမာအသင်းသည် ဒုတိယမြောက်နိုင်ပွဲရခဲ့ပြီး တက္ကသိုလ်အသင်းမှာမူ ၁၀ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့သည်။ ဂန္ဓမာအသင်းအတွက် ၁၆ မိနစ်တွင် စုငယ်ထွေး၊ ၄၅ မိနစ်တွင် အိစန္ဓာဇော်၊ ၆၅ မိနစ်တွင် လာအယ်လ်ဝါက သွင်းယူပြီး တက္ကသိုလ်အသင်းအတွက် ဂိုးများကို ၆၁ မိနစ်တွင် အေးအေးသန့်၊ ၈၈ မိနစ်တွင် ဆုမြတ်နိုးတို့က သွင်းယူခဲ့သည်။ 

လက်ရှိချန်ပီယံ မြဝတီအသင်းသည် ဒုတိယအကျော့တွင် နိုင်ပွဲဆက်ခဲ့သော်လည်း ဇွဲကပင်အသင်း၏ ရုန်းကန်မှုကြောင့် ခက်ခက်ခဲခဲကစားခဲ့ရသည်။ ဇွဲကပင်အသင်းသည် နှစ်ကြိမ်တိုင် ဦးဆောင်ဂိုးများရသော်လည်း အနိုင်ရလဒ်ကို မထိန်းနိုင်၍ နိုင်ပွဲပျောက်ခဲ့ခြင်းဖြစ်သည်။ ဇွဲကပင်အသင်းအတွက် ဦးဆောင်ဂိုးများကို  ၅၆ မိနစ်တွင် စန်းသော်သော်၊ ၇၆ မိနစ်တွင် ဆုမြတ်နိုးတို့က  သွင်းယူပြီး မြဝတီအတွက် ချေပဂိုးများကို ၆၈ မိနစ်တွင် ခင်သန်းဝေ၊ ၈၁ မိနစ်တွင် ဝင်းသိဂီထွန်းတို့က သွင်းယူသည်။ မြဝတီအတွက် အနိုင်ဂိုးကို ၈၆ မိနစ်တွင် ခင်သန်းဝေက သွင်းယူခဲ့သည်။ 

လူငယ်လက်ရွေးစင် အများစုဖြင့် ဖွဲ့စည်းထားသည့် YREO အသင်းသည် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့သည်။ YREO အသင်းအတွက် အနိုင်ဂိုးများကို ၆ မိနစ်တွင် သဇင်အောင်၊ ၁၇ မိနစ်တွင် နွယ်နီဝင်းနှင့် ၆၈ မိနစ်တွင် ဖြူဖြူဝင်းတို့က သွင်းယူကာ အား/ကာဦးစီးဌာနအသင်းအတွက် ချေပဂိုးကို ၇၄ မိနစ်တွင် မိုးမိုးသန်းက သွင်းယူခဲ့သည်။

ပွဲစဉ် (၁၀) အပြီးတွင် မြဝတီအသင်းက ၂၈ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး အား/ကာသိပ္ပံအသင်းက ၂၅ မှတ်ဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသည်။

ရဲရင့်ရှိုင်း