အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် အား/ကာသိပ္ပံအသင်း ဗိုလ်စွဲ

ရန်ကုန် ၁၀ ဇွန်


၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၄) ၏ နောက်ဆုံးပွဲအဖြစ် ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ ကျင်းပရာ မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်းတို့ ဂိုးမရှိ သရေကျခဲ့သည်။ မြဝတီအသင်းသည် နောက်ဆုံးပွဲတွင် သရေသာကစားနိုင်သောကြောင့် အား/ကာသိပ္ပံအသင်းက ချန်ပီယံဆုကို ပထမဆုံး ရယူနိုင်ခဲ့သည်။

 

နှစ်ရာသီဆက်တိုက် ဗိုလ်စွဲထားသည့် မြဝတီအသင်းသည် ယခုပွဲတွင် ၂၄ ဂိုးနှင့်အထက် အနိုင်ရမှသာ ချန်ပီယံဆု ဆက်လက်ကာကွယ်နိုင်မည်ဖြစ်ပြီး သစ္စာအားမာန်အသင်း၏ ရုန်းကန်မှုကြောင့် အရှုံးအနိုင်မပေါ်ဘဲ သရေကျခဲ့ခြင်းဖြစ်သည်။ 

 

အမျိုးသမီးလိဂ်ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ပြီး အား/ကာသိပ္ပံအသင်းက ၃၇ မှတ်ဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး မြဝတီ အသင်းက ၃၅ မှတ်ဖြင့် ဒုတိယ၊ သစ္စာအားမာန်အသင်းက ၃၂ မှတ်ဖြင့် တတိယ၊ YREO အသင်းက ၂၂ မှတ်ဖြင့် စတုတ္ထ၊ အား/ကာဦးစီးဌာနအသင်းက ၁၇ မှတ်ဖြင့် အဆင့် (၅)၊ ဇွဲကပင်အသင်းက ၁၅ မှတ်ဖြင့်အဆင့် (၆)၊ ဂန္ဓမာအသင်းက ခြောက်မှတ်ဖြင့် အဆင့် (၇) ရခဲ့ပြီး တက္ကသိုလ် အသင်းမှာ ပွဲတိုင်းရှုံးပြီး ဇယားအောက်ဆုံး၌ ရပ်တည်ခဲ့သည်။ အမျိုးသမီးလိဂ်ပြိုင်ပွဲမှာ သုံးရာသီမြောက် ကျင်းပပြီးစီးသွားပြီး မြဝတီအသင်းက နှစ်ကြိမ်၊ အား/ကာသိပ္ပံအသင်းက တစ်ကြိမ် ဗိုလ်စွဲခဲ့သည်။

 

မြဝတီနှင့် သစ္စာအားမာန်အသင်းတို့ပွဲအပြီးတွင် ဆုချီးမြင့်ပွဲ ဆက်လက်ကျင်းပရာ တတိယဆုရ သစ္စာအားမာန်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၅၀၊ ဒုတိယဆုရ မြဝတီအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ဆုကြေးကျပ်သိန်း ၁၀ဝ၊ ပထမဆုရ အား/ကာသိပ္ပံအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုကြေးကျပ်သိန်း ၁၅၀နှင့် ချန်ပီယံဆုဖလားတို့ကို အာရှဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးလိဂ်ကော်မတီဥက္ကဋ္ဌ ဦးလှဌေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ AYA Bank ဒုဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြင့်ကြသည်။

 

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-ဖိုးသော်ဇင်