အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) တွင် ထိပ်ဆုံးနှစ်သင်း တွေ့ဆုံ

၂၀ မေ

 

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၁) ကို မေ  ၂၂၊ ၂၃  ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးနှစ်သင်း တွေ့ဆုံလျက်ရှိသည်။ ထိပ်ဆုံးမှ လက်ရှိချန်ပီယံ မြဝတီအသင်းနှင့် ဒုတိယနေရာမှ အား/ကာသိပ္ပံအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေခြင်းဖြစ်ပြီး ချန်ပီယံဆုအတွက် အဖြေတစ်ခုထုတ်ပေးနိုင်ဖွယ်ရှိနေသည်။

 

ပွဲစဉ် (၁၁) အဖြစ် မေ ၂၂ ရက်တွင် အောင်ဆန်းကွင်း၌ YREO အသင်းနှင့် ဂန္ဓမာအသင်း၊ တောင်ဒဂုံကွင်း၌ ဇွဲကပင်အသင်းနှင့် တက္ကသိုလ်အသင်း၊ မေ ၂၃ ရက်တွင် အောင်ဆန်းကွင်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းနှင့် သစ္စာအားမာန်အသင်း၊ တောင်ဒဂုံကွင်း၌ မြဝတီအသင်းနှင့် အား/ကာသိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ပွဲစဉ် (၁ဝ) အပြီးတွင် မြဝတီအသင်းက ၂၈ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး အား/ကာသိပ္ပံအသင်းက ၂၅ မှတ်၊ သစ္စာအားမာန်အသင်းက ၂၂ မှတ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနအသင်းက ၁၄ မှတ်၊ YREO အသင်းက ၁၃ မှတ်၊ ဇွဲကပင်အသင်းက ကိုးမှတ်၊ ဂန္ဓမာအသင်းက ခြောက်မှတ်ရထားပြီးတက္ကသိုလ်အသင်းက ၁၀ ပွဲစလုံး ရှုံးထားသည်။ သုံးမှတ်ကွာဟနေသည့် မြဝတီနှင့် အား/ကာသိပ္ပံအသင်းပွဲမှာ ချန်ပီယံဆုအတွက် အတိုင်းအတာတစ်ခုအထိ အဖြေပေါ်နိုင်ပြီး မြဝတီအသင်း အနိုင်ရပါက ခြောက်မှတ်အသာဖြင့်ချန်ပီယံဆုအတွက် သေချာသလောက်ဖြစ်သွားမည် ဖြစ်သည်။ 

 

အား/ကာသိပ္ပံအသင်း အနိုင်ရပါက အမှတ်တူသွားပြီး ဂိုးကွာခြားချက်အသာဖြင့် ထိပ်ဆုံးနေရာကို ရယူနိုင်မည်ဖြစ်သလို လက်ကျန်ပွဲများတွင်လည်း အသင်းကြီးများမရှိတော့သောကြောင့် ချန်ပီယံဆုအား ပထမဆုံးရယူနိုင်ရန် အခြေအနေကောင်းသွားမည်ဖြစ်သည်။ သရေကျပါက နောက်ဆုံးအချိန်ထိ စောင့်ကြည့်ရမည်ဖြစ်သည်။ ဒုတိယအကျော့တွင် ခြေစွမ်းတက်လာသည့် YREO အသင်းနှင့်ဇွဲကပင်အသင်းတို့၏ ခြေစွမ်းကြောင့် လက်ကျန်ပွဲများမှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။

 

သတင်း-ရဲရင့်ရှိုင်း