အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များယှဉ်ပြိုင် အာဆင်နယ်သရေကျပြီး ဂျူဗင်တပ်စ်အသင်း အနိုင်ရရှိခဲ့

အမျိုးသမီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှ ဂျူဗင်တပ်စ်နှင့် လိုင်ယွန်အသင်း၊ အာဆင်နယ်နှင့် ဝုဖ်ဘတ်အသင်းတို့ပွဲစဉ်ကို မတ် ၂၄ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ ဂျူဗင်တပ်စ်အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး အာဆင်နယ်နှင့် ဝုဖ်ဘတ်အသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီ သရေ ကျခဲ့သည်။

ဂျူဗင်တပ်စ်နှင့် လိုင်ယွန်အသင်းတို့ပွဲစဉ်တွင် လိုင်ယွန်အသင်းသည် ပွဲချိန် ရှစ်မိနစ်တွင် မာကာရီယို၏ ဂိုးဖြင့် ဦးဆောင် နိုင်ခဲ့သော်လည်း ချေပဂိုးနှင့် အနိုင်ဂိုးများ ပြန်လည်ခွင့်ပြုပေး ခဲ့ရသောကြောင့် ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် လိုင်ယွန်အသင်းမှ ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သူ ကာပင်တာသည် ပွဲချိန် ၆၂ မိနစ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရသောကြောင့် လက်ကျန်ပွဲချိန်များကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ ဂျူဗင်တပ်စ်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၇၁ မိနစ်တွင် ဂီရယ်လီက သွင်းယူပေးပြီး အနိုင်ဂိုးကို ပွဲချိန် ၈၃ မိနစ်တွင် ဘွန်ဖန်တီနီက သွင်းယူပေးခဲ့သည်။

အာဆင်နယ်နှင့် ဝုဖ်ဘတ်အသင်းတို့ပွဲစဉ်တွင် အာဆင်နယ်အသင်းသည် ပြိုင်ဘက်ကို ပွဲချိန် တစ်လျှောက် ဖိအားပေးကစားနိုင် ခဲ့သော်လည်း ပွဲချိန် ၁၉ မိနစ်တွင်  ဝက်စ်မုသ်၏ ဦးဆောင်ဂိုး ခွင့်ပြု ပေးခဲ့ရသည်။ အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ဝုဖ်ဘင်မို့က သွင်းယူပေး ခဲ့သည်။

အမျိုးသမီးချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို မတ် ၃၀ ရက်၊ ၃၁ ရက်တို့တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

အောင်ဇော်