အမျိုးသမီးခေါင်းဆောင်များနှင့် ကိုဗစ်-၁၉ အကျပ်အတည်း

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

ကိုဗစ်- ၁၉ ကပ်ရောဂါကြီးကို တစ်ကမ္ဘာလုံးက အပြင်းအထန်ခုခံကာကွယ်နေရချိန်တွင် နိုင်ငံနှစ်ခုက ထိုကပ်ရောဂါကြီးကို အောင်မြင်စွာတိုက်ထုတ်နိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။ နယူးဇီလန်နှင့် အိုက်စလန်နိုင်ငံတို့ ဖြစ်ကြသည်။ ထိုနိုင်ငံတို့ ၏ ခေါင်းဆောင်များသည် အမျိုးသမီးများဖြစ်ကြပါသည်။ ကိုဗစ် - ၁၉ ကပ်ရောဂါကြီးကို (ရောဂါပိုးစမ်းသပ်ခြင်း၊ ကာကွယ်ကုသခြင်း၊ သေဆုံးမှုအနည်းဆုံး ဖြစ်စေခြင်း) စသည့် အကောင်းဆုံးဆောင်ရွက်နေနိုင်သည့် ထိပ်တန်းနိုင်ငံ ၁၀ ခုတွင် ဂျာမနီ၊ ဖင်လန်၊ နော်ဝေ၊ ဒိန်းမတ်၊ အက်စ်တိုးနီးယားစသည့်နိုင်ငံတို့လည်း ပါဝင်နေပြီး ယင်းနိုင်ငံများတွင်လည်း အမျိုးသမီးခေါင်းဆောင်များဖြစ်နေသည်ကို တွေ့ရပါသည်။ အမေရိကနှင့် ဥရောပရှိ နိုင်ငံကြီးများက ကပ်ရောဂါကြီး ကို အပြင်းအထန်ခုခံနေရချိန်တွင် အမျိုးသမီးများခေါင်းဆောင်သည့် နိုင်ငံငယ်လေးများက စောစီးစွာ အောင်ပွဲခံပြလိုက်ခြင်းက စိတ်ဝင်စားဖွယ်ဖြစ်သည်။

 

ညဖ

နယူးဇီလန်နိုင်ငံ

၁၁-၅-၂၀၂၀ ရက်နေ့က နယူးဇီလန်နိုင်ငံ၏ဝန်ကြီးချုပ်ဖြစ်သူ ဂျာစင်ဒါ အာဒန်က ကိုဗစ်-၁၉ အပေါ် အောင် နိုင်လိုက်ပြီဖြစ်ကြောင်း ကြေညာခဲ့သည်။ တစ်နိုင်ငံ လုံးကညီညာစွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ခဲ့ရုံမက ရှင်းလင်းနိုင်ခဲ့ ပြီဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက်နေ့ ကတည်းက ကန့်သတ်ပိတ်ဆို့ထားမှုများကိုလည်း အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တစ်နိုင်ငံလုံးကို အသိပေး လိုက်ပါသည်။ ဝန်ကြီးချုပ်၏ ဦးဆောင်အောင်မြင်မှုသည် ကမ္ဘာ့အကျပ်အတည်းကြီးကို အံ့အားသင့်စရာ ကောင်း လောက်အောင် ကျော်ဖြတ်နိုင်ခြင်းအတွက် တစ်ကမ္ဘာလုံး က လေးစားယုံကြည်ဖွယ်ဖြစ်သွားစေခဲ့ပါသည်။ အထူး သဖြင့် အမျိုးသမီးခေါင်းဆောင်တို့၏ ဦးဆောင်နိုင်မှုကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်ပါသည်။ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒန်က Four-Level Alert System-Prepare, Reduce, Restrict, Eliminate “ပြင်ဆင်၊ လျှော့ချ၊ တင်းကျပ်၊ အပြတ်ချေမှုန်း”ဆိုသည့် ဆောင်ပုဒ်ကို လက်ကိုင်ထား ဆောင်ရွက်ခဲ့သည်။ ပထမ ဆုံးပိုးတွေ့လူနာမသေဆုံးခင် လေးရက်အလိုကတည်းက Lockdown ချထားလိုက်ပြီး ပြတ်သားစွာဆောင်ရွက် ခဲ့သဖြင့် ယခုကဲ့သို့အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါ သည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ ဇွန်လ ၂၅ ရက် နေ့အထိ ပိုးတွေ့လူနာ ၁၅၁၉ ဦး၊ သေဆုံးသူ ၂၂ ဦးရှိခဲ့ သည်။ ဝန်ကြီးချုပ် အာဒန်သည် နယူးဇီလန်နိုင်ငံ၏ အကျပ်အတည်းကာလမှာ ခေါင်းဆောင်ဖြစ်လာခဲ့သူ ဖြစ်သည်။ ၂၀၁၇ ခုနှစ်မှာ လူကြိုက်နည်းသော ပါတီခေါင်း ဆောင် နုတ်ထွက်သွားသဖြင့် အတိုက်အခံလေဘာပါတီ ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ထို့နောက် နှစ်လအတွင်း မှာပင် နှစ်ပေါင်း ၁၅ဝ အတွင်း နယူးဇီလန်နိုင်ငံ၏ အသက် ၃၉ နှစ်ရှိ အသက်အငယ်ဆုံးဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။

 

ြာန

ဂျာမနီနိုင်ငံ

အလားတူပင် ဂျာမနီနိုင်ငံခေါင်းဆောင်ဝန်ကြီးချုပ် အင်ဂျလာမာကယ်လ်ကလည်း ဥရောပတွင် ကိုဗစ်-၁၉ ကြောင့် အထိနာနေကြသော ဗြိတိန်၊ အီတလီ၊ စပိန်၊ ပြင်သစ်နိုင်ငံတို့ထက် အသေအပျောက်နည်းအောင် ဦးဆောင် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ထူးချွန်သော အမျိုးသမီးခေါင်းဆောင်တစ်ဦးအဖြစ် အသိအမှတ်ပြုခံခဲ့ရ ပါသည်။ ၎င်း၏ဆောင်ရွက်မှုများကို “The Good, the Bad and The Ugly” ဟူ၍ မီဒီယာ ORF(Odserver Research Foundation)မှ Amrita Narlikar ဆိုသူက ရေးထားသည်ကို တွေ့ရပါသည်။ ၎င်း၏ဆောင်ရွက်မှုများ တွင် ကောင်းတာရော၊ ဆိုးတာပါတွေ့ရသော်လည်း တကယ်တမ်း ကိုဗစ်ကြီးကို ကောင်းစွာထိန်းချုပ်နိုင်ခဲ့သည် ကိုတွေ့ရသောကြောင့် ဖြစ်သည်။ ဂျာမနီမှာ လူအသေ အပျောက်နည်းအောင် လုပ်နိုင်ခဲ့သည်။ စီးပွားရေးအရ အခြားနိုင်ငံများကဲ့သို့ အထိမနာအောင် လုပ်ပေးနိုင်ခဲ့ သည်။ နိုင်ငံရေးအရ ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ သည် အများထင်သလို မယိမ်းယိုင်သွားခဲ့။ ထိုသုံးချက် သည် မာကယ်လ်၏ ထူးခြားသောဆောင်ရွက်နိုင်မှု ဖြစ် သည်ဟု ဆိုသည်။ စပိန်မှာသေဆုံးသူ ၂၇၆၅၀၊ အီတလီမှာ ၃၁၇၆၃ ဦး၊ ယူကေနိုင်ငံတွင် ၃၄၄၆၆ ဦး၊ အမေရိကန် တွင် ၉၀၁၄၂ ဦး စသည်ဖြင့် သေဆုံးနေရချိန်တွင် ဂျာမနီ မှာ ၈၀၂၇ ဦးသာ သေဆုံးခဲ့သည်။ အစိုးရက စစ်ဆေးမှု များကို ကျယ်ပြန့်စွာ လုပ်ဆောင်ခဲ့ပြီး လူအများကလည်း လိုက်နာခဲ့သည်။ ဇန်နဝါရီလလယ်ကတည်းက ပိုးစစ် ဆေးမှုများလုပ်ခဲ့ပြီး ဖေဖော်ဝါရီလတွင် အရည်အသွေး မြင့် test kits များထုတ်လုပ်ကာ စစ်ဆေးခဲ့သည်။ ဥရောပ၏ ကိုဗစ်-၁၉ လှိုင်းလုံးကြီးထဲတွင် “German Exception is Medical Preparedness” ဂျာမန် တို့ လူးလှိမ့်ပါမသွားရခြင်းမှာ ဆေးပညာအရ ကြိုတင် ပြင်ဆင်မှု ကောင်းလွန်းခြင်းကြောင့်ဟု ဆိုသည်။

 

စု

ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံဝန်ကြီးချုပ် ဆင်နာမာရင်သည် အသက် ၃၄ နှစ်သာရှိသေးပြီး ဆိုရှယ်ဒီမိုကရက်တစ်ပါတီ ကို ဦးဆောင်ကာ အမျိုးသမီးများခေါင်းဆောင်သည့် နိုင်ငံရေးပါတီကြီးလေးခုနှင့် ပူးပေါင်းပြီး အစိုးရဖွဲ့နိုင်ခဲ့ ပါသည်။ လူဦးရေ ၅၅၂၈၇၃၄ ဦးရှိသည့် ဖင်လန်နိုင်ငံကို ကိုဗစ်- ၁၉ ကပ်ရောဂါကြီးတွင် အိမ်နီးချင်း ဆွီဒင်နိုင်ငံ ထက် လူသေနှုန်း ၁၀ ရာခိုင်နှုန်းလျော့အောင် ဆောင်ရွက် နိုင်ခဲ့သည်။

 

အစလ

အိုက်စလန်နိုင်ငံ

အိုက်စလန်နိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်သူ ကာထရင် ဂျာကော့ဗ်စ်ဒိုတာသည် အသက်(၄၄) နှစ်သာရှိသေးပြီး လူဦးရေ ၃၆၄၁၃၄ ဦးရှိသည့် သူ့နိုင်ငံကို ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံရမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက် နိုင်ခဲ့သဖြင့် အသိအမှတ်ပြုခံရသူ နိုင်ငံ့ခေါင်းဆောင် တစ်ဦးဖြစ်သည်။ ၎င်းသည် Left Green Party ကို ဦးဆောင်နေပြီး ၁၉-၂- ၂၀၂၀ ရက်နေ့က Council of Women Word leaders ကမ္ဘာ့အမျိုးသမီးခေါင်းဆောင် များ ကောင်စီတွင် အကြီးအကဲအဖြစ် ခန့်အပ်ခံရသူဟု လည်း သိရပါသည်။ ပိုးတွေ့သူ ၁၈၃၀၊ သေဆုံးသူ ၁၀ ဦး ရှိပြီး ရောဂါပိုးစတင်တွေ့ရှိချိန်မှာ ၂၈-၂-၂၀၂၀ ရက်နေ့ ဖြစ်ပြီး သုံးလနှင့် ရက်သတ္တလေးပတ်အကြာတွင် အောင်နိုင်ခဲ့သည်ဟု သိရသည်။

 

ိာ

ဒိန်းမတ်နိုင်ငံ

လူဦးရေ ၅ ဒသမ ၈ သန်းရှိ ဒိန်းမတ်နိုင်ငံ၏ ဝန်ကြီး ချုပ်မှာ အသက် ၄၂ နှစ်ရှိ မက်တီ ဖရီဒါရင်စကင် ဖြစ်သည်။ ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏အကြီးအကဲ ဖြစ်ပြီး အခြားပါတီကြီးငါးခု၏ ထောက်ခံမှုကိုလည်း ရရှိ ထားသူ ဖြစ်သည်။ ၎င်း၏အစိုးရအဖွဲ့တွင် ဝန်ကြီးနေရာ ၂၀ အနက် အမျိုးသမီးဝန်ကြီး ခုနစ်နေရာရှိပြီး အများစုမှာ ပျမ်းမျှအသက် ၄၁ နှစ် ဖြစ်သဖြင့် နုပျိုသောအစိုးရအဖွဲ့ Youthful Government ဟုဆိုကြသည်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၁၂၂၉၄ ဦး (၁၇-၆-၂၀၂၀ ရက်နေ့အထိ) ရှိပြီး သေဆုံးသူ ၅၉၈ ဦးရှိခဲ့သည်။ မတ်လ ၁၃ ရက်နေ့ ကတည်းက ကန့်သတ်ပိတ်ဆို့မှုပြုလုပ်ခဲ့ပြီး ဥရောပတွင် အရင်ဆုံး ကန့်သတ်ပိတ်ဆို့မှုပြုလုပ်သည့် နိုင်ငံများတွင် ပါဝင်ခဲ့သည်။ TTP ခေါ်ပိုးစစ်ဆေးခြင်း၊ ကုသခြင်း၊ ကာကွယ်ခြင်းများကို ကောင်းစွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် အောင်မြင်သည်ဟု အသိအမှတ်ပြုကြသည်။

 

ာသ

မြန်မာနိုင်ငံ

ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်ပြည်မှာ စဖြစ်နေပြီဆိုကတည်းက အချို့သော နိုင်ငံတို့က သတိမူ ပြင်ဆင်ခဲ့ကြသည်။ အချို့က ပေါ့ပေါ့တန်တန်သာ သဘောထားခဲ့ကြသည်။ မြန်မာနိုင်ငံကမူ ၄-၁-၂၀၂၀ ရက် နေ့ကတည်းက စတင်ပြင်ဆင်ခဲ့သည်။

ကိုဗစ်- ၁၉ သည် ကူးစက်မြန်ရောဂါတစ်ခုဖြစ်ပြီး ကမ္ဘာ့ကပ်ရောဂါတစ်ခုဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး(WHO) က ၁၁-၃-၂၀၂၀ ရက်နေ့တွင် ကြေညာခဲ့ပါ သည်။ ထိုရောဂါစတင်ဖြစ်ပွားရာ ၂၀၁၉ ခုနှစ်ကုန်ပိုင်း ကပင် မြန်မာနိုင်ငံရှိ တာဝန်ရှိသူများက သတိပြုလေ့လာ နေခဲ့ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၄-၁-၂၀၂၀ ရက်နေ့မှစကာ အလေးထားဆောင်ရွက်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ၊ တုံ့ပြန်နိုင်ရေး ဘက်စုံဆောင်ရွက်နိုင်ရန် ၁၃- ၃- ၂၀၂၀ ရက်နေ့က Corona Virus Disease 2019(COVID- 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့ပြီး အခြား လိုအပ်သော ကော်မတီအသီးသီးကိုလည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့သတိပြုအသင့်အနေအထား ဖြင့် နေခဲ့သော်လည်း ၂၃-၃-၂၀၂၀ ရက်နေ့တွင် ပိုးတွေ့ လူနာနှစ်ဦးကို စတင်တွေ့ရှိခဲ့ပါသည်။

ထို့ကြောင့် နိုင်ငံတွင်း ကပ်ရောဂါပိုးရှိနေပြီမှာ သေချာသွား ပြီဖြစ်ပါသည်။ ကူးစက်ခံရသူများအား စောစီးစွာရှာဖွေ ဖော်ထုတ်ကုသမှု ပေးနိုင်ရန်နှင့် ထိုသူတို့၏မိသားစုဝင်များ၊ မိတ်ဆွေများ၊ အနီးအနားရှိနေခဲ့သူများသာမက ပြည်သူ လူထုအတွင်းအထိ မကူးစက် မပျံ့နှံ့နိုင်စေရန်၊ ပြည်ပမှ ဝင်လာသူများ၊ အတည်ပြု ပိုးတွေ့လူနာနှင့် အနီးကပ် ထိတွေ့နေလာခဲ့သူများသည် ရောဂါလက္ခဏာမပြသေး သော်လည်း ရောဂါပိုးရှိနေ၊ သယ်ဆောင်နေနိုင်သူဖြစ်နိုင်သဖြင့် မပျံ့နှံ့စေရန် အသွားအလာကန့်သတ်စောင့် ကြည့်ရေးစင်တာတစ်ခုခုတွင် ၂၁ ရက် အသွားအလာ ကန့်သတ်ထားပြီး စောင့်ကြည့်ခဲ့သည်။ ထိုသွားလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများ၏ ဆောင်ရွက်မှု များကြောင့် ရောဂါပြန့်ပွားမှုကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်ခဲ့သည်ကို တွေ့နိုင်ပါသည်။ အမျိုးသား အဆင့်စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့ ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ၂၀၂ဝ ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့က သမ္မတရုံးအမိန့်ဖြင့် ဖွဲ့စည်းခဲ့သည်။ သွားလာကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင် တာဝန်ယူဆောင်ရွက်ကြမည့် စေတနာရှင်များ၏ “အား” ကို အထူးအသုံးချနိုင်ခဲ့သည်။ လက်ရှိအခြေအနေမှာ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းပေါင်း ၉၉၇၁ ခုရှိနေပြီး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းဝင်နေသူပေါင်း ၄၆၆၆၃ ဦးရှိနေကြောင်း သိရသည်။ စေတနာ့ဝန်ထမ်းအင်အားသည် လက်ရှိအချိန် အထိ ၄၅၂၁၃ ဦး ရှိနေပါသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး က ကပ်ရောဂါ ကြီးကို ခုခံကြရာတွင် “Local Epidemio-lpgy” မိမိတို့၏ မြေပြင်အခြေအနေအပေါ် မူတည်ပြီး ဆောင်ရွက်ကြပါဟု တိုက်တွန်းထားမှုကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် ငွေကြေး၊ နည်းပညာမကြွယ်ဝသော် လည်း ပြည်သူလူထု၏ စိတ်ဓာတ်အင်အားကြွယ်ဝသည် ကို နိုင်ငံသားတိုင်းသိကြသည်။ ထို့ကြောင့် “ပြည်သူသာ လျှင် အဓိက” ဆိုသည့် ဆောင်ပုဒ်ဖြင့် လူထုအားကို အလေးထား ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လူတိုင်း လိုက်နာဆောင်ရွက်နိုင်သော လက်ဆေးပါ၊ နှာခေါင်းစည်း တပ်ပါ၊ မကူးစက်နိုင်စေဖို့ ခပ်ခွာခွာ ခြောက်ပေခွာနေကြပါ၊ ရောဂါလှိုင်းတံပိုးကြီးထနေချိန် အပြင်မထွက်ကြပါနဲ့၊ ကိုယ့်အိမ်မှာပဲ နေကြပါ” ဟူ၍ ရိုးရှင်းသောနည်းကို ချပြဆောင်ရွက်ခဲ့သည်။ ပြည်ပမှ ပြန်ဝင်လာသူများကို အားရဝမ်းသာကြိုဆိုခဲ့သည်။ “အရေးကြုံနေချိန်မှာ ကိုယ့်အိမ်ရှင်က၊ မကြိုဆိုဘဲ နေရင်၊ ဘယ်သူကလက်ခံမှာ လဲ”ဆိုစကားနှင့်အညီ ပြန်လည် လက်ခံသလို ဝင်လာ သူများကို ခွဲခြားစောင့်ကြည့်ခဲ့သည်။ သံသယဖြစ်သူများကို ပိုးစစ်ဆေးခြင်း၊ ထိတွေ့သူများကို စစ်ဆေးခြင်း၊ ဆေး ကုသပေးခြင်းတို့အပြင် ပွင့်လင်းမြင်သာသော သတင်း ထုတ်ပြန်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက် ခဲ့သည်။

လူမှုကွန်ရက်မှတစ်ဆင့် လူထုနှင့် ဆက်သွယ်

မိမိကိုယ်တိုင်လည်း ဖေ့စ်ဘွတ်အကောင့်ဖွင့်ကာ လူထုနှင့် ဆက်သွယ်ခဲ့သည်။ ထိုမျှသာ မကသေးဘဲ ကပ်ရောဂါနှင့်ပတ်သက်သည့် နိုင်ငံတော်အဆင့်ပုဂ္ဂိုလ် များ၊ စေတနာ့ဝန်ထမ်းနှင့် ဒေသဆိုင်ရာအဖွဲ့အစည်း များစသည်တို့မှ ပုဂ္ဂိုလ်တို့နှင့်ပါ Video Conferencingများ လုပ်ကာ ဆွေးနွေးခဲ့ပါသည်။ ကျွမ်းကျင်သူပညာရှင် များ၏အကြံဉာဏ်ကိုလည်း လေးစားစွာ လက်တွေ့အသုံး ချ၊ ပြည်သူလူထု၏ယုံကြည်မှုကိုလည်း ပူးပေါင်းအသုံးချ ကာ ဆောင်ရွက်နိုင်သည်ကို တွေ့နိုင်ပါသည်။ ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်စဉ်နှင့် ပထမလှိုင်းကြီး ရိုက်ခတ်စဉ်က မြန်မာနိုင်ငံတွင် ပိုးတွေ့သူမရှိဟုဆိုသည်ကို မယုံကြသူ များရှိကြသည်။ ဖြစ်လျှင်လည်း ဒီနိုင်ငံကတော့ တော်တော် အထိနာမှာဟု သဘောထားကြသူများလည်း ရှိကြသည်။ ယခုမူ ပြည်သူ့အားကို အဓိကထား ရဲဝံ့ပြတ်သားစွာ ဦးဆောင်နိုင်ခဲ့သော ခေါင်းဆောင်ကြောင့် ထိရောက်သော အတိုင်းအတာတစ်ခုအထိ အောင်မြင်နေပြီဟု ဆိုနိုင်ပါ သည်။ ဇွန် ၃၀ ရက်အထိ ပိုးတွေ့သူပေါင်း၂၉၉ ဦး၊ ပြန်ကောင်းလာသူပေါင်း ၂၂၂ ဦး၊ သေဆုံးသူခြောက်ဦး၊ စောင့်ကြည့်ခံနေရသူ ၅၉၅၀ ဖြင့် အခြေအနေ ထိန်းထားနိုင်နေသည်ကို တွေ့နိုင်ပါသည်။

ထင်ရှားသော ကမ္ဘာကျော်နိုင်ငံရေးသိပ္ပံပညာရှင်၊ နိုင်ငံရေးဆိုင်ရာ စီးပွားရေးပညာရှင်၊ စာရေးဆရာ ဖရန့်စစ်ဖူကူယားမားက “ဒီကပ်အရေးကိုရင်ဆိုင်ရာမှာ ဘယ်လိုအစိုးရမျိုးဆိုတာက အဓိကမဟုတ်ပါဘူး။ နိုင်ငံ တော်ရဲ့ စွမ်းဆောင်ရည်ကသာ အဆုံးအဖြတ်ပေးပါတယ်။ အရေးကြီးဆုံးက ပြည်သူတွေက အစိုးရအပေါ်ယုံကြည်မှု ရှိဖို့ပဲဖြစ်ပါတယ်”ဟု ဆိုပါသည်။ အစိုးရတို့၏ ရွေးချယ် သော နည်းလမ်းမှန်ကန်မှု၊ မိမိတို့ရှိအရင်းအမြစ်များကို မှန်ကန်စွာ အသုံးချနိုင်မှု၊ အတွေ့အကြုံနှင့် ကျွမ်းကျင်မှု များကို အသုံးချနိုင်မှု၊ ခေါင်းဆောင်အပေါ် ပြည်သူ တို့က ယုံကြည်စိတ်ချမှုတို့ဖြင့် ပြင်းထန်သော အကျပ်အတည်းကို ရင်ဆိုင်ကြရမှာ ဖြစ်ပါသည်” ဟု ဆိုပါသည်။

အမျိုးသမီးတို့၏ အံ့ဖွယ်စွမ်းဆောင်ရည်

ကပ်ရောဂါကြီးစတင်ချိန်က နိုင်ငံကြီးအချို့၏ ခေါင်းဆောင်အချို့က သာမန်အအေးမိဖျားနာမှုမျိုး၊ မကြာခင်မှာ ကောင်းသွားမှာပါဟုသာ သဘောထားခဲ့ကြ သဖြင့် မထိန်းနိုင်၊ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ရသည်။ သို့သော် အမျိုးသမီးခေါင်းဆောင်အချို့တို့က ထူးခြားစွာစွမ်းဆောင် နိုင်ကြသည်။ အကျပ်အတည်းကာလများမှာ အမျိုးသမီး တို့က ပိုမိုစွမ်းဆောင်နိုင်လားဟု စဉ်းစားဖွယ် ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင် ကော်ပိုရေးရှင်းကြီး များ၏ အစုရှယ်ယာများ တည်ငြိမ်နေစဉ်တွင် အမျိုးသား များက ခေါင်းဆောင်နေရာယူထားလေ့ရှိကြပြီး ကျဆင်း နေချိန်တွင်မူ အမျိုးသမီးတို့ကို ဘုတ်အဖွဲ့ဝင်အဖြစ် ပါဝင် စေကာ ဦးဆောင်စေတတ်သည်ကို တွေ့ရသည်။ ယင်းကို glass cliff phenomenon ဟုခေါ်ကြောင်း သိရသည်။ နိုင်ငံရေးတွင်လည်း အလားတူဖြစ်စဉ်များ တွေ့ရလေ့ရှိ သည်။ အင်္ဂလန်နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း တစ်ခုဖြစ်သော “မကျေနပ်စရာ ဆောင်းရာသီ ပြဿနာ” Winter of Discontent (1978-79)တွင်၊ မာဂရက်သက်ချာ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် နေရာယူရပြီး မကြာမီ ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။ အလားတူပင် ၂၀၁၇ ခုနှစ်က နယူးဇီလန်နိုင်ငံတွင် လူကြိုက်နည်းသော ပါတီ ခေါင်းဆောင်နေရာတွင် အတိုက်အခံလေဘာပါတီ ခေါင်းဆောင်ဖြစ်လာသူ အာဒန်က ဝန်ကြီးချုပ်ဖြစ်လာခဲ့ သည်။ လေ့လာမှုများအရ အကျပ်အတည်းကာလအတွင်း ဖြေရှင်းနိုင်ခွင့်မရှိချိန်တို့တွင် အခြေအနေသစ်ကို ရင်ဆိုင်ဖို့ လမ်းသစ်ထွင်ချိန်တို့တွင် အမျိုးသမီးတို့ကို နေရာပေးလိုက် ခြင်းဖြင့် အခွင့်အလမ်းသစ်များ တွေ့လာနိုင်သော ကြောင့်ဖြစ်သည်ဟု သိရပါသည်။

ကမ္ဘာတစ်ဝန်း နိုင်ငံအကြီးအကဲများတွင် အမျိုးသမီး ခေါင်းဆောင် ၇ ရာခိုင်နှုန်းသာ ရှိပါသည်။ ကိုဗစ်-၁၉ အရေးရင်ဆိုင်ရာတွင် ခေါင်းဆောင်တို့၏ အရည်အချင်း များကို အကဲခတ်ခွင့်ရလာပါသည်။ အမျိုးသားကြီး နိုင်ငံကြီးတို့ အောင်မှတ်မရကြဘဲ အမျိုးသမီးခေါင်းဆောင် နှင့် နိုင်ငံငယ်တို့က အောင်မှတ်ရနေကြသည်ကို တွေ့နိုင် ပါသည်။

“ကြီးမားသော ကျောက်တောင်ကျောက်ခဲကြီးများကို ညင်သာသော ရေစီးကြောင်းဖြင့် တိုက်ဖျက်နိုင်သည်၊ ကြီးမားသောအခက်အခဲတို့ကို သိမ်မွေ့သော စိတ်ဆန္ဒ ဖြင့်သာ ကျော်ဖြတ်နိုင်သည်”ဆိုသော ဆိုရိုးနှင့်အညီ အမျိုးသမီးတို့၏ ပင်ကိုအရည်အသွေးများဖြစ်သော ကိုယ်ချင်းစာနာတတ်ခြင်း၊ သည်းခံတတ်ခြင်း၊ မေတ္တာ ကရုဏာထားတတ်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်တတ် ခြင်း၊ စိတ်ရှည်တတ်ခြင်း၊ အများ၏ယုံကြည်မှုရအောင် ဆောင်ရွက်တတ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ကြောင်း ယူဆကြပါသည်။

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားက “ဗုဒ္ဓ ဘာသာအမြင်ကကြည့်ရင် သက်ရှိအားလုံး အိုနာသေ ဘေးနဲ့ ကြုံရမှာပဲ၊ လူသားမှာ လောဘ၊ ဒေါသ၊ ကြောက် စိတ်တွေကို ထိန်းနိုင်စွမ်းရှိရမယ်၊ ပြဿနာကို အဖြေရ အောင်ကြည့်ရာမှာ လောဘ၊ ဒေါသ၊ ကြောက်စိတ်တွေနဲ့ မကြည့်သင့်ဘူး၊ အခုကပ်ဘေးမှာ၊ လူတစ်ဦးချင်းစီဟာ၊ လူသားအားလုံးနဲ့ ဆက်စပ်နေတယ်။ ကရုဏာ၊ စေတနာ စိတ်၊ အပြုအမူတွေ လိုအပ်တယ်။ လူတိုင်းကိုယ့်တာဝန် ကိုယ်ယူကြရမယ်၊ ကူညီကြရမယ်၊ ခေါင်းဆောင်တွေဟာ တည်ငြိမ်ကြရမယ်၊ တည်ငြိမ်မှုမှာ စွမ်းအားရှိတယ်” ဟု ဆုံးမစကားဆိုပါသည်။

အမျိုးသမီးတို့တွင် အရေးကြုံပါက ကြောက်စိတ်ကို ထိန်းနိုင်ကြပြီး လမ်းကြောင်းကို ဖော်ဆောင်တတ်ကြသည်။ အထူးသဖြင့် စိတ်တည်ငြိမ်တတ်သော အမျိုးသမီး ခေါင်းဆောင်တို့သည် မကြောက်မရွံ့ ဦးဆောင်နိုင်ကြ သည်ဟုဆိုပါသည်။ တည်ငြိမ်မှုတွင် အစွမ်းရှိသည် အမှန် ဖြစ်သည်။ “ခေါင်းဆောင်ကောင်းတစ်ယောက်၏ အရည် အချင်းကို အခက်အခဲများရင်ဆိုင်ရချိန်တွင် လေ့လာနိုင် သည်”ဟု လည်း ဆိုပါသည်။

ယခု ကိုဗစ်- ၁၉ အရေးတွင် အမျိုးသမီးခေါင်းဆောင် တို့၏ ဦးဆောင်မှုများသည်ကား ချီးကျူးထိုက်၊ လေးစား ထိုက်ဖွယ် အမှန်ဖြစ်တော့သည်။ ။