အမျိုးသမီး Compound မြားပစ်ပြိုင်ပွဲတွင် မြန်မာမြားပစ်အားကစားမယ် စုစုလှိုင် ရွှေတံဆိပ်ဆွတ်ခူး

(၁၉) ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်အားကစားပြိုင်ပွဲ၏ မြားပစ်ပြိုင်ပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစ၍ ဝဏ္ဏသိဒ္ဓိမြားပစ်ကွင်း၌ ကျင်းပရာ မြန်မာမြားပစ်အားကစားမယ် စုစုလှိုင် ရွှေတံဆိပ်ဆု ရခဲ့သည်။

 

ပြိုင်ပွဲဒုတိယနေ့တွင် Compound တစ်ဦးချင်း အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲကျင်းပခဲ့ပြီး စုစုလှိုင်က ရွှေဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ စုစုလှိုင်သည် ဘိုင်ရသောကြောင့် ကွာတားဖိုင်နယ်အဆင့်မှ စတင်ကစားရပြီး လှလှစံ (မြန်မာ) နှင့် တွေ့ဆုံရာ ၁၃၈-၁၃၇ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဆီမီးဖိုင်နယ်တွင် အီမန် (မလေးရှား) ကို ၁၃၆-၁၃၃ မှတ်ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတွင် ထိုင်းကစားသမား ကင်ရာဗီနှင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသည်။ အမှတ်များအပြန်အလှန်ယူပြီး စုစုလှိုင်က ၁၃၈-၁၃၇ မှတ်ဖြင့် တစ်မှတ်အသာရကာ ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အမျိုးသားပြိုင်ပွဲ ဗိုလ်လုပွဲတွင် မိုဟာမက် (မလေးရှား) က ရှာဝမ် (စင်ကာပူ) ကို အနိုင်ရကာ ရွှေတံဆိပ်ရခဲ့သည်။ ယင်းပြိုင်ပွဲတွင် မြန်မာကစားသမားများ ရလဒ်မကောင်းခဲ့ဘဲ ရှုံးထွက်အဆင့်မှ ထွက်ခဲ့ရသည်။ ယမန်နေ့က ကျင်းပသည့် Recurve အမျိုးသားပြိုင်ပွဲတွင် အင်ဒိုနီးရှားနှင့် အမျိုးသမီးပြိုင်ပွဲတွင် မလေးရှားကစားသမားတို့ ဗိုလ်စွဲခဲ့သည်။

 

မြားပစ်ပြိုင်ပွဲနောက်ဆုံးနေ့ကို ဒီဇင်ဘာ ၁၇ ရက်မှာ ဆက်လက်ကျင်းပမည်ဖြစ်ပြီး အသင်းလိုက်ပြိုင်ပွဲနှင့် Mix-Team ပြိုင်ပွဲ ကျင်းပမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-ကိုကိုစိုးညွန့်