အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ငွေရတုအထိမ်းအမှတ်ပွဲများ ကျင်းပမည်

အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် မိတ်ဆုံစားပွဲ၊ ဆရာကန်တော့ပွဲနှင့် ပန်းချီ၊ ပန်းပု၊ ဂီတ၊ သဘင်၊ ရုပ်ရှင်၊ အဆို၊ အတီး၊ အကတင်ဆက်ပွဲများကို လာမည့် ဒီဇင်ဘာ ၂၃ ရက်၊ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် သုံးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

တည်ထောင်

 

၁၉၉၃ ခုနှစ်က စတင်တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် (၂၅)ကြိမ်မြောက် ငွေရတုကာလကျရောက်၍ ငွေရတုအထိမ်းအမှတ် မဂ္ဂဇင်းကိုလည်း ထုတ်ဝေဖြန့်ချိထားပြီးဖြစ်သည်။

 

တပျော်တပါး

 

ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းတွင် ငွေရတုအထိမ်းအမှတ် အစီအစဉ် ဖွင့်လှစ်ပွဲများ စတင်မည်ဖြစ်ပြီး ၂၄ ရက်တွင် ဘွဲ့ယူပညာသင်နှစ်အလိုက်၊ အထူးပြုဘာသာရပ်များအလိုက် အာစရိယပူဇော်ပွဲများ ကျင်းပမည်ဖြစ်သည်။

 

အဆိုပါ ၂၄ ရက် ညပိုင်းတွင် ဂီတ၊ သဘင်၊ အဆို၊ အတီး၊ အက၊ စင်တင်ကပွဲနှင့် ငွေရတုအထိမ်းအမှတ် အငြိမ့်ပြဇာတ်များ စုပေါင်းတင်ဆက် ရန် စီစဉ်ထားသည်။ ဒီဇင်ဘာ ၂၅ ရက်(ခရစ္စမတ်နေ့)တွင် NUAC ကျောင်းသား ကျောင်းသူအဟောင်း၊ အသစ်များ ပျော်ပွဲရွှင်ပွဲနှင့် ငွေရတု အထိမ်းအမှတ်ပစ္စည်း ဈေးခင်းဈေးရောင်းပွဲများ တပျော်တပါး ဆင်နွှဲ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။

 

ဆက်သွယ်နိုင်

 

ရပ်ဝေးရပ်နီးမှ အရောက်လာကြမည့် ကျောင်းသားဟောင်းများအတွက် တက္ကသိုလ်ဝင်းအတွင်း၌ တည်းခိုနားနိုင်၊ ညအိပ်နိုင်ရန် လူဦးရေ ၂၀ဝ အတွက် စီစဉ်ထားရှိပေးမည်ဖြစ်ရာ နှစ်အလိုက် ကျောင်းသားကိုယ်စားလှယ်များထံ ကြိုတင်ဆက်သွယ်နိုင်ကြောင်း သက်ဆိုင်ရာက နှိုးဆော်ထားသည်။

 

ကြေးမုံ