အမျိုးသားရေးရာတန်ဖိုး၊ သမိုင်းတန်ဖိုးရှိနေမည့် မှတ်တမ်းများထားရှိရာ အမျိုးသားမော်ကွန်းတိုက်

ရန်ကုန် ၂ ဇွန်

 

 

စိုးမိုးအောက်မေ့မွေနှစ်သွန်း တို့ရဲ့မော်ကွန်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ  ယခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် နှစ် (၇၀) ပြည့် အပြည်ပြည်ဆိုင်ရာ မော်ကွန်း တိုက်များနေ့တွင်  စာတမ်းဖတ်ပွဲကျင်းပပြီး ကျောင်းသား လူငယ်များ မျိုးချစ်စိတ်ဓာတ် ထက်သန်စေရန် ရည်ရွယ်၍ ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဇွန်လ ၁ ရက်မှ ၁၄ ရက်အထိ အမျိုးသား မှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ရန်ကုန်နှင့် နေပြည်တော်ရှိ မော်ကွန်းတိုက်များတွင် နိုင်ငံ့အမွေအနှစ် အထောက်အထားမှတ်တမ်းများကို ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်းသိရှိရသည်။

 

 

 

 

 

သို့ဖြစ်၍ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်နှင့်စပ်လျဉ်းပြီး ပြည်သူများသိရှိနိုင်ရန် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်နှင့် သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြလိုက်ပါသည်။

 

 

 

 

မေး။ ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနရဲ့ အဓိကရည်မှန်းချက် တာဝန်တွေနဲ့ လက်ရှိဆောင်ရွက်ချက် တွေကို သိပါရစေ။ 

 

 

ဖြေ။ ။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနရဲ့ အဓိကရည်မှန်းချက် တာဝန်တွေကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရာမှာ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ရည်မှန်းချက်တွေ၊ အစီအစဉ်တွေချမှတ်ပြီး ဆောင်ရွက်နေပါတယ်။ 

 

 

အဓိကတာဝန်(၃)ရပ်ဖြစ်တဲ့ မှတ်တမ်းတွေ ရယူစုဆောင်းခြင်း၊ ရရှိလာတဲ့ မှတ်တမ်းတွေကို နည်းပညာတွေနဲ့ထိန်းသိမ်းခြင်းနဲ့ ပြည်သူလူထုအနေနဲ့ မှတ်တမ်း မော်ကွန်းတွေကိုအသုံးပြုပြီး ရည်ညွှန်းကိုးကားဖို့ အထောက်အကူပြုလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ ရယူစုဆောင်းခြင်းအနေနဲ့    ပြည်ထောင်စုဝန်ကြီးရုံးတွေ၊ အစိုးရ ဌာနတွေ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရဌာနတွေမှာ မှတ်တမ်းတွေ ရယူစုဆောင်းနေပါတယ်။ ထိန်းသိမ်းမှုအနေနဲ့ကတော့ စက္ကူမှတ်တမ်း conventional records တွေကို အပူချိန်၊ စိုထိုင်းဆတွေနဲ့ ထိန်းချုပ် ထားပါတယ်။ brittle fragile ဖြစ်စေမယ့် မှတ်တမ်းတွေကိုတော့ ပိုးသတ်ခြင်း၊   အက်ဆစ်ချွတ်ခြင်း၊ Tissue အသုံးပြုပြင်ဆင်ခြင်းနဲ့ Archival နည်းပညာနဲ့ချုပ်ခြင်းတွေ စီမံဆောင်ရွက် ထားပါတယ်။ အနာဂတ်အတွက် စီမံထားမှုကတော့ ကွန်ပျူတာစနစ်မထွန်းကားစဉ်မှာ မိုက်ခရိုဖလင် ရိုက်ကူးသိမ်းပြီး အခုတော့ ဒစ်ဂျစ်တယ်စနစ်နဲ့ ပြောင်းလဲသိမ်းဆည်းပါတယ်။            

 

 

ပြည်သူလူထုကို ဝန်ဆောင်မှုပေးရာမှာတော့ အစိုးရဌာနတွေ၊ ကျောင်းသား/ သူတွေ၊ တက္ကသိုလ်ဆရာ/ဆရာမတွေ၊ အထောက်အထားရှာဖွေလိုသူပြည်သူလူထုကို ဥပဒေနဲ့အညီဖတ်ရှုခွင့်၊ မိတ္တူကူးယူခွင့်လည်းပေးထားပါတယ်။   မော်ကွန်းတိုက်မှာတော့ holding list ကို ၁၉၉၉ ခုနှစ်က စပြီး database မှာရှာဖွေနိုင်ဖို့ စီစဉ်ထားပါတယ်။

 

 

မေး။ မော်ကွန်းတိုက်ထဲမှာ ဘယ်လိုအကြောင်းအရာတွေ သိမ်းဆည်းထားလဲဆိုတာ ရှင်းပြပေးပါ။

 

 

ဖြေ။ ။ ခေတ်အဆက်ဆက် အစိုးရတွေရဲ့ စီမံခန့်ခွဲအုပ်ချုပ်ပုံ၊  ချမှတ်ထားတဲ့မူဝါဒ၊ မူဝါဒကိုအကောင်အထည်ဖော်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ အရေးကြီးအစည်း အဝေးမှတ်တမ်းတွေ၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံကိန်း၊ စီမံချက်၊ ကိန်းဂဏန်းစာရင်းဇယား၊ ခေတ်အဆက်ဆက်ဆိုတဲ့အတိုင်း ဘုရင်ခေတ်ကနေ ဒီနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအထိ ခေတ်အလိုက် သိမ်းဆည်းထားပါတယ်။

 

 

ဘုရင်ခေတ်ကတော့ ကုန်းဘောင်မင်းဆက် ဒုတိယနောက်ဆုံးမင်းနဲ့ နောက်ဆုံး မင်းဆက်ဖြစ်တဲ့ မင်းတုန်းမင်း၊ သီပေါမင်းတိုရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ပုံမှတ်တမ်းတွေ သိမ်းဆည်းထားပါတယ်။ မင်းတုန်းမင်းလက်ထက်မှာဆိုရင် အောက်မြန်မာနိုင်ငံက  ကိုလိုနီပိုင်နယ်မြေဖြစ်ပြီး အထက်မြန်မာနိုင်ငံကို မင်းတုန်းမင်းပြီးတော့ သီပေါမင်း  အုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ 

 

 

အထူးသဖြင့်တော့ အောက်မြန်မာနိုင်ငံနဲ့ မြန်မာဘုရင်တို့ ဆက်သွယ်မှုစာ ပေးစာယူမှတ်တမ်းတွေဖြစ်ပါတယ်။ British Administration မှတ်တမ်းများစွာ သိမ်းဆည်းထားပါတယ်။ ဗြိတိသျှစီမံအုပ်ချုပ်ပုံမှတ်တမ်းစာတွဲပေါင်း (၃၇၀ဝ၀)ကျော် သိမ်းဆည်းထားပါတယ်။

 

 

 ဒါ့ပြင် ကိုလိုနီခေတ်ပြန်တမ်း၊ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေရဲ့ Gazetteer၊ Civil List ၊ Act ၊ Law ၊ Code ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းစည်းမျဉ်းစည်းကမ်းတွေ သိမ်းဆည်းထားရှိပါတယ်။ အဲ့ဒီနောက် ဂျပန်ခေတ်မှတ်တမ်းတွေ BDA, BIA ဖွဲ့စည်းမှု  လွတ်လပ်ရေးကြိုးပမ်းမှုကာလမှတ်တမ်းတွေ (ပင်လုံ၊ အောင်ဆန်း-အက်တလီ၊ နု-အက်တလီ၊ တိုင်းပြုပြည်ပြုလွှတ်တော်မှတ်တမ်း)၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီ ခေတ်မှတ်တမ်းတွေ၊ တော်လှန်ရေးကောင်စီခေတ်မှတ်တမ်းတွေ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှတ်တမ်းတွေ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ မှတ်တမ်းတွေ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီခေတ်မှတ်တမ်း တွေနဲ့ ဒီနေ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခေတ်မှတ်တမ်းတွေကို သိမ်းဆည်း ထားပါတယ်။ ထင်ရှားတဲ့မော်ကွန်းအထောက်အထားတွေကတော့ မဟာဗန္ဓုလပေစာ (၁၈၂၄)၊ ရန္တပိုစာချုပ်(၁၈၂၆)၊ မင်းတုန်းမင်းအမိန့်တော်ပြန်တမ်း(၁၈၅၅)၊ မြန်မာ-ဂျာမန် ချစ်ကြည်ရေးစာချုပ်(၁၈၈၅)၊ ဂျပန်ခေတ် ရွှေရည်စိမ်လွတ်လပ်ရေး ကြေညာစာတမ်း (၁၉၄၃)၊အောင်ဆန်း-အက်တလီစာချုပ်(၁၉၄၇)၊ ပင်လုံစာချုပ်(၁၉၄၇)၊ နု-အက်တလီ စာချုပ်(၁၉၄၇)နဲ့ လွတ်လပ်ရေးကြေညာစာတမ်းတို့ ဖြစ်ပါတယ်။

 

 

မေး။ ။နိုင်ငံတော်နဲ့ပြည်သူ့အတွက် ဒီမော်ကွန်းတိုက်တွေဟာ ဘယ်လောက်ထိအရေးပါ သလဲ၊ ဘာကြောင့်အရေးပါသလဲဆိုတာ ကိုလဲပြောပြပေးပါ။

 

 

ဖြေ။ ။   နိုင်ငံတစ်နိုင်ငံသတ်မှတ်မယ်ဆိုရင် ဒီနိုင်ငံမှာတိကျတဲ့ နယ်နိမိတ်ရှိရမယ်၊ အချုပ်အခြာအာဏာရှိရမယ်၊ ခေါင်းဆောင်ရှိရမယ်၊ နိုင်ငံသားတွေရှိရမယ်၊ နိုင်ငံတော် တံဆိပ်၊ အလံတို့နဲ့အတူဘာသာစကား၊ စာပေရှိပါရမယ်။ မော်ကွန်းတိုက်မှာ ထိန်းသိမ်း ထားတဲ့ စာပေအဖြစ်မှတ်တမ်းတင်ထားတဲ့မှတ်တမ်း၊ မော်ကွန်းတွေမှာ စောစောက ဖော်ပြခဲ့တဲ့ ကိုလိုနီခေတ်မှတ်တမ်းမော်ကွန်းတွေဟာဆိုရင် နှစ်(၂၀ဝ)လောက်က အထောက် အထားတွေဖြစ်တဲ့အတွက် မော်ကွန်းတိုက်သာမရှိခဲ့ရင် ဒီအထောက်အထား တွေကို ဘယ်မှာမှရှာဖွေလို့ မရနိုင်တော့ပါဘူး။ ဒီအထောက်အထားတွေဟာ နိုင်ငံတော်ရဲ့ သမိုင်းလည်းဖြစ်တယ်၊ မှတ်တမ်း အမွေအနှစ် တွေလဲဖြစ်တယ်၊ နောင်လာနောင်သား တွေအတွက် လုပ်ငန်းဆောင်ရွက်ရာမှာ အထောက်အထားအဖြစ် လည်းအသုံးပြုနိုင် တယ်၊ ဥပမာဆိုရင် ပါလီမန်ဒီမိုကရေစီ ခေတ်က ပထမအကြိမ် လွှတ်တော်ရှိခဲ့တယ်၊ အခုပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ခေတ်လွှတ်တော်မှာလည်းပထမအကြိမ် လွှတ်တော်မှတ်တမ်းတွေကို  ကိုးကားအသုံးချနိုင်ခဲ့တယ်၊ ၂၀ဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်ပေါ်လာဖို့အတွက် အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်မှာရှိတဲ့ ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို နမူနာယူ ပြီးကိုးကား အသုံးပြုခဲ့ကြပါတယ်၊  မှတ်တမ်းမော်ကွန်းတွေသာမရရင် ကိုးကားနိုင်မှာ မဟုတ်ပါဘူး။ ကိုးကားနိုင်မှသာလျှင် နိုင်ငံတော်အတွက် ကောင်းမွန်တဲ့စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ် ရေးစနစ်တွေဖြစ်ပေါ်လာမှာဖြစ် ပါတယ်။ ဒီကောင်းမွန်တဲ့ရလဒ်တွေကို ပြည်သူလူထုက အကျိုးခံစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

 

 

မေး။ ။ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေနဲ့ မော်ကွန်းတိုက်ထဲမှာ သိမ်းဆည်း ထားတဲ့ မှတ်တမ်း၊မော်ကွန်းတွေကို ဘယ်လိုနည်းစနစ်တွေနဲ့ သိမ်းဆည်းထား လဲ။ ဒီလို ထိန်းသိမ်း ထားမှုအပေါ်မှာရော ပြည်ပနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ  ကိုပြောပြပေးပါ။

 

 

ဖြေ။ ။ မော်ကွန်းတိုက်ဦးစီးဌာနအနေနဲ့ လုပ်ငန်းတွေဆောင်ရွက်ရာမှာ ICA၊ SARBICA အဖွဲ့တွေရဲ့ လုပ်ထုံးလုပ်နည်းစနစ်တွေနဲ့အညီ ဆောင်ရွက်နေပါတယ်။ ရရှိလာတဲ့ မှတ်တမ်းမော်ကွန်းတွေကိုအနာဂတ်အတွက် ရေရှည်သိမ်းဆည်းနိုင်ဖို့၊ သဘာဝဘေး အန္တရာယ်အတွက်လည်းလုံခြုံမှုရှိစေဖို့ နည်းပညာအမျိုးမျိုးနဲ့ ထိန်းသိမ်းတဲ့  လုပ်ငန်း တွေကိုဆောင်ရွက်နေပါတယ်။ သဘာဝဘေးအန္တရာယ်အတွက် စီမံထားမှုကတော့ မော်ကွန်းတိုက်မှာရှိတဲ့မှတ်တမ်း အထောက်အထားတွေကို မိတ္တူမှန်အဖြစ် ပုံပွား မိတ္တူတွေကူးယူပြီး ရန်ကုန်(ရုံးခွဲ)မှာ တစ်စုံ၊နေပြည်တော် (ရုံးချုပ်)မှာ တစ်စုံစီ သိမ်းဆည်းထားရှိပါတယ်။ ထိန်းသိမ်းမှု   အနေနဲ့ကတော့ စက္ကူမှတ်တမ်း conventional records တွေကိုအပူချိန်၊ စိုထိုင်းဆတွေနဲ့ ထိန်းချုပ်ထားပါတယ်။  

 

 

မော်ကွန်းတိုက်တည်ထောင် ပြီးခါစ (၁၀)နှစ်အကြာ ၁၉၈၂ ခုနှစ်မှာတော့ Strengthening of National Archives အစီအစဉ်နဲ့ UNDP က နည်းပညာနဲ့ လိုအပ်တဲ့ စက်ပစ္စည်းတွေအထောက်အပံ့ပေးခဲ့တယ်။ နည်းပညာအနေနဲ့ကတော့ အနောက်နိုင်ငံ တွေက မော်ကွန်းပညာရှင်တွေဆီမှာ မော်ကွန်းတိုက်ဝန်ထမ်းတွေကိုမှတ်တမ်း၊ မော်ကွန်း စီမံခန့်ခွဲမှု ပညာကိုသင်ယူစေခဲ့တယ်။ 

 

 

ဒါ့ပြင် နိုင်ငံခြားတိုင်းပြည်မော်ကွန်းတိုက်တွေကို လည်းသွားရောက်လေ့လာ သင်ယူ စေခဲ့တယ်။ စက်ပစ္စည်းအနေနဲ့ကတော့ မိတ္တူကူးစက်၊ မိုက်ကရိုဖလင်ကင်မရာ၊ မိုက်ကရိုဖေ့စ်ကင်မရာ၊ မိုက်ကရိုဖလင်တွေနဲ့ Paper Conservation ဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တယ်။ ဒီပရောဂျက်ဟာ ၁၉၈၈ မှာပြီးဆုံးသွား ခဲ့တယ်။   ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကိုနိုင်ငံတကာမော်ကွန်းတိုက်တွေနဲ့ ညီညွတ် မှုရှိစေဖို့ ICA၊ SARBICA တို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ပူးပေါင်းဆောင်ရွက် မှုအနေနဲ့ ICA က ထုတ်ဝေတဲ့စာအုပ်၊ စာစောင်တွေနဲ့ ညီလာခံမှတ်တမ်းတွေမှာ  နည်းပညာတွေနဲ့ SARBICA အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက်ကြောင့် နှစ်စဉ်အစည်းအဝေး တွေမှာ အတွေ့အကြုံနှင့် အသိပညာတွေကို  မော်ကွန်းတိုက်မှာ ပြန်လည် အသုံးချနေခြင်း သာဖြစ်ပါတယ်။ ဥပမာပြောရရင် ထိမ်းသိမ်းမှုစနစ်နဲ့ ပတ်သက်ပြီး ဒစ်ဂျစ်တယ်ခေတ်က ရောက်နေတဲ့အတွက် software changes တွေ hardware obsolescence ဖြစ်မှုတွေ အမြဲကြုံတွေ့ ရမှာဖြစ်တဲ့အတွက် နိုင်ငံတကာမှာ ဒစ်ဂျစ်တယ်ထိန်းသိမ်းနည်းကိုဘယ်လို ဆောင်ရွက် နေသလဲဆိုတာကိုမျက် ခြေမပျတ် စောင့်ကြည့်ပြီး လေ့လာ ဆည်းပူးစံနမူနာ ယူပြီးပူးပေါင်းဆောင်ရွက်နေပါတယ်။   

 

မေး။ ။ နိုင်ငံတော်အတွက်၊ ပြည်သူတွေအတွက်  တစ်ဖက်တစ်လမ်းကနေ ဝန်ဆောင်မှု ပေးနေတဲ့အခါ ပြည်သူတွေအနေနဲ့ ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိမလဲ ဆိုတာသိပါရစေ။

 

 

ဖြေ။ ။ ပြည်သူတွေအတွက်ကတော့ သုတေသနဆောင်ရွက်လိုသူ၊ ကျမ်းပြုစုလိုသူ ကျောင်းသား/သူ၊ ဆရာ/ဆရာမတွေနဲ့ ပြည်သူလူထုအတွက် ခေတ်အဆက်ဆက် နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ စီပွားရေး၊ လူမှုရေး၊ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေးစတဲ့ အထောက် အထားတွေကို ပံ့ပိုးပေးနိုင်တဲ့အတွက် ခေတ်စနစ်တွေကိုနှိုင်းယှဉ်မှု စာတမ်းတွေပြုစုနိုင် တယ်၊ အစိုးရဌာနတွေအတွက်ကတော့ လိုအပ်တဲ့ အထောက်အထားတွေဖြစ်တဲ့ အမိန့်ကြော်ငြာစာတွေ၊ ဌာနတွေရဲ့ဖွဲ့စည်းပုံတွေ၊ အရေးကြီးအစည်း အဝေးမှတ်တမ်း တွေ၊ ဥပဒေတွေ၊ နည်းဥပဒေတွေကိုလာရောက်ရှာဖွေ ရယူနိုင်ခဲ့ကြပါတယ်။ 

 

 

အစိုးရဝန်ထမ်းတစ်ဦးတစ်ယောက်အနေနဲ့ပင်စင်အတွက် သူတို့ရဲ့ ဌာနကူးပြောင်း ခြင်း အထောက်အထား၊ လုပ်သက်ဆက်နိုင်ဖို့အတွက် ကူညီပေးနိုင်ခဲ့တယ်။ ပြည်သူ လူထုအတွက်ဆိုရင်တော့ ဘိုးဘွားပိုင်မြေပိုင်ဆိုင်မှု အထောက်အထားတွေ၊ အမွေဆက်ခံ မှုနဲ့ပတ်သက်ပြီး တရားရုံးသက်သေပြနိုင်ဖို့ လာရောက်ရှာဖွေရာမှာလည်းပံ့ပိုးပေး နိုင်ခဲ့ ပါတယ်။ ဒီအထောက်အထားတွေကိုတော့ နိုင်ငံတော်ပြန်တမ်းနဲ့သတင်းစာတွေထိန်း သိမ်းထားရှိတဲ့အတွက် ပံ့ပိုးနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုမျိုး အကျိုးကျေးဇူးတွေ ရရှိနိုင်တဲ့ အတွက် ပြည်သူလူထုအနေနဲ့လည်း ပူးပေါင်းဆောင်ရွက် သင့်ပါတယ်။ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်မလဲဆိုရင်  အစိုးရဌာနတွေ ဆောင်ရွက်ပြီး ကိစ္စမှတ်တမ်းတွေ၊ စာချုပ်စာတမ်းတွေ၊ မြေပုံ၊ အဆောက်အဦပုံစံတွေကို လွှဲပြောင်းပေး သင့်တယ်။ ပြည်သူလူထုအနေနဲ့   မိမိတို့လက်ဝယ်ရှိမှတ်တမ်း အထောက်အထားတွေကို လှူဒါန်း လိုရင် လှူဒါန်းခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။

 

 

မေး။ ။  မော်ကွန်းတိုက်တွေ ဖွင့်လှစ်ထိန်းသိမ်းထားမှုနဲ့ပတ်သက်လို့ အားနည်းချက် အားသာချက်တွေကိုလည်းပြောပြပေးပါ။

 

 

ဖြေ။ ။အားသာချက်အနေနဲ့ ခေတ်အဆက်ဆက်အစိုးရမူဝါဒ၊ မူဝါဒကိုအကောင် အထည်ဖော်တဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို ချမှတ်ခဲ့တဲ့ ဥပဒေတွေ၊ စည်းမျဉ်း စည်းကမ်းတွေ၊ တရားစီရင်ရေးတွေ၊ အရေးကြီးအစည်းအဝေး မှတ်တမ်းတွေ၊ စီမံကိန်းတွေ၊ စီမံချက်တွေစတဲ့ မှတ်တမ်းမော်ကွန်းတွေ သိမ်းဆည်းနိုင်တဲ့အတွက် နိုင်ငံတော်အတွက်အရေးကြီးတဲ့ သမိုင်းတန်ဖိုးရှိမှတ်တမ်း အမွေအနှစ်တွေကို တစ်စုတစ်စည်းထဲတည်ရှိနေစေပြီး နိုင်ငံတော်ရဲ့ ရတနာသိုက်လို့ တင်စားခေါ်ဆိုနိုင် ပါတယ်။ 

 

 

အားနည်းချက်အနေနဲ့ အမျိုးသားမှတ်တမ်းနဲ့ မော်ကွန်းတိုက်ကို လူသိနည်းတဲ့ အတွက် မှတ်တမ်းတွေရယူစုဆောင်းတဲ့ နေရာမှာအားနည်းနေတာ ပဲဖြစ်ပါတယ်။ မော်ကွန်းပညာရပ်နဲ့ ပတ်သက်ပြီးမျိုးဆက်ပြတ်လပ်မှုဖြစ်နေပါတယ်။ မော်ကွန်းတိုက်က ဝန်ထမ်းတွေဟာဆိုရင် မော်ကွန်းပညာရပ်နဲ့ ပတ်သက်ပြီး ဘွဲ့ရရှိပြီးသူတစ် ယောက်မှ မရှိသေးပါဘူး။ ဒါကြောင့်  ဝန်ထမ်းများကို စွမ်းဆောင်ရည်မြှင့်တင်ပေးဖို့ လိုအပ်ပါတယ်။ 

 

 

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနကိုအုပ်ချုပ်ရေးစနစ်သစ်ဖော်ထုတ်ရေးအစီအစဉ်အရ ၁၉၇၂ ခုနှစ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်၌ အတွင်း ဝန်များရုံးစာကြည့်တိုက်အနေဖြင့် ဝန်ထမ်း(၃၄)ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး နိုင်ငံတော် ၏  အရေးပါသောမှတ်တမ်းအမွေအနှစ်၊ သမိုင်းကြောင်း အထောက်အထားများ တစ်စု တစ်စည်းတည်း တည်ရှိစေကာ မပျောက်ပျက်စေရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ 

 

                                                              

မွှေးကြူဇင် (သတင်းစဉ်)

ဓာတ်ပုံ-  ကျော်ရဲဆွေ