အမျိုးသားရေးမို့ အလေးထားလိုက်နာ

အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ covID -19 ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က မတ်လ ၁၁ ရက်နေ့ညတွင် တရားဝင်အတည်ပြုကြေညာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဇန်နဝါရီလ ၃၀ ရက်နေ့က ဖွဲ့စည်းခဲ့သည့် COVID-19 ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီကို အမျိုးသားအဆင့်ဗဟိုကော်မတီအဖြစ် မတ်လ ၁၃ ရက်နေ့၌ တိုးမြှင့်ဖွဲ့စည်းခဲ့သည်။

ထိုနေ့တွင် နိုင်ငံတော်သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက်ထုတ်ပြန်၍ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါcovID-19 သည်လူစုလူဝေးများပြားရာ နေရာများတွင် လျင်မြန်စွာကူးစက်နိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် လူစုလူဝေးဖြင့်ကျင်းပသော အခမ်းအနားများ၊ ပွဲလမ်းသဘင်များ (မြန်မာ့ ရိုးရာသင်္ကြန်ပွဲတော်အတွက် မဏ္ဍပ်ဆောက်လုပ်ပြီး ကျင်းပခြင်းအပါအဝင်) မပြုလုပ်ကြရန်နှင့် ထိုသို့အခမ်းအနားများ၊ ပွဲလမ်းသဘင်များကို မတ်လ ၁၃ ၂ ရက်နေ့မှစ၍ ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရေးကို သက်ဆိုင်ရာဌာနများသို့ ညွှန်ကြားထားပြီး လိုအပ်ပါက ရပ်ဆိုင်းကာလကို ထပ်မံတိုးမြှင့်သတ်မှတ်သွားမည်ဖြစ်ကြောင်း အသိပေး ထားသည်။ နိုင်ငံတော်အစိုးရက ဤသို့ အသိပေးပြီးနောက် လူစုလူဝေးဖြင့် ပြုလုပ်သော ဌာနဆိုင်ရာအဖွဲ့အစည်းများ၏ ဆောင်ရွက်ဆဲအခမ်းအနားများ၊ ပွဲလမ်းများအား ရပ်ဆိုင်းလိုက်သည်ကို တွေ့ရသည်။ သို့သော် အချို့ အချို့သော ပွဲလမ်းသဘင်အခမ်းအနားများ၊ ပုဂ္ဂလိကပိုင်းဆိုင်ရာပွဲနှင့် သင်တန်း အချို့ကို ဆက်လက်ပြုလုပ်နေသည်ကိုတွေ့ရှိရာ ဆိုင်ရာတို့က ရပ်ဆိုင်းကြရန် အသိပေးလျက်ရှိသည်။ အမျိုးသားအကျိုးစီးပွားသည်လူနည်းစုအကျိုးစီးပွားထက် ပြည်သူအားလုံး၏အကျိုးစီးပွားကို အလေးထားရမည်ဖြစ်၍ ယနေ့ အချိန်အခါတွင် မိမိတို့အကျိုးစီးပွားအတွက် သည်းခံကြရမည်ဖြစ်သည်။

ဤအရေးသည်ပြည်သူလူထုတစ်ရပ်လုံးအတွက် အလွန်အရေးကြီးသော အရေးကိစ္စဖြစ်ပြီး နိုင်ငံတော်အစိုးရက အမျိုးသားအဆင့်သတ်မှတ်ကာ အလေးအနက်ထား၍ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်နေသည်။ ပြည်သူတို့အနေဖြင့်လည်း တစ်မျိုးသားလုံးအရေးဖြစ်၍ နိုင်ငံတော်အစိုးရက အသိပေးထားသည့်အတိုင်း လူတိုင်းလူတိုင်း မဖြစ်မနေလိုက်နာဆောင်ရွက် ကြရမည်ဖြစ်သည်။ အမျိုးသားရေးဆိုသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ အားဖြင့် လူတိုင်းပါဝင်ဆောင်ရွက်ရမည့် အရေးကိစ္စဖြစ်သည်ကို အလေးအနက်ထားရန် လိုအပ်ပါသည်။

အခြေခံပြည်သူလူထုအများစုတို့အနေဖြင့် တစ်နေ့လုပ်မှတစ်နေ့စား ရသည်ကို နားလည်ထားကြပါသည်။ သို့သော် လတ်တလောတွင် ကျန်းမာရေးဌာနမှ လမ်းညွှန်ထားသောအချက်များကို အလေးထားလိုက်နာ လုပ်ကိုင်ရမည်ဖြစ်သည်။ လူစုလူဝေးများ၊ ပွဲလမ်းသဘင်များအား တတ်နိုင် သမျှမကျင်းပရန် ဆော်ဩနေသည်မှာလည်း ဤနေရာများသည် ရောဂါ ကူးစက်ပြန့်ပွားရန် အလားအလာအလွန်များစေနိုင်သဖြင့် မဖြစ်မီက ကြိုတင်ကာကွယ်သောအားဖြင့် ပြည်သူများနှင့် အဖွဲ့ အစည်းများအား ပန်ကြားနေခြင်းဖြစ်သည်။

လူစုလူဝေးများ၊ ထိတွေ့ခြင်းများကို ရှောင်ရှားထားပါမှ ရောဂါ လက္ခဏာများ စတင်တွေ့ရှိလာပါက အချိန်နှင့်တစ်ပြေးညီ ချက်ချင်းကုသ ပေးနိုင်သဖြင့် မိမိတို့ပြည်သူများအသက်ဆုံးရှုံးနိုင်ခြေ နည်းပါးစေသည့်အပြင် မိမိတို့နှင့်နီးစပ်သည့် မိသားစုနှင့်ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများထံ ရောဂါကူးစက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနမှ တရားဝင်ထုတ်ပြန်ချက်များကိုသာ အလေးထား သိမှတ်ကြပြီး ကောလာဟလသတင်းမှားများကို မယုံစားကြရန်နှင့် မိမိတို့ အနေဖြင့်လည်း ဖြန့်ဝေခြင်းမပြုကြရန် မေတ္တာရပ်ခံပါသည်။ သတင်းမှား များကို ဆက်လက်ဖြန့်ဝေပါက ဥပဒေအရအရေးယူခံရနိုင်သည်ကို သတိချပ် ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ယခုအရေးသည် တစ်မျိုးသားလုံးအရေး၊ တစ်ကမ္ဘာလုံးအရေး ဖြစ်၍ ပေါ့ပေါ့ဆဆ နေထိုင်ပြုမူလုပ်ကိုင်ခြင်းမပြုလုပ်ဘဲ မဖြစ်မီကကြိုတင် ကာကွယ်တားဆီးမှုများ၊ တိကျစွာလိုက်နာဆောင်ရွက်မှုများကို အမျိုးသားရေး အသိဖြင့် အလေးထား လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

 

khs