အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲရေးအတွက် တိုင်းရင်းသားပညာရေးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၁ ဒီဇင်ဘာ

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် တိုင်းရင်းသားပညာရေးနှင့် သက်ဆိုင်သောပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများကို ၂၀၁၆ ခုနှစ် ဧပြီလမှစတင်၍ အမျိုးသားပညာ ရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) အပေါ် အခြေခံကာ ဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၉၂ ခုနှစ် ပညာရေးကဏ္ဍလေ့လာသုံးသပ်ချက်၊ ဘက်စုံလွမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး လုပ်ငန်း (The Comprehensive Education Sector Review – CESR) ၏ Rapid Assessment နှင့်    In-depth Study တို့၏ တွေ့ရှိချက်၊ အကြံပြုချက်များနှင့် သုတေသနအကြံပြုချက်များအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြသည့် ပြည်ထောင်စုကြီးဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြီးဖြစ်သည့်အတွက် ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲမှုများကို အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းရေးဆွဲရာတွင် ပညာရေးဝန်ကြီးဌာန၏ မူဝါဒများဖြစ်သည့် မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေး၊ မည်သည့်ခွဲခြားမူမျှမရှိရေး၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားလာမှုနှင့်အတူ မည်သူတစ်ဦးတစ်ယောက်မျှ သင်ယူမှုမဆုံးရှုံးစေရေးကို အခြေခံ၍ တိုင်းရင်းသားဒေသများတွင် အောင်မြင်မှုများ အပြည့်အဝရရှိသည်ဟု မဆိုလိုသော်လည်း ဆရာ၊ ဆရာမများ၊ ကျောင်းများ၊ စာကြည့်တိုက်များ၊ သန့်စင်ခန်းများ၊ သောက်ရေသုံးရေများ၊ ဝန်ထမ်းအိမ်ရာများကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးခဲ့ပါကြောင်း၊ ယင်းသို့ ဖြည့်ဆည်းပေးသော်လည်း အားလုံးကျေနပ်မှုရှိအောင် အပြည့်အဝ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ သို့သော်လည်း ယင်းသို့ဖြည့်ဆည်းပေးရာတွင် တိုင်းရင်းသားဒေသများကို ဦးစားပေး၍ ဖြည့်ဆည်းပေးခဲ့ပါကြောင်း။

အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အရည်အသွေးရှိသည့် ပညာရေးကို ဦးတည်၍ဆောင်ရွက်ပါကြောင်း၊ ပညာရေးကဏ္ဍမှာ နှစ်ပေါင်းများစွာတိုင်အောင် လစ်လျူရှုခြင်းခံခဲ့ရပါကြောင်း၊ တိုင်းရင်းသား ပြည်သူများနှင့် မိဘအုပ်ထိန်းသူများက မိမိတို့၏ ကလေးငယ်များကို သင်ယူမှုရရှိအောင် ညီညီညွတ်ညွတ် ပူးပေါင်းလက်တွဲခဲ့သဖြင့် ကမ္ဘာ့နောက်ဆုံးသို့ မရောက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် နှစ်စဉ်ပညာရေးအသုံးစရိတ်ကို တိုးမြှင့်ပေးလျက်ရှိပါကြောင်း၊ ဆရာ၊ ဆရာမ လိုအပ်ချက်နှင့် အခြေခံအဆောက်အအုံ လိုအပ်ချက်များ ဖြည့်ဆည်းရန် စုပေါင်းအင်အားဖြင့် နှစ်ရှည်ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ရာတွင် ကျောင်းအဆင့် တိုးမြှင့်ပေးခြင်းနှင့် တိုင်းရင်းသားဘာသာစကား သင်ကြားသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခြေခံ ပညာသင်ရိုး အညွှန်းဘောင်၌ Grade 1,2,3, တို့တွင် ဒေသသင်ရိုးသည် တိုင်းရင်းသား ဘာသာစကားဖြစ်ပါကြောင်း၊ အမျိုးသားပညာရေးဥပဒေအရ တိုင်းရင်းသား ဘာသာစကား သင်ကြားရေးကို ယခုအစိုးရလက်ထက်၌ အသစ်ဖွင့်လှစ်ခဲ့သည့် တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပူးပေါင်း၍ တိုင်းရင်းသား ကလေးငယ်များအတွက် တိုင်းရင်းသား ဘာသာစကား ၆၃ မျိုးဖြင့် သင်ရိုးများရေးသားပြုစုပြီး အခြေခံပညာ ဦးစီးဌာနနှင့် မြန်မာနိုင်ငံ တိုင်းရင်းသားဘာသာစကားဦးစီးဌာနတို့မှ ကျောင်းသုံးဖတ်စာအုပ်များကို ပုံနှိပ်ပေးခဲ့ပါကြောင်း။

 Grade 1,2,3 တို့၌ တိုင်းရင်းသားဘာသာစကား သင်ဆရာ၊ ဆရာမများကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရတို့နှင့်ပူးပေါင်း၍ ချမှတ်ထားသည့်မူဝါဒများအတိုင်း စိစစ်ပြီးခန့်အပ်ပေးခဲ့ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်နှင့်အညီ တိုင်းရင်းသား ဒေသများတွင် ဒေသခံဆရာ၊ ဆရာမများ ပေါ်ပေါက်ရေးအတွက် ပြုစုပျိုးထောင်ပေးရန် ဖြစ်သည့်အတွက် တိုင်းရင်းသား ဒေသများရှိ အလယ်တန်းအဆင့် အောင်မြင်ပြီးသူများအား Teaching Assistant ခန့်အပ်ပေးပြီး ယင်းတို့အနေဖြင့် တက္ကသိုလ်ဝင်တန်းစာ မေးပွဲအောင်မြင်ပြီး ဘွဲ့ရရှိပါက ဆရာဖြစ်သင်တန်းများကို ပညာရေးဒီဂရီ ကောလိပ်များတွင် တက်ရောက်နိုင်ပြီး သင်တန်းဆင်းလက်မှတ်ရရှိပါက အခြေခံပညာကျောင်းများတွင် မူလတန်းပြဆရာ၊ ဆရာမများအဖြစ် ခန့်အပ်၍ ဒေသခံဆရာ၊ ဆရာမများ ပေါ်ထွန်းလာခြင်းဖြင့် တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နေ့စားလပေး သင်ကြားရေးအထောက်အကူပြု (Teaching Assistant) များခန့်အပ်ရာ၌ ကျောင်းသား၊ ဆရာ အချိုးနှင့် စာသင်ခန်းအရေအတွက်အပေါ်မူတည်၍ ညီမျှစွာခန့်အပ်ပါကြောင်းနှင့် အရည်အသွေးရှိသောပညာရေး ဖြစ်ပေါ်စေရန်  ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း၊ Grade 4 မှ Grade 9 အထိ အတန်းများအတွက် ဒေသ သင်ရိုးများကို တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏အစီအစဉ်ဖြင့် ရေးဆွဲဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံပါကြောင်း။

နည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်တူ Micro, Small and Medium Enterprise (MSME) လုပ်ငန်းများ၊ စက်ရုံ၊ အလုပ်ရုံနှင့် အထူးစီးပွားရေးဇုန်များ၌ Automation Technology, Artificial Intelligence များ အားကောင်းလာခြင်းဖြစ်သည့်အတွက် Computer Technology နှင့်ပတ်သက်၍ အခြေခံမရှိပါက အလုပ်ဝင်ရောက်လုပ်ကိုင်ရန် အခက်အခဲဖြစ်သောကြောင့် အထက်တန်းအဆင့် Grade 10, 11, 12 တို့၌ ဒေသသင်ရိုးတွင် ကွန်ပျူတာ၊ အခြေခံစက်ချုပ်သင်တန်း နှင့်အိမ်တွင်းမှုဘာသာရပ်များ ထည့်သွင်းရေးဆွဲရမည် ဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး မြစ်ချောင်း၊ သယံဇာတများပေါများသော်လည်း လူ့စွမ်းအားအရင်းအမြစ်မှာ အရေးကြီးသည့်အတွက် လေ့လာသင်ယူမှုမှာ အနန္တရတနာသိုက်ဖြစ်ပါကြောင်း၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရန်အတွက် လူတိုင်းအနေဖြင့် လုပ်ငန်းခွင်မဝင်မီ အခြေခံပညာအထက်တန်းအဆင့် သင်ယူတတ်မြောက်ရန်လိုပါကြောင်း၊ လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ရန်နှင့် ၂၁ ရာစု စွမ်းရည်များ ရရှိစေရန် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးသင်တန်းများ လိုအပ်ပါကြောင်း၊။

တစ်သက်တာသင်ယူမှု အခွင့်အလမ်းအနေဖြင့် အမျိုးသားပညာအရည်အချင်းမူဘောင် (National Qualification Framework - NQF)  အရ Level 3  မှ Level  6 သို့ တက်ရောက်လိုပါက အများနည်းတူ တရားမျှတမှုရှိစေရန် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်မှသာ တက္ကသိုလ်တက်ရောက်နိုင်မည် ဖြစ်ပါကြောင်း၊ အခြေခံပညာသင်ယူပြီးမြောက်ကြောင်း လက်မှတ်ရရှိသူများအနေဖြင့် Level 4 အသက်မွေးဝမ်းကျောင်း သင်တန်းများနှင့် Level 5 သက်မွေးဝမ်းကျောင်း Diploma နှင့် Advanced Diploma သင်တန်းများအပြင် Open University တို့ကို အဆင့်ဆင့် တက်ရောက်နိုင်မည်ဖြစ်ပြီး လူတိုင်းအတွက် Continuous Professional Development ရရှိရေး ဆောင်ရွက်သွားရန် လိုပါကြောင်း၊ မြန်မာနိုင်ငံ၌ လူတိုင်း အခြေခံပညာမူလတန်းအဆင့် တက်ရောက်ရမည်ဖြစ်ပြီး မူလတန်းပြီးမြောက်သူများ အနေဖြင့်လည်း အရေး၊ အဖတ်၊ ဂဏန်းသင်္ချာ တွက်ချက်နိုင်ရန် လိုအပ်ပါကြောင်း၊ လူတိုင်းသည် သင်ယူနိုင်ရန် အရေးကြီးပါကြောင်း၊ လေ့လာသင်ယူမှုမှာ အနန္တ ရတနာသိုက် Learning is infinite treasure  ဖြစ်ပါကြောင်း၊ လူတိုင်းအတွက် ဂုဏ်သိက္ခာရှိသော အလုပ်အကိုင်ရရှိစေရန် အာမခံနိုင်မှုမှာ အရည်အသွေးရှိသော ပညာရေးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မတူညီသောနောက်ခံ အခြေအနေ၊ မတူညီသော မျှော်မှန်းချက်များအတွက် စုပေါင်းအင်အားဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုတို့ဖြင့် ဦးတည်၍ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် အပြုသဘောဆောင်သည့် သဘော ထားများ၊ လုပ်ဆောင်ချက်များဖြင့် အားလုံးပူးပေါင်း၍ စုပေါင်းအင်အားဖြင့် လုပ်ဆောင်ကြပါရန် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပညာရေးကဏ္ဍနှင့်စပ်လျဉ်း၍ ကျောင်းနေရွယ်ကလေးငယ်များ တိုင်းရင်းသားကလေးငယ်များ၏ ဒုတိယမိခင်သည် ပညာရေးဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍသည် နိုင်ငံတော်၏ အနာဂတ်ဖြစ်ပြီး တိုင်းပြည်ရေးရာ ရှေ့ရေးလည်းဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်နေမှုများကို ကြည့်ခြင်းအားဖြင့် နောင်အနာဂတ်တိုင်းပြည်၏ ဖွံဖြိုးတိုးတက်မှုကို ကြိုတင်ပြီးမှန်းဆ သိမြင်နိုင်မှာ ဖြစ်ပါကြောင်း၊ ကလေးငယ်များ၏ ဖွံဖြိုးတိုးတက်ရေးသည် တိုင်းရင်းသားကလေးသူငယ်များ၏ ဖွံဖြိုးတိုးတက်ရေးသာ ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိရာတွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့် ပူးပေါင်းပြီး တိုင်းရင်းသားကလေးငယ်များ မိခင် ဘာသာစကားအခြေပြုသင်ကြားနိုင်ရေး Teaching Assistant, Language Teacher နေ့စားလပေး ဆရာဆရာမများခန့်ထားနိုင်ရေး၊ တိုင်းရင်းသား ဆရာဆရာမ များအား အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်ထားနိုင်ရေး၊ တိုင်းရင်းသားဒေသ သင်ရိုးညွှန်းတမ်း ကျောင်းသုံးဖတ်စာအုပ်များဖြင့် သင်ကြားနိုင်ရေး စသည်ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုင်းရင်းသား ဒေသများတွင် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ပညာသင်ယူပြီးမြောက်သူများ ပိုမိုများပြားလာကြောင်း သိရှိရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ မြန်မာနိုင်ငံရှိ ကလေးသူငယ်များ အရှေ့တောင်အာရှတွင် မူလတန်းအဆင့် သင်ယူတတ်မြောက်မှု မြင့်တက်လာမှုအတွက်လည်း ဂုဏ်ယူပါကြောင်း။

ပညာရေးပြုပြင်ပြောင်းလဲမှုများကို ပညာရေးဝန်ကြီးဌာနအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိခြင်းကြောင့် တိုင်းရင်းသားရေးရာဝန်ကြီးဌာနအနေဖြင့်လည်း တိုင်းရင်းသား ကလေးငယ်များ၏ ပညာရေးကဏ္ဍကို ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်ကြိုးပမ်းလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူငယ်များအတွက် အဆင့်မြင့်ပညာရေး၊ နည်းပညာနှင့် သက်မွေးပညာသင်တန်းများကိုလည်း ချန်လှပ်မထားဘဲ ဆောင်ရွက်လျက်ရှိသည်ကိုလည်း သိရှိရပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းအဆင့် အထက်တန်းအဆင့်မှ ဆက်လက်ပညာ သင်ကြားနိုင်ခြင်းမရှိသည့် ဝေးလံခေါင်ဖျားဒေသရှိ တိုင်းရင်းသားလူငယ်များအတွက် သက်မွေးပညာသည် လွန်စွာမှအရေးကြီးပါကြောင်း၊ သက်မွေးပညာသည် တိုင်းရင်းသား လူငယ်များအတွက် များစွာအထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ပညာရည်ချွန်သော တိုင်းရင်းသားလူငယ်များ အဆင့်မြင့်ပညာများ သင်ယူနိုင်ရေးအတွက်လည်း နိုင်ငံတော်အနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန်လိုအပ်ပါကြောင်း၊ ကလေးတိုင်းအတွက်  ပညာနို့ရည်အပြည့်အဝရရှိနိုင်ရေး ကမ္ဘာနှင့်ရင်ဘောင်တန်းနိုင်သော ပညာရေးစနစ်ဖြစ်ပေါ်လာစေရေး၊ နည်းပညာသက်မွေး ပညာများနှင့် အဆင့်မြင့်ပညာများကို များပြား တိုးတက်လာစေရေးအတွက် ယခုရေးဆွဲလျက်ရှိသည့် အမျိုးသား ပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) အောင်မြင်စွာရေးဆွဲနိုင်ရေးနှင့် မဟာဗျူဟာပါလုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ယင်းနောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ အခြေခံပညာဦးစီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)၏ သက်ဆိုင်ရာကဏ္ဍအလိုက် ဦးဆောင်ရှင်းလင်းဆွေးနွေးကြသည်။

ယင်းနောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်