အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်)သို့ စိတ်ပါဝင်စားသူများ လာရောက်လေ့လာလျက်ရှိ

ရန်ကုန် ၇ ဇွန်

 

အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ် ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်ထောင်စုရိပ်သာလမ်းရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်)ကို အခမဲ့ဝင်ရောက်လေ့လာခွင့်ပြုထားရာ အခြေခံပညာကျောင်းများမှ ကျောင်းသားကျောင်းသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ လာရောက်လေ့လာလျက်ရှိသည်ကို တွေ့ရသည်။

 

ဇွန်လ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက် ဦးစီးဌာန(ရန်ကုန်)ကို ဇွန်လ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ နံနက် ၉ နာရီခွဲ မှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ်ပြသမည်ဖြစ်ကြောင်း သိရသည်။

 

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဒေါ်သီတာမြင့်က “ကျွန်မတို့အနေနဲ့ နှစ်ပိုင်းပြသထားပါတယ်။ ပထမတစ်ပိုင်းကတော့ မှတ်တမ်းနမူနာတွေပြထားတဲ့အပိုင်းနဲ့ မော်ကွန်း တိုက်ရဲ့လုပ်ငန်းစဉ်အပိုင်းတွေကို ပြသထားပါတယ်။ မှတ်တမ်းတွေစပြီးစုဆောင်းတဲ့အပိုင်းမှာတော့ ဌာနဆိုင်ရာအစိုးရ အဖွဲ့အစည်းတွေနဲ့ ပြည်နယ်တိုင်းဒေသကြီး အဖွဲ့အစည်းတွေကနေစပြီးစုဆောင်းပါတယ်။ မှတ်တမ်းတွေကိုစိစစ်တယ်။ ခွဲခြမ်းစိတ်ဖြာတယ်ပေါ့။ ပိုးသတ်စရာရှိ ပိုးသတ်ပြီးတော့ မှတ်တမ်းခန်းကို ပေးပို့ပါတယ်။ သတ်မှတ်ကာလရောက်တဲ့အခါမှာ မော်ကွန်းဖြစ်သင့်သလား၊ ဖြစ်သင့်တဲ့မော်ကွန်းတွေဆိုရင် မော်ကွန်းခန်းကို ရွှေ့ပါတယ်။ ဒီမှာလဲ မော်ကွန်းကြီးကြပ်ရေးအဖွဲ့ဆိုတာရှိပါတယ်။ ဒီအဖွဲ့က စိစစ်ပြီးတော့မှ မော်ကွန်းခန်းကို ပို့တာဖြစ်ပါတယ်။ မော်ကွန်းခန်းတို့ မှတ်တမ်းခန်းတို့မှာ မသိမ်းခင်မှာ ဒီစာတမ်းတွေကို သန့်စင်ရပါတယ်။ မော်ကွန်းမှတ်တမ်းတွေမှာရှိနေတဲ့ သံတွေကလစ်တွေကို ဖြုတ်ရတယ်။ ပြီးတော့ ပိုးသတ်ရတယ်။

 

ပိုးသတ်ပြီးတော့မှ နိုင်ငံတကာစံနှုန်းမီတဲ့ ပုံးတွေထဲထည့်ပြီးတော့မှ စင်ပေါ်မှာ သိမ်းတာဖြစ်ပါတယ်။ ဒီအခန်းတွေ လေအေးစက်တပ်ထားပြီး အပူချိန်နဲ့ စိုထိုင်းဆကို သတ်မှတ်ထားတဲ့အတိုင်း ထားရှိရပါတယ် နောက်တစ်ခုက ဘုရင်တွေလက်ထက်ကတည်းက ရှိနေတဲ့ မှတ်တမ်းတွေ၊ ဓာတ်ပုံတွေ၊ အသုံးအဆောင်တွေ၊ လက်ရေးမူတွေကို ခေတ်အလိုက်ပြသထားတဲ့ ပြခန်းရှိပါတယ်” ဟု ပြောကြားသည်။

 

ပြကွက်များတွင် တံဆိပ်လက်ရေးလက်မှတ်များနှင့် မော်ကွန်းနမူနာများ ပြကွက်၊ ရတနာပုံခေတ် ဗြိတိသျှ မော်ကွန်းများပြကွက်၊ ၁၉၃၉ ခုနှစ်မှ ၁၉၄၈ ခုနှစ်ကာလ ပြကွက်၊ တော်လှန်ရေးကောင်စီကာလပြကွက်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်ပြကွက်၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီပြကွက်၊ ထင်ရှားသည့်ကြေငြာချက်များနှင့် လွတ်ငြိမ်းချမ်းသာခွင့်များ ပြကွက်အစရှိသော ပြကွက်များအပြင် လုပ်ငန်းစဉ်အကြောင်းကို ရိုက်ကူးထားသော မှတ်တမ်းကားကိုလည်း လာရောက်လေ့လာသူများအား ပြသထားသည်။

 

အဆိုပါပြကွက်များအပြင် ထူးခြားအစီအစဉ်ပြကွက်တစ်ခုထည့်သွင်းထားပုံနှင့် ပတ်သက်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားရာတွင် “ထူးခြားတဲ့အစီအစဉ်တစ်ခုအနေနဲ့ကတော့ လူရည်ချွန်ပြခန်းကို ထည့်ထားပါတယ်။ ကျွန်မတို့ လူရည်ချွန်စီမံကိန်းစတာ ၁၉၆၄ ခုနှစ်ကပါ။ အခုဆိုရင် နှစ်ပေါင်း ၅၄ နှစ်ရှိပါပြီ။ ကျွန်မတို့ရဲ့ သတ်မှတ်ချက်တစ်ခုက ထူးခြားတဲ့ဖြစ်ရပ်လေးတစ်ခုက ၂၅ နှစ်ကြာပြီဆိုရင် သမိုင်းအဖြစ်သတ်မှတ်တာဖြစ်တဲ့အတွက် လူရည်ချွန်စီမံကိန်း စတင်ခဲ့တဲ့ဟာလေးဟာဆိုရင် အခုခေတ်လူငယ်တွေ ကျောင်းသားလူငယ်တွေ ဒီလူရည်ချွန်တွေကိုမြင်ပြီးတော့ အားကျအောင်လို့ လူရည်ချွန်ပြခန်းလေးကို ထူးထူးခြားခြား ပြသထားပါတယ်”ဟု ပြောကြားသည်။

 

ယနေ့တွင် လသာမြို့နယ်အတွင်းရှိ အထက (၁)နှင့် အထက (၂)ကျောင်းများမှ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာလျက်ရှိသည်ကို တွေ့ရသည်။

 

ယခုနှစ် အပြည်ပြည်ဆိုင်ရာမော်ကွန်းတိုက်များနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “စိုးမိုးအောက်မေ့ မွေနှစ်သွန်းတို့ရဲ့မော် ကွန်း” ဟူ၍ဖြစ်ကြောင်း သိရသည်။ ထိုပြင့် အပြည်ပြည်ဆိုင်ရာ မော်ကွန်းတိုက် များနေ့အခမ်းအနားကိုလည်း ဇွန်လ ၉ ရက်နေ့ နံနက် ၉ နာရီတွင် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန(ရန်ကုန်)တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း