အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း

ရေးသားသူ Kyaw Thura Htun

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

 

အမျိုးသားတွေမှာ စိတ်ဖိစီးမှုထိန်းချုပ်ခြင်းဆိုတာဘာလဲ ?

စိတ်ဖိစီးမှုက ဘေးရန်ရှိပြီး မျက်မှောက်ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့အရာတစ်ခုအဖြစ် ရှိနေပါတယ်။ လေ့လာမှုတွေအရ ဒီလိုစိတ်ပိုင်းဆိုင်ရာ နောက်ဆံတင်းမှုတွေ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို၊ ကင်ဆာနဲ့ ကိုယ်ခံအားကျခြင်းတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။

 

စိတ်ဖိစီးတာ ဆိုးရွားတဲ့အဆင့်ကိုရောက်နေတဲ့ အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပြုအမူလွန်ကခြင်းနဲ့ ဆေးစွဲခြင်း စတဲ့မကောင်းတဲ့အကျင့်တွေ ဖြစ်သွားနိုင်ပါတယ်။

 

ကုသမှုနဲ့ ထိန်းချုပ်မှုကိုနားလည်ခြင်း

အမျိုးသားတွေမှာ စိတ်ဖိစီးမှုကိုဘယ်လိုကုသလဲ

ကုသမှုတွေရဲ့ပန်းတိုင်များ

ကုသမှုနည်းလမ်းများ

အမျိုးသားတွေမှာ စိတ်ဖိစီးမှုကို ဘယ်လိုထိန်းချုပ်ရမလဲ ?

နေထိုင်မှုပုံစံပြောင်းလဲခြင်း

ဖြေသိမ့်ခြင်း

စိတ်ဖိစီးနိုင်ချေရှိတဲ့သူတွေအတွက် ကာကွယ်ခြင်း

 

သတင်းကောင်းကတော့ လူ့ကိုယ်အပေါ်ဆိုးကျိုးဖြစ်စေတဲ့ စိတ်ဖိစီးမှုကိုလျှော့ချဖို့ နည်းလမ်းအများကြီးရှိတယ်ဆိုတာပါဘဲ။

 

လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ

လေ့ကျင့်ခန်းတွေက ကျန်းမာရေးတစ်ခုလုံးကိုကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောင်းဆုံး စိတ်အချရဆုံးနဲ့ အကုန်အကျအသက်သာဆုံးနည်းဖြစ်ပါတယ်။

 

ကဖင်းဓာတ်ကိုကန့်သတ်ချက်ထားပါ

ကဖင်းဓာတ် သောက်သုံးမှုများခြင်းက သင့်ရဲ့အက်ဒရီနယ်ဂလင်းကို အကြီးအကျယ် ဝန်ပိစေတဲ့အတွက် ဖရိုဖရဲတွေဖြစ်ကုန်ပါလိမ့်မယ်။ အထူးသဖြင့် စိတ်ဖိစီးတတ်တဲ့ ရာသီလာချိန်မျိုးမှာ ကဖင်းသောက်သုံးခြင်းကို လျှော့ချပေးခြင်းက သင့်အက်ဒရီနယ်ဂလင်းကို အကျိုးပြုပါလိမ့်မယ်။

 

ကောင်းကောင်းအိပ်ပါ

အိပ်ရေးပျက်ခြင်းနဲ့ အိပ်ရေးမဝခြင်းက သင့်ကိုစိတ်ကျစေပါတယ်။  တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၈ နာရီထိ ရှိခြင်းက သင့်ကိုစိတ်ဖိစီးမှု တွေထိန်းချုပ်နိုင်သလို နောက်ထပ်စိတ်ဖိစီးမှုတွေကိုလည်း စီမံနိုင်ပါလိမ့်မယ်။

 

တရားထိုင်ပါ

အသက်ရှူလေ့ကျင့်ခန်းက သင့်စိတ်အခြအနေကို ပြောင်းလဲပေးရုံသာမက သင့်သွေးတိုးကို ကျစေပါတယ်။အောက်ဆီဂျင်ကို မြှင့်တင်ပေးပြီး သင့်ခံစားမှုကို ကောင်းသွားစေပါတယ်။

 

သင့်အကြိုက်အပေါ်မူတည်ပြီး တရားထိုင်တာ ဘုရားဝတ်ပုတာတွေလုပ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာတည်ငြိမ်မှုအတွက် ယောဂနဲ့ ထိုက်ကျိကိုပါ လုပ်နိုင်ပါတယ်။

 

စိတ်ဖိစီးစေတဲ့ အကြောင်းအရင်းကိုဖြေရှင်းပါ

သင့်ကိုစိတ်ဖိစီးစေတဲ့ အကြောင်းအရင်းတွေကို ဖြေရှင်းလိုက်တာက သင့်ကိုစိတ်ဖိစီးမှုက လွတ်စေပါတယ်။ သင်မတတ်နိုင်တဲ့အရာတွေဆို ဘယ်သူတွေ ဘာဘဲလာတောင်းဆိုနေပါစေ ငြင်းဆန်တတ်အောင်လုပ်ပြီး စိတ်မဖိစီးအောင်လုပ်ပါ။

 

စိတ်ဖိစီးစေနိုင်တဲ့ အခြေအနေတွေကိုရှောင်ပါ

မကြာသေးခင်က လေ့လာမှုတွေအရ အမျိုးသားတွေရဲ့ စိတ်ဖိစီးမှုတွေရဲ့ ၆၀ ရာခိုင်နှုန်းက ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့်ဖြစ်ပြီး ဒါက  အမျိုးသမီးတွေထက် ၇ ဆ ပိုများတယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အလောတကြီးမဖြစ်ရအောင် ကြိုထွက်တာမျိုးလုပ်ပါ။ ဈေးတွေမှာ လူမကြပ်တဲ့အချိန်မျိုးမှ ဈေးဝယ်ပါ။ သင့်ကိုဒေါသထွက်စေတဲ့သူတွေနဲ့လည်း ကြာကြာနေတာရှောင်ပါ။

 

သင်မပြောင်းလဲနိုင်တဲ့အရာတွေကို လက်ခံပါ

သင့်ဘဝမှာ သင်ဘယ်လောက်ပဲကြိုးစားပါစေ သင်မပြောင်းလဲနိုင်တာတွေရှိပါတယ်။ ဥပမာ – မိုးရွာအောင်၊  နှင်းကျအောင် ရာသီဥတုကို ကိုယ်လိုသလို မပြောင်းနိုင်တာမျိုးပေါ့။ အဲဒီအစား သင်မပြောင်းလဲနိုင်တဲ့အရာတွေကို နှစ်သိမ့်ကြည့်ဖို့ ကြိုးစားကြည့်ပါ။

 

သင်တတ်နိုင်တာထက် ပိုမလုပ်ပါနဲ့။

ကျွန်တော်တို့က ကျွန်တော်တိို့တ်ဖိစီးမှုတွေကို အလွန်အကျွံလုပ်ခြင်းကြောင့် ကိုယ်တိုင်ဖြစ်စေနိုင်သလို သူဌေးကဘာဖြစ်ဖြစ် သူငယ်ချင်းကဘာဖြစ်ဖြစ် တောင်းဆိုတာတစ်ခုခုကို မငြင်းတတ်တဲ့အတွက် စိတ်ဖိစီးကြပါတယ်။ ကတိပေးမလွန်ပါနဲ့၊ သင်တတ်နိုင်မယ်ထင်သလောက်ဘဲ အာမခံပါ။

 

သင်အကောင်းဆုံးလုပ်နိုင်တာကို အရင်ဆုံးလုပ်ပါ

အရေးအကြီးဆုံးအလုပ်တွေကို အစောပိုင်းလုပ်ခြင်းက သင့်ကို အာရုံပိုစိုက်စေနိုင်ပါတယ်။ ဒါကကျန်ရှိနေတဲ့ တစ်နေ့တာကို သင့်ကိုစိတ်ဖိစီးမှုကင်းစေပြီး တခြားလုပ်ရမ့်အရာတွေကို စာရင်းမှတ်ပြီးဆက်လုပ်ပါ။

 

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်"