အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး မြဝတီမြို့၌ကျင်းပသည့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုများ လှူဒါန်း

မြဝတီ ၁၃ အောက်တိုဘာ

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်းနှင့်ဇနီးမိသားစုတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ကျက်သရေဆောင် ရွှေမြင်းဝန်စေတီတော်မြတ်ကြီးအတွင်း ကျင်းပပြုလုပ်သည့် ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူသည်။

 

1

 

ရှေးဦးစွာ မြဝတီခရိုင်အတွင်းရှိ ကျောင်းတိုက်များမှ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သာသနာ့ဟိတ ကာရီဗိမ္မာန်တော်၌ နေ့ဆွမ်းဆက်ကပ် လှူဒါန်းသည်။ ထို့နောက်ဘုရားကြီး ကျောင်းတိုက် ခဏ္ဍသိမ်တော်၌ ဂိုဏ်းပေါင်းစုံ သံဃမဟာ ပဝါရဏာ ကျင်းပပြုလုပ်သည်။

           

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်ဇနီး မိသားစုတို့က မြဝတီခရိုင်အတွင်းရှိ ကျောင်းတိုက်(၃၄၂) ကျောင်းမှဝါဆိုရဟန်း၊ သာမဏေနှင့်သီလရှင် စုစုပေါင်းအပါး သုံးထောင်ကျော်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြသည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်နှင့်မြို့နယ် အထွေထွအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာမိသားစုများ၊ နယ်မြေခံ တပ်ရင်း တပ်ဖွဲ့တို့မှ အရာရှိကြီးများနှင့် မိသားစုများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးနှင့်ဘာသာရေး အသင်းအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို စည်ကားသိုက်မြိုက်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။

                                                                                                           

ထိန်လင်းအောင်(ပြန်/ဆက်)