အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ရောက်ရှိ၊ ပေကျင်းမြို့အတွင်း ကြည့်ရှုလေ့လာ

နေပြည်တော် ၂၆ ဇွန် 

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ဇွန် ၂၅ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် ရောက်ရှိကြသည်။ 

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်အဖွဲ့ဝင် Mr. Dan Zhu Ang Ben နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းနှင့် မြန်မာသံရုံးမှ တာဝန်ရှိသူများက ပေကျင်းအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပေကျင်းမြို့ Zhongguancun ရှိ Creation of a small town ကို သွားရောက်ကြည့်ရှုလေ့လာရာ တာဝန်ရှိသူများက လုပ်ငန်းသစ်ဖော်ဆောင်မှုကိစ္စရပ်များနှင့် ဓာတ်မြေသြဇာအသုံးမပြု ဘဲ သဘာဝစိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပြသကြသည်။

 

ဆက်လက်၍ Huawei ပေကျင်းပြခန်းကို သွားရောက်လေ့လာရာ Huawei ကုမ္ပဏီမှ တာဝန်ရှိသူများက ICT နည်းပညာများဖြင့် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို အချိန်တိုအတွင်း ထောက်ပံ့ပေးနိုင်မှုများ၊ ဆက်သွယ်ရေးပိုင်း၊ လျှပ်စစ်မီးလိုင်းများနှင့် ပတ်သက်၍ ပံ့ပိုးပေးနိုင်မှုများကို ရှင်းလင်းပြသကြသည်။

 

ထို့နောက် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင် ပေကျင်းမြို့ရှိ မဟာတံတိုင်းကြီး (Great Wall) ကို  သွားရောက်ကြည့်ရှုလေ့လာကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကျောက်ယုထိုင်နိုင်ငံတော်ဧည့်ဂေဟာ၌ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌ H.E.Mr. Wang Zhengwei နှင့်တွေ့ဆုံ ဆွေးနွေးသည်။

 

ထို့နောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ဒုတိယဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့အား ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

(သတင်းစဉ်)