အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး၊ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr. Chen Hao နှင့်တွေ့ဆုံ

နေပြည်တော် ၂၈ ဇွန်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့မှ ယူနန်ပြည်နယ် ကူမင်းမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာလာရာ ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် ရောက်ရှိကြသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့အား ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Li Pei ၊ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ အထွေထွေအတွင်းဝန် Mr. Han Mei ၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် ယူနန်တိုင်းရင်းသားကျေးရွာသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။ ယူနန်တိုင်းရင်းသားကျေးရွာတွင် တိုင်းရင်းသားလူမျိုးများအလိုက် ရိုးရာနေအိမ်များ၊ တိုင်းရင်းသားတို့၏ တူရိယာပစ္စည်းများ၊ တိုင်းရင်းသားအသုံးအဆောင်ပစ္စည်းများကို စနစ်တကျပြသထားရှိပြီး တိုင်းရင်းသားများမှလည်း ရိုးရာတေးသီချင်းသီဆိုကာ ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး၊ ယူနန်ပြည်နယ် ပြည်သူ့ ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ Mr. Chen Hao နှင့် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် Hai Geng Hua Yuan ၌ တွေ့ဆုံပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ခရီးသွားလာရေးကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုင်း ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် အဖွဲ့သည် တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး၊ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌက တည်ခင်းသော ညစာစားပွဲသို့ တက်ရောက်သည်။

(သတင်းစဉ်)