အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက်ရန် ထွက်ခွာ

ရန်ကုန်  ၂၅  ဇွန် 

 

 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ H.E. Mr.Li Zhanshu ၏ ဖိတ်ကြားချက်အရ ဇွန် ၂၄ ရက်မှ ၂၉ ရက်အထိ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီး သွားရောက်ရန်အတွက်  ယနေ့နံနက်ပိုင်းတွင် တရုတ်လေကြောင်း ခရီးဖြင့် ရန်ကုန်မြို့မှ ထွက်ခွာ သွားရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိ်ုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ  Minister Counselor, Ms.Li Xiaoyan နှင့်တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့တွင် အမျိုးသား လွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုး၊ မြန်မာ-တရုတ် လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းအဖွဲ့ဝင်များ ဖြစ်သည့် ဦးကင်းရှိန်၊ ဦးဝေစိန်အောင်၊ နိုင်ငံတကာ ဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်  ဦးခွန်သိန်းဖေ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ဝင် နော်ဆာမူထူး၊ ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီအဖွဲ့ဝင် ဒေါ်စန်းစန်းမြင့်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများ  လိုက်ပါသွားကြသည်။  

 

(သတင်းစဉ်)