အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အကြံပေး ကော်မတီနှင့် လုပ်ငန်းအဖွဲ့တို့ Video Conferencing ဖြင့် ဆွေးနွေး

နေပြည်တော်  ၂၅  ဇွန်

 

 

မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အကြံပေးကော်မတီနှင့် လုပ်ငန်းအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၌ Video Conferencing ဖြင့် ဆွေးနွေးသည်။

 

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံတွင် (၁၉၉၃) ခုနှစ်၌ အမျိုးသား ကျန်းမာရေးမူဝါဒကို အဆိုပါခေတ်ကာလ ကျန်းမာရေးအခြေအနေများနှင့်အညီ ရေးဆွဲခဲ့ပါကြောင်း၊ ယခုအခါ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့် ကိုက်ညီမှုရှိစေရေးအတွက် အဆိုပါ အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲရန်အတွက် (၂၀၁၉) ခုနှစ်၊ ဇူလှိုင် (၅) ရက်မှ စတင်ကာ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည် ဆန်းစစ်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အမျိုးသားကျန်းမာရေးမူဝါဒအား ပြန်လည်ဆန်းစစ် သုံးသပ်နိုင်ရေး အကြံပေးကော်မတီ၊ အမျိုးသားကျန်းမာရေးမူဝါဒအား ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး လုပ်ငန်းအဖွဲ့နှင့် အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေး သန္ဓေအမြုတေအဖွဲ့တို့ကို ဖွဲ့စည်းခဲ့ကာ ဆောင်ရွက်ခဲ့ပါကြောင်း၊ အကြံပေးကော်မတီ၌ ကျန်းမာရေးကဏ္ဍနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့သော အငြိမ်းစားပညာရှင်ကြီးများ ပါဝင်သည့်အတွက် ဤကော်မတီ၏ အကြံပြုမှုများသည် အမျိုးသားကျန်းမာရေးမူဝါဒ ရေးဆွဲရာ၌ လက်တွေ့ဆန်သော အကြံပြုမှုများ ရရှိခဲ့ပါကြောင်း၊ ဤအကြံပြုမှုများကို ယခုလောလောဆယ် မြေပြင်အခြေအနေနှင့် ချိန်ထိုးကာ ဆက်လက်စဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ယခုအခါ မူကြမ်း အဆင့်ဆင့်ရရှိပြီး နောက်ဆုံးအဆင့်နီးပါး ရေးဆွဲထားပြီး ဖြစ်ပါကြောင်း။

 

 

အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲရာ၌ အမျိုးသားကျန်းမာရေးစီမံကိန်းကို (၂၀၁၇-၂၀၂၁)အား လွှမ်းခြုံ ချိတ်ဆက်မိစေရန်နှင့် မြန်မာနိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုပန်းတိုင်စီမံကိန်း (၂၀၁၈-၂၀၃၀)တွင် ပါဝင်သော အချက်အကြောင်းအရာများနှင့်လည်း သဟဇာတကိုက်ညီမှုရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ယခုအခါ ပြန်လည်ရေးဆွဲနေသည့် အမျိုးသားကျန်းမာရေးမူဝါဒသည် ရုပ်လုံးပေါ်လာပြီဖြစ်ပြီး အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း)တွင် မူဝါဒဦးတည်ချက်၊ ရည်မှန်းချက်ပန်းတိုင်၊ လုပ်ငန်းမဏ္ဍိုင်၊ လမ်းကြောင်းချည်းကပ်မှု၊ လုပ်ငန်း မူဘောင်များနှင့် လုပ်ငန်းမဟာဗျူဟာ စနစ်တကျ ပြည့်စုံစွာထည့်သွင်းရေးဆွဲထားခြင်းသည် ကောင်းမွန်ပါကြောင်း၊ ကောင်းမွန်သည့် အမျိုးသားကျန်းမာရေးမူဝါဒချမှတ်အကောင်အထည် ဖော်ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်းလည်း ပိုမိုမြင့်မားလာကာရေရှည်တွင် များစွာအကျိုးရှိမည် ဖြစ်ပါကြောင်း။

 

 

အမျိုးသားကျန်းမာရေးမူဝါဒကို ပြန်လည်ရေးဆွဲပြီးနောက် ပြည်ထောင်စုအစိုးရအဖွဲ့ထံသို့ တင်ပြ၍ အတည်ပြုချက် ရယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ယခုမူကြမ်းကို သက်ဆိုင်ရာ အဖွဲ့အစည်း၊ ကော်မတီနှင့် အခြားနှီးနွှယ်ဝန်ကြီး ဌာနများ၏ အကြံပြုချက်များကို ထည့်သွင်းစဉ်းစားကာ အမြန်ဆုံး အပြီးသတ်ရေးဆွဲ သွားစေလိုပါကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍလုပ်ငန်းများအတွက် မူဝါဒလမ်းညွှန်အဖြစ် ကိုင်စွဲဆောင်ရွက်သွားမည့် မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရေးလုပ်ငန်းတွင် မိမိ၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အလေးထားကာ ဝိုင်းဝန်းဆောင်ရွက်ကြသူများ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ဆက်လက်ပံ့ပိုး ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် အမျိုးသားကျန်းမာရေးမူဝါဒအား ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး အကြံပေးကော်မတီ၊ ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဖေသက်ခင်က ယခင် အမျိုးသားကျန်းမာရေးမူဝါဒ (၁၉၉၃) ကို လေ့လာဆန်းစစ်မှုများ ပြုလုပ်ကာ ယခုခေတ်ကာလ အခြေအနေ အရပ်ရပ်နှင့်အညီ မြို့ပြနှင့် ကျေးလက်တောရွာများမကျန် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများလွှမ်းခြုံမှုရှိစေရေး အချက်များကို အမျိုးသားကျန်းမာရေးမူဝါဒ ပြန်လည်ရေးဆွဲရာတွင် ထည့်သွင်းထားရှိရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အဓိက ဆောင်ရွက်နေသော်လည်း အခြားသောဝန်ကြီးဌာန၊ အဖွဲ့အစည်းများမှလည်း ဆောင်ရွက်နေသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရှိသည်ဖြစ်သဖြင့် အဆိုပါအချက်ကိုလည်း ထည်သွင်း စဉ်းစား၍ ဤမူဝါဒရေးဆွဲရန် အကြံပြုလိုပါကြောင်း၊ အမျိုးသားကျန်းမာရေးမူဝါဒသည် နိုင်ငံတော်၊ ဝန်ကြီးဌာနနှင့် မျိုးဆက်သစ်များအတွက် ရေရှည်အကျိုးရှိမည်ဖြစ်သဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အတွက် သက်ဆိုင်သူ အကျိုးရှင်များအားလုံး လက်ခံပြီး လက်တွေ့အကောင်အထည်ဖော်နိုင်သော အမျိုးသားအဆင့် မူဝါဒချမှတ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

 

ထို့နောက် အမျိုးသားကျန်းမာရေးမူဝါဒအား ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး လုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဒုတိယညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာ) ဒေါက်တာထင်လင်းက အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း)ကို မူဝါဒဦးတည်ချက်၊ ရည်မှန်းချက်ပန်းတိုင်၊ အလေးပေးဆောင်ရွက်မည့် လုပ်ငန်းမဏ္ဍိုင်၊ လမ်းကြောင်းချည်းကပ်မှု တို့နှင့်အတူ လုပ်ငန်းမဟာဗျူဟာ၊ လုပ်ငန်းများ အကောင်အထည်ဖော်မှု မူဘောင်၊ ပူးပေါင်းဆောင်ရွက်မှု မူဘောင်၊ လုပ်ငန်းများကို စောင့်ကြပ်ကြည့်ရှုဆန်းစစ်မှုစနစ်၊ သုတေသနပြုလုပ် ဆန်းစစ်မှုစနစ်၊ ဆန်းစစ်အကဲဖြတ်မှု စနစ်များကို ထည့်သွင်းရေးဆွဲထားရှိနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းတင်ပြသည်။

 

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ကျန်းမာရေးနှင်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး) ဒေါက်တာ သာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အမျိုးသားကျန်းမာရေး မူဝါဒ ပြန်လည်ဆန်းစစ်သုံးသပ်၍ ပြင်ဆင်ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ အမျိုးသားကျန်းမာရေး မူဝါဒအား ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး အကြံပေးကော်မတီနှင့် အမျိုးသားကျန်းမာရေးမူဝါဒအား ပြန်လည်ဆန်းစစ် သုံးသပ်နိုင်ရေးလုပ်ငန်းအဖွဲ့တို့မှ ပညာရှင်ကြီးများက အထွေထွေဆွေးနွေးမှုများနှင့် အကြံပြုမှုများ ဆောင်ရွက်သည်။

 

 

ထို့နောက် အမျိုးသားကျန်းမာရေးမူဝါဒအား ပြန်လည်ဆန်းစစ်သုံးသပ်နိုင်ရေး အကြံပေးကော်မတီ၊ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဖေသက်ခင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

 

သတင်းစဉ်