အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကျင်းပ

နေပြည်တော်  မေ ၁၁ 

အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ စတုတ္ထအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လောကနတ်ခန်းမ၌ ကျင်းပရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အမျိုးသားဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှ (ဒုတိယဥက္ကဋ္ဌ၊ မြန်မာ့ သမိုင်းအဖွဲ့)၊ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဉီးစွာ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက မိမိတို့နိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိနေမှုနှင့် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်မှုများကို နိုင်ငံတကာက အသိအမှတ်ပြုလာ နိုင်စေရန်နှင့် UNESCO ထိန်းသိမ်းဆောင်ရွက်မှုစာရင်းများမှာ ပါဝင်စေရေးအတွက် ၂၀၀၃ ခုနှစ် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေး ကွန်ဗင်းရှင်းကို ၂၀၁၄ ခုနှစ်မှစ၍ ပါဝင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်း   (၁၀၀) ကျော်၏ ဘာသာစကားများ၊ ဝတ်စားဆင်ယင်မှုများနှင့် ဓလေ့ထုံးစံများ အစရှိသဖြင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ အလွန်များပြားစွာရှိပါကြောင်း၊ မိမိတို့ ဦးစီးဌာနအနေဖြင့် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများကို ကောက်ယူခဲ့ရာ တိုင်းဒေသကြီး/ပြည် နယ်များအလိုက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ခေါင်းစဉ်(၂၂၈၉)ခုကို စာရင်းမှတ်တမ်း ကောက်ယူခဲ့ပြီး ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်း တင်သွင်းဖော်ပြမှု မဆောင်ရွက်ထားပါက နိုင်ငံအချို့၏ ပုံတူကူးယူမွေးစားခြင်း ခံရ မည် ဖြစ်ပါကြောင်း။

ထို့ပြင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိူး သားပြတိုက်ဦးစီးဌာနက မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို UNESCO အသိအမှတ်ပြု Representative List of the Intangible Cultural Heritage of Humanity တွင် ပါဝင်နိုင်ရန် အတွက် Nomination File သတ်မှတ်စံနှုန်းများနှင့်အညီ ဖြည့်စွက်၍ ၂၀၂၀ ပြည့်နှစ် မတ် ၃၀ ရက်တွင် လည်းကောင်း၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲ တော်ကို ၂၀၂၃ ခုနှစ် မတ်၂၄ ရက်တွင် လည်းကောင်း၊ Living Heritage Entity Culture Sector UNESCO  (France) သို့ ပေးပို့တင်ပြခဲ့ပြီးဖြစ်ပါကြောင်း၊ မိမိတို့ သမိုင်းစဉ်တစ်လျှောက် လက်ဆင့်ကမ်းလာခဲ့သည့် တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများ ဆက်လက်ရှင်သန်လာစေရန်၊ ယခု ပြုစုပြီးသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများအား အမျိုးသားအဆင့်၊ တိုင်းဒေသကြီးအဆင့်ပါ ခွဲခြားသတ်မှတ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ ဦးစီးဌာနတာဝန်ခံများနှင့် ဒေသခံပြည်သူများ၊ သက်ဆိုင်ရာပညာရှင်များ၊ ရိုးရာလုပ်ငန်းများ၊ လူမှုရေးအဖွဲ့အစည်းများ စသည့် သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းအားဖြင့် မိမိတို့၏ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ အောင် မြင်စွာ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတိုးလှက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေဖော်ထုတ် ထိန်းသိမ်းကာ ကွယ် စောင့်ရှောက်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးသည်။

ထို့နောက် အစည်းအဝေးသို့ video conferencing ဖြင့်တက်ရောက်ကြသော တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အမျိုးသားဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စိစစ်ရေး ပညာရှင် အဖွဲ့ဝင်များက မိမိတို့ဆောင်ရွက်လျက်ရှိသော ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် လုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်