အမျိုးသားစာပေဆုရ၊ ဂီတထူးချွန်ပထမဆင့် မဟာဂီတဗဟိုအကဲဖြတ်ပညာရှင် စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့ ရေးသားပြုစုသော ခေတ်အဆက်ဆက်ယဉ်ကျေးမှု၏ တေးဂီတပဲ့တင်သံ

အမျိုးသားစာပေဆုရ ဂီတထူးချွန်ပထမဆင့် မဟာဂီတဗဟိုအကဲဖြတ်ပညာရှင် ရွှေကူနန်းနွဲ့နွဲ့ တင်ပြသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် စာတမ်းရှင်ရွှေကူနန်းနွဲ့နွဲ့ ဆွေးနွေးခန်း။

(ယမန်နေ့မှအဆက်)

လွင် ။ ။အခုကျွန်တော်တို့  ဆွေးနွေးလာတာ မြန်မာ့ဂီတရဲ့ ခေတ်အဆက်ဆက် တိုးတက်ပြောင်းလဲလာပုံတွေပေါ့နော်။ ကုန်းဘောင်ခေတ်ကို ရောက်ပြီမဟုတ်လား။

 

နန်း ။ ။ ကျွန်မတို့ရဲ့ မြန်မာ့မဟာဂီတသမိုင်းကို ဆွေးနွေးလာလိုက်တာ မဟာဂီတရဲ့ နောက်ဆုံးလို့ဆိုရမယ့်      ကုန်းဘောင်ခေတ်ကို ရောက်ပါပြီ။ ကုန်းဘောင်ခေတ်ရဲ့ ဂီတဖွံ့ဖြိုးမှု မှတ်တမ်းပြုမှုတွေဟာ မြန်မာ့မဟာဂီတရဲ့ ၇၅  ရာခိုင်နှုန်းလောက်ကို ရှိတယ်လို့  ဆိုချင်ပါ တယ်။ ဘာကြောင့်လဲဆို ကုန်းဘောင်ခေတ်မှာ ရှေ့က ပေါ်ပေါက်ခဲ့တဲ့ သီချင်းတွေကို ပိုမိုပြည့်စုံ ချောမွေ့အောင် ချဲ့ထွင်ကြတဲ့အပြင် အသစ်အသစ်သော တေးအမျိုးအစားတွေကိုလည်း ဖန်တီး မွေးဖွားပေးခဲ့လို့ပါပဲ။

 

လွင် ။ ။ ကုန်းဘောင်ခေတ်ကလည်း အတော်လေးတော့ ကြာမြင့်ခဲ့တာကိုးနော်။ အလောင်းဘုရား ဦးအောင်ဇေယျကစပြီး ပါတော် မူမင်း သီပေါမင်းအထိနော်။

 

နန်း ။ ။ ဟုတ်ပါတယ်ဆရာ။ ဥသြအော်မြည် ကုန်းဘောင်တည်ဆို မဟုတ်လား။ မြန်မာသက္ကရာဇ် ၁၁၁၅ ခုမှာ ကုန်းဘောင်ရွှေဘို ငါးမည်ရမြို့ တည်ခဲ့တာဆိုတော့ ပါတော်မူ သီချင်း ထဲက (ထောင့်နှစ်ရာ့လေးဆယ့်ခုနစ်ခုနှစ်မှာ အတည် တန်ဆောင်မုန်းလျှပ် ၈ ရက်နေ့ကိုတော့ မမေ့နိုင်ပါသည်။) ဆိုတော့ ကုန်းဘောင်ခေတ်ဟာ ၁၃၂ နှစ်ကြာတာပေါ့ဆရာ။ မင်းဆက် (၁၁) ဆက်ရှိပါတယ်။ အဲဒီကာလအတွင်း မြန်မာ့ဂီတ မြန်မာ့စာပေ၊ မြန်မာတို့ရဲ့ယဉ်ကျေးမှုလည်း အဖွံ့ဖြိုးဆုံး ဖြစ်ခဲ့ပါတယ်။

 

လွင် ။ ။ ကုန်းဘောင်ခေတ်ကြီး တစ်ခေတ်လုံးကို ခြုံငုံဖော်ပြဖို့တော့ လိုမယ်ဗျ၊ သိပ်များပြီး သိပ်ရှည်လျားသွားမှာလည်း စိုးရတယ်။

 

နန်း ။ ။ စိတ်ချပါဆရာ။ အများသိသင့်တဲ့ ထင်ရှားတဲ့သီချင်းတချို့ပဲ ထုတ်ပြပါမယ်။ ဒါပေမဲ့ အမျိုးအမည်များများ ပေါ်ပေါက်ပေ မယ့် သီချင်းအမျိုးအစားအလိုက် ခွဲခြားရင် ရှင်းသွား မှာပါ။ ဥပမာ - ပတ်ပျိုးဆိုပါတော့၊ ‘ချစ်သမျှကို’တို့ လို မဟာမြတ်မုနိဘုရားကြီး ပတ်ပျိုး၊ “လေးဒီပါ” တို့လို မဲဇာတောင်ခြေရတုမှ ပေါက်ဖွားလာတဲ့ “မဲဇာတောင်ခြေ” ပတ်ပျိုးတို့လို ထင်ရှားတဲ့ အလှဘွဲ့ ပပဝင်းဝင်း၊ နွေဦးအလှဘွဲ့ မြမြ မောင်းမောင်းတို့လောက် ထုတ်ပြပါမယ်။

 

လွင် ။ ။ ပတ်ပျိုးကတော့ ဟုတ်ပါပြီ။ ယိုးဒယား တေးသီချင်းတွေအကြောင်း နည်းနည်း ရှင်းပြမှဖြစ်မယ်။

 

နန်း ။ ။ ယိုးဒယားဆိုတာ မြန်မာတွေရဲ့ အသံထွက်နဲ့ ခေါ်ဆိုခြင်းပါပဲ။ ယနေ့ ထိုင်းနိုင်ငံရဲ့ ရှေးမင်းနေပြည်မြို့တော်ဟာ ‘အယုဒ္ဓယ’ဖြစ်ပါတယ်။ အဲဒီအယုဒ္ဓယကို ယုဒ္ဓယ ယုဒ္ဓယနဲ့ မြန်မာတွေခေါ်ဝေါ်ရင်း “ယိုးဒယား” ရယ်လို့ တွင်သွားတာဖြစ်ပါတယ်။ မြန်မာမင်းတွေ လက်ထက်က ယိုးဒယားနဲ့ စစ်ဖြစ်ကြရာမှာ ဒုတိယဘုရင့်နောင်ကျော်ထင် နော်ရထာလက်ထက် မှာတစ်ကြိမ်၊ ကုန်းဘောင်ခေတ် အလောင်းဘုရား ဦးအောင်ဇေယျရဲ့ ဒုတိယသားတော် “ဆင်ဖြူရှင်” လက်ထက်မှာတစ်ကြိမ် မြန်မာတို့ အယုဒ္ဓယကို အောင်မြင်ပြီး သိမ်းယူနိုင်ခဲ့ပါတယ်။ ယိုးဒယား “သုံ့ပန်း”တွေကို ခေါ်ဆောင်ခဲ့ရာမှာ ပညာသည် အမျိုးမျိုးတို့ မြန်မာပြည်ကိုပါလာပြီး ဒီမှာတာဝန် အမျိုးမျိုး ထမ်းဆောင်ကြရပြီး ယိုးဒယားရပ်ကွက်တွေ အစုအဝန်းတွေနဲ့ နေရာချထားပေးတယ်။ အဲဒီပညာသည်တွေထဲက သူတို့ ယိုးဒယားသီချင်း တချို့ (ရာမလက္ခဏ ဇာတ်ဝင်) ကို မြန်မာအသံနဲ့ ဖလှယ်ယူပြီး မြန်မာမှုပြုပါတယ်။

 

လွင် ။   ။ ဆရာမရဲ့ရှင်းလင်းချက်က သိပ်ကောင်းပါတယ်။ ရှေးကတော့ ကိုလိုနီဆိုတဲ့ နယ်ချဲ့ကြတဲ့ခေတ်ကိုး။ ဒီမှာပဲ ယဉ်ကျေးမှုဖလှယ် ခြင်း၊ ကူးလူးဆက်သွယ်ခြင်းတွေ ရှိလာတာကိုးနော်။

 

နန်း ။ ။ ဟုတ်ပါတယ်၊ နာမည်ကျော် “ပန်းမြိုင်လယ်”ဟာ အထင်ရှားဆုံးပါပဲ။ ရာမ ဇာတ်လာသီချင်းတွေ အများအပြား ပေါ်ထွက်လာ တယ်။ သီချင်းရေးဆရာ စာဆိုကြီးတွေကတော့ “ပြင်စည်မင်းသားကြီးနဲ့ မြဝတီမင်းကြီးဦးစ”တို့ ဟာ ထင်ရှားပါတယ်။ ပြင်စည်မင်းသားကြီး တစ်ဦး တည်းကပဲ (ရွှေ၊ နှင်း၊ တော၊ မြိုင်၊ ပန်း၊ ခိုင်၊ မှော်၊ မှိုင်း)ဆိုတဲ့ ယိုးဒယားစစ်စစ်အသံတွေကို မြန်မာသို့ပြန်ဆိုပြီး မြန်မာမှုပြုထားတဲ့ ယိုးဒယား ရှစ်ပုဒ်ကို အထင်အရှားရှိနေပါတယ်။

 

လွင် ။ ။ အတိုကောက် မှတ်သားထားတာကို အပြည့်အစုံပြောပါဦးဗျာ။

 

နန်း ။ ။ ဟုတ်ကဲ့

-ရွှေဆိုတာ ရွှေတညာ                                                  

-နှင်းဆိုတာ နှင်းယွန်းခါ ဟေမန်

- တောဆိုတာ တောတောင် စွယ်

- မြိုင်ဆိုတာ တောမြိုင် ခြေလမ်း

- ပန်းဆိုတာ ပန်းမြိုင်လယ်

- ခိုင်ဆိုတာ ခိုင်ပန်းစုံ

- မှော်ဆိုတာ မှော်ရုံဟေဝန်

- မှိုင်းဆိုတာ မှိုင်းမှုံပြာညို

ဒီသီချင်းတွေကတော့ ရာမလက္ခဏ သီတာဒေဝီ၊ ဒဿဂီရိတို့ရဲ့ဇာတ်ထဲက ဇာတ်ဝင်သီချင်းတွေ များပါတယ်။ တချို့ကတော့ ကုန်းဘောင်ခေတ်မှာ မြဝတီမင်းကြီးတို့ စုဖွဲ့ရေးသားတဲ့ “အီနောင်” နန်းတွင်းဇာတ်ထဲက ဇာတ်ဝင် သီချင်းတွေလည်း ပါပါတယ်။

 

လွင် ။ ။ ယိုးဒယားသီချင်းတွေ ထဲမှာတော့ပန်းမြိုင်လယ်နဲ့ မှော်ရုံဟေဝန်က အကျော်ကြားဆုံးနဲ့ ဇာတ်ပွဲတွေမှာ အသုံးအများဆုံး ပေါ့နော်။

 

နန်း ။ ။ ဟုတ်ပါတယ်။ ဂီတပညာ လေ့လာလိုက်စားသူတွေဟာ ပန်းမြိုင်လယ်ကို ရအောင်သင်ယူ တတ်ယူထားကြရပါတယ်။ ဒီသီချင်းက စာအရ၊ တီးကွက်တေးသွားအရ အလွန်ပြည့်စုံတာမို့ သူတစ်ပုဒ်ရထားပြီးရင် ကျန်သီချင်းတွေ သိပ်မခက်တော့ပါဘူး။

 

နန်း ။ ။ ရာမဇာတ်မှာအရေးပါတဲ့ သမင်လိုက်ခန်းကို နာမည်ကျော် မှော်ရုံဟေဝန် သမင်လိုက် ယိုးဒယားကို ရှုကြည့်နားဆင်နိုင်ပါတယ်။

 

နန်း ။ ။ ပြင်စည်မင်းသားကြီးနဲ့ မြဝတီမင်းကြီး တို့ဟာ ဘုရင့်အမိန့်နဲ့ ဒီ “ရာမာယန” ဇာတ်ကြီးဇာတ်ပို့ဆိုင်ရာဆိုင်ရာ တီးလုံးတီးချက် တွေကို ရေးသားဖန်တီးခဲ့ကြလို့ “မြန်မာရာမ”ဟာ ကမ္ဘာမှာ၊ အာဆီယံမှာ မျက်နှာပန်းလှခဲ့ပါတယ်။ ဒီပညာရှိကြီးတွေကို လေးစားသောအားဖြင့် နှောင်းလူတွေ၊ အနုပညာရှင်တွေက မူမပျက် ထိန်းသိမ်းကြရပါမယ်။

 

လွင် ။ ။ မှန်တာပေါ့ဗျာ။ ကျွန်တော်တို့မှာ ထိန်းသိမ်းရကျိုးနပ်ပြီး အခါသင့်လို့ ထုတ်ပြတဲ့အခါမှာလည်း အဆင့်အတန်း မြင့်တဲ့အဆို အတီး၊ အကအပြတွေ ပြည့်ပြည့်စုံစုံရှိနေတာ အလွန်ဂုဏ်ယူစရာပါ။

 

နန်း ။ ။ အဲဒီပြင်စည်မင်းသားရေး ယိုးဒယား ရှစ်ပုဒ်မှာ                                                               

ရွှေ - ရွှေတညာ

နှင်း      - နှင်းယွန်းခါဟေမန်

တော- တောတောင်စွယ်အစရှိတာ တွေဟာ တစ်ပုဒ်ချင်း အဆို၊ အတီးအဓိပ္ပာယ် အလွန်သိမ်မွေ့နက်နဲတယ်ဆရာ။

နန်း ။ ။ ဒီရှစ်ပုဒ်က ယိုးဒယားဘာသာ ကနေ တိုက်ရိုက်ယူပြီး မြန်မာမှုပြုတယ်၊ ဒီရှစ်ပုဒ်အပြင် အခြားရာမဆိုင်ရာ သီချင်း တွေလည်း ရှိသေးတယ်။ ဥပမာ “ကြိုညိုစရာ”ဆိုရင် အရေးပါတဲ့ ဇာတ်ဝင်ခန်းဖြစ်တဲ့ သုဂျိတ်နဲ့ ဘာလီတို့ ထွက်တဲ့အခန်းမှာ ဆိုရ၊ တီးရတဲ့သီချင်း။ ရှေးကတော့ လူမကသေးဘူး အမြင့်သဘင်ဖြစ်တဲ့ “ရုပ်သေး”မှာ ဒီအခန်းဟာ သိပ်ကိုပရိသတ် ကြိုက်တဲ့အခန်းပေါ့။

 

နန်း ။    ။ နောက် နန်းသီဟိုဠ်ဆိုတဲ့ မှော်ပြန်ယိုးဒယားဆိုရင်လည်း ဘီလူးမ မိဂမ္ဘီကို သားနှစ်ယောက်နဲ့ နယ်ပယ်ကျယ်ဝန်းပုံပြတဲ့ အခန်းမှာ ဘီလူးမယိမ်း သို့မဟုတ် သားနှစ်ယောက် နဲ့ ဂမ္ဘီကို အော်ပရာအသွင်ပြကြတာ။

 

လွင် ။ ။ ရာမကတော့ အတော်စုံပြီဗျာ။ ကုန်းဘောင်ခေတ်ရဲ့ ယိုးဒယားအပိုင်း က ကျန်သေးလား။

 

နန်း ။ ။ ကျန်ပါသေးတယ်။ မင်းနေပြည် မန္တလေးကို ဖွဲ့တဲ့တေးတွေက ချန်ထားခဲ့လို့ မရအောင် ကောင်းကြတယ်၊ ကျက်သရေရှိကြတယ်။ အောင်မင်္ဂလာယိုးဒယား၊ စိန္တေကိုးသွယ် ဂုဏ်မြမန်းဂီရိ၊ ဝေဇယန္တာ၊ နန်းဘုံသီဟာဗွေ အများကြီးရှိတဲ့အထဲက သင်လို့လွယ်တဲ့ ‘မြမန်းဂီရိ’ ဆိုရင် အတီးသင်၊ အကသင် အလွန်ကောင်းပေါ့။

 

လွင် ။ ။ ယိုးဒယားထဲမှာ “လျှပ်ပန်းခွေနွဲ့”က အတော် လူကြိုက်များတယ်နော်။ ဒါလေးပြောပါဦးဗျာ။

 

နန်း ။ ။ ဟုတ်ကဲ့။ “လျှပ်ပန်း”ကို နန်းသိမ်း ယိုးဒယားလို့ အမည်တပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သီပေါမင်းနဲ့ စုဖုရားလတ်တို့ နန်းတက်ပွဲမှာ အချုပ်တန်းဆရာဖေက “ရေမီးထိန်လျက်” ဆိုတဲ့ နန်းသိမ်းယိုးဒယားကို ရေးသား ဆက်သွင်းပါတယ်။ နန်းသိမ်းပွဲမှာ စိန်ဗေဒါကြီးရဲ့ ဖခင် နန်းတွင်းစိန်ဆိုင်းတော်တီး “ဆရာဖေ”ကြီးက အဆိုဒေါ်ခင်လေးနဲ့တွဲဖက်ပြီး အသုံးတော်ခံလို့တစ်မူထူးတဲ့ နန်းသိမ်းယိုးဒယားဟာ လူကြိုက်များပြီး ရတနာပုံမြို့တော်မှာ ဟိုးဟိုးကျော် ခေတ်စား သွားပါတယ်။

 

ဒါကြောင့် နာခံတော် ဦးခြုံဆိုတဲ့ စာဆိုကြီးကလည်း သိကြားနဲ့အသူရာ စစ်တိုက်တဲ့ဟန်နဲ့ မိုးကိုဖွဲ့တဲ့“လျှပ်ပန်းခွေနွဲ့” ကို ရေးလိုက်ပါတယ်။ ဒါပေမဲ့ တေးသွားဟာ “ရေမီးထိန်လျက်” နန်းသိမ်း ယိုးဒယားကို လိုက်တာမို့ ဒီလျှပ်ပန်းကိုလည်း နန်းသိမ်းယိုးဒယားလို့ အမည်တပ်ပါတယ်။

 

နောက်တစ်ယောက်ကလည်း ပုခက်တင်မင်္ဂလာ အတွက် “စိန်ယာဉ်” နဲ့ဆိုပြီး တစ်ပုဒ်က တေးသွား အလိုက်ရေးပါတယ်။ ဒါကြောင့် ရတနာပုံခေတ်မှာ နန်းသိမ်းယိုးဒယား သုံးပုဒ်ရှိခဲ့ပါတယ်။ ပါတော်မူပြီး ဒီဘက်ကိုလိုနီခေတ် လွတ်လပ်ရေးမရမီမှာပဲ ရန်ကုန်လှည်းတန်း ဦးလှကလေးကြီးဆိုသူက “ရပ်ကြီးသူ” ဆိုတဲ့ “လှည်းယဉ်တော်ဘွဲ့”ကို ဒီအလိုက်နဲ့ပဲ ရေးသားပြန်ပါတယ်။ ဒါကြောင့် မဟာဂီတမှာ နန်းသိမ်းယိုးဒယား လေးပုဒ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ပထမရေးသူက သုံးပိုဒ်၊ နောက်ငါးပိုဒ်၊ နောက် ခြောက်ပိုဒ်အထိ တိုးချဲ့ရေးဖွဲ့ပြီး တီးကွက်ဆန်းတွေ ထည့်လာတဲ့အတွက် “ရပ်ကြီးသူ” ကတော့ အလွန်ရသမြောက်တဲ့ ယဉ်ကျေးမှုကဇာတ်က မွေးမြူထားတဲ့ အော်ပရာ တစ်ခုအဖြစ် ရပ်တည်နေပါတယ်။

 

နန်း ။ ။ မဟာဂီတဟာလည်း သီပေါမင်း နန်းသိမ်းယိုးဒယားဟာ နောက်ဆုံးဖြစ်ခဲ့ပါတယ်။ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်မှာ ပေါ်ပေါက်တဲ့ သီချင်းတွေကတော့ မဟာဂီတစာရင်း ဝင်မဟုတ်တော့ပါဘူး။

 

လွင် ။   ။ ပတ်ပျိုးအကြောင်း ဆွေးနွေးသင့်ပါပြီ။

နန်း ။    ။ အမှန်တော့ပတ်ပျိုးက ယိုးဒယား ရှေ့မှာရှိနေခဲ့တာပါ။ ဆင်ဖြူရှင် မင်းတရား ယိုးဒယားကို စစ်အောင်တဲ့ အကြောင်းနဲ့ ဆက်နွှယ်ပြီး ယိုးဒယားစကားလုံးကို ရှင်းရင်းသီချင်းတွေ ဆွေးနွေးကြတာပါ။ အခုပတ်ပျိုး ဆွေးနွေးမယ်နော်။ စစချင်း ပတ်ပျိုးလို့ အမည်မတပ်သေးပါဘူး။ ရှေ့ကံကြိုးဘွဲ့ သီချင်းခံတို့က သံရိုးနှင့်သီဆိုတီးမှုတ်ပြီး ပညာရှင်တွေ ဆန်းသစ် တီထွင်လို့ အသံဆန်းတာလေးတွေ ရေးဖွဲ့နိုင်လာတယ်။ အသံကိုလည်း လေးပေါက်အောက်ပြန်နဲ့ တီးမှုတ်ရန်လို့ စောင်းတူရိယာကိုမူတည်ပြီး သတ်မှတ်ပေးခဲ့ကြပါတယ်။ သံရိုးသီချင်းတွေနဲ့အတူ အသံဆန်းလာလို့ သံဆန်းသီချင်းတွေလို့ မှတ်သားခဲ့ပါတယ်။ ဒီလိုအသံအပြောင်းအလဲကြောင့် သီဆိုသူနားထဲ အသံမစွဲဘူး။ ခက်ခဲနေ တယ်။ ဒါကြောင့် ပတ်လုံးကလေးတွေနဲ့ အတီးဆရာက အသံပြပေး၊ အစပျိုးပေးရပါတယ်။ ပတ်လုံးကလေးတွေနဲ့ အစပျိုးပေးရလို့ “ပတ်ပျိုး” အမည်တွင်ခဲ့ပါတယ်။ ပတ်ပျိုးအစ ပတ်ပျိုးခံတီးလုံး ကို နားဆင်နိုင်ပါတယ်။

 

နန်း ။ ။ ချစ်သမျှကိုက နာမည်ကျော်ပါတယ်။ သာယာဝတီမင်းရဲ့မိဖုရား အနောက် နန်းမတော် မမြကလေးရေးတယ်။ အချစ်နဲ့သစ္စာ ကို လေးနက်မှုစကားလုံးတွေနဲ့ တန်ဆာဆင်ရေးဖွဲ့ပြီး တီးကွက်တီးလက်မှာလည်း ဆန်းပြားပြီး လှပ နေပါတယ်။ ဇာတ်ပွဲတွေမှာတော့ ကလို့ကောင်းအောင် ရေးဖွဲ့ထားတဲ့ (သံသာလေကမ်းတိုင်၊ တူပြိုင်လေ ကူးမယ်၊ ဆုထူးငယ်ပန်ရွယ်ညွှန်း။) (ချစ်လို့ရယ် မကုန်၊ ဝသုန်ဤမြေသိကြားစေ၊ သက်သေညွှန်း။) ဆိုတဲ့ လောကနတ်တေးသွားနဲ့ မြူးမြူးကြွကြွ ရေးထားတာမို့ နှစ်ပါးသွားအကဟာ ပသာဒရှိပြီး လူကြိုက်များလှပါတယ်။

 

လွင် ။ ။ ကျွန်တော်ထင်တယ်။ နှစ်ပါးသွားအက၊  အဆို၊ အတီးမှာတော့ ဒီသီချင်းကို ကျော်နိုင်တဲ့သီချင်းမရှိလောက်ဘူး။

 

နန်း ။ ။ ချစ်သမျှကို သီချင်းကို ဘယ်ဇာတ် မင်းသားမဆို၊ ဘယ်မင်းသမီးမဆို ရအောင်တတ်ယူထားပြီး ကကွက် ဖော်ကြတာ ပါပဲ။

 

လွင် ။   ။           မဟာဂီတ ခေတ်ကောင်းတုန်းကဆိုရင် ကာလသားတွေ အထူးတတ်ယူကြတာပေါ့။ ချစ်သမျှကိုမရရင် အဆိုတော်မဟုတ်သေးဘူးလို့ ဆိုရမှာပေါ့။ အတီးသမားလေးတွေကလည်း တတ်ယူကြတာပါပဲ။ ကိုယ်ရည်ညွှန်းချင်တဲ့လူ အိမ်ရှေ့မှာ မယ်ဒလင်၊ တယောလေးနဲ့ အသံပေးကြတာကိုး။

 

နန်း ။   ။           သီချင်းက စကားလုံးပြောင်မြောက်တယ်။ တီးကွက်တွေကောင်းတယ်။ နောက်ဆုံး ဘုရားမှာ သစ္စာပြုတယ်၊ ဘုရားရှင်ကို ဦးထိပ်ထားတာကြောင့် စ၊ လယ်၊ ဆုံး ကောင်းနေ ပါတယ်။

 

လွင် ။ ။ ပတ်ပျိုးထဲက နောက်ဘယ်သီချင်းတွေ ဆွေးနွေးရင်ကောင်းမလဲဗျာ။

 

နန်း ။ ။ အလှဘွဲ့ “ပပဝင်းဝင်း”ဆွေးနွေးချင်ပါတယ်။

 

လွင် ။   ။ ဒါလည်း ကာလသားကြိုက် တေးတစ် ပုဒ်ပါပဲ။ ကျွန်တော်တို့ ငယ်ငယ်တုန်း က ကြိုက်ခဲ့ရတဲ့တေးပါ။

 

နန်း ။ ။ မိန်းကလေးအလှကို ဆံပင်ကနေ ခြေဖျားအထိ ကွက်ကွက်ကွင်းကွင်း မြင်စေဖို့ ရေးဖွဲ့ပါတယ်။ ထူးခြားတာက ကုန်းဘောင်ခေတ်က မိန်းကလေးတွေရဲ့ အလှအပတစ်ခုချင်းဟာ ဒီခေတ် မိန်းကလေးတွေအထိ သက်ရောက်မှုရှိနေပါ တယ်။ (ဟန်တစ်ခါပြင် ရွှေစင်ဆယ်တင်း ဆက်သွင်း ပုံချေ သိန်းတန်တဲ့မေ) ဆိုတာ ဒီခေတ်မိန်းကလေး တွေဆိုရင်လည်း ကုန်ကျစရိတ်တွေနဲ့ စာဖွဲ့လို့ မကုန်အောင်ပါဘဲ။

 

လွင် ။ ။ ပပဝင်းဝင်းနဲ့ တစ်တွဲတည်း မြမြမောင်းမောင်းကိုလည်း ဆွေးနွေးပါဦးဗျာ။

 

နန်း  ။ ။ မြမြမောင်းမောင်းကတော့ ကျွန်မဓာတ်ပြားရ သီချင်းမို့ ပိုပြီးဆွေးနွေးချင်ပါတယ်။ သီချင်းက ဘုံပျံနေနန်း ပတ်ပျိုးကြီး ထဲက တပေါင်းလရာသီကိုဖွဲ့တဲ့ အလွမ်းဦးစားပေး သီချင်းပါ။ နွေဦးရာသီမှာ သစ်ရွက်တွေကြွေခါနီး အစိမ်း ရင့်ရောင်ပြောင်းလာပုံ၊ နွေဦးလေရူးကြောင့် သစ်ရွက်ကြွေပုံတွေ၊ ဆောင်းမှနွေအကူး လေရူးကြောင့် ဖော်မစုံသူ အေးလာရပုံတွေဖွဲ့ပါတယ်။ ကျွန်မအကြိုက်ဆုံးကတော့ (သဇင်လေ၊ ချယားလေ၊ စံကားလေ၊ စပ္ပယ်လေ၊ စံဖီ၊ စံဖီရွှေသွယ်၊ ပျံ့လှယ်ဝတ်မှုန်မွှေး၊ လေပြည်တသွေးသွေး၊ စုံမြိုင် ယံကျေးက၊ ပန်းသာထွေ။ ဆောင်းယွန်းယိုင်နွေ၊ လေဝန်းရစ်ကာခွေ၊ ရွက်ဝါကြွေ၊ နွေမူးမူး၊ ချိန်ခါမီ မိန်ရာသီလသာခေါင်၊ မြလွှာမှောင်၊ တောင်ခိုးမြူး၊ ရွှေဖီဖူး ပေါ်ရော့မယ်လေးလေ့ မေ့ရက်ကယ်နေနိုင်တယ်။)

 

ဒီအပိုဒ်ကိုအကြိုက်ဆုံးပါပဲ။ တန်ခူးလ ကံ့ကော်ပန်း၊ ကဆုန်လစံကားဝါပန်း အစရှိတဲ့ ပွင့်လာလိုက်တာ နှစ်တစ်နှစ်ရဲ့ နောက်ဆုံး တပေါင်းလ မိန်ရာသီမှာပွင့်တဲ့ သရဖီပန်းကလေး ပေါ်လာတာတောင် ချစ်သူက တစ်ကြိမ်မှ လာမကြည့်။ စိမ်းကားလိုက်တာလို့ ချစ်စဖွယ်၊ သနားစဖွယ်ရေးဖွဲ့ပါတယ်။

 

လွင် ။ ။ အပေါ်ပိုဒ်မှာပါသွားတဲ့ “ရတစေ” စကားလုံးလေးလည်း ရှင်းပါဦးဗျာ။

 

နန်း  ။ ။ (ဝေယံလယ် စံပယ်မြနှယ်လေ၊ ရ-တစေနေလွန်းအား၊ ပူသူများ ပူရော့မယ်လေးလေ့ မေ့ရက်ကယ်နေနိုင်တယ်။) ဘဘ ဦးသုခ ရှင်းပြတာမှာ ရ-တစေမဟုတ်၊ ရတစေလို့ဆိုရမယ်။ ဒီလိုဆိုထားပါတယ်။ “ရတစေ”ဆိုတာ ကတော့ ရှေးကပေါရာဏ စကားလုံး အသုံးလေးပါပဲ။ မြန်မာလိုတည့်တည့်ပြောရင် စိမ်းကားခြင်း၊ ရက်စက်ခြင်း၊ နောက်ခိုင်းထားခြင်း၊ ပစ်ထားခြင်းလို့ ဆိုလိုပါတယ်။ ဟုတ်ပါတယ်။ ရာသီအလီလီ ပြောင်းတာတောင်၊ ပန်း ၁၂ မျိုး ပွင့်သွားတာတောင် တစ်ကြိမ်မှ ချစ်သူကို ပြန်မကြည့်ဘဲ ပစ်ထားရက်တာကြောင့် “ရတစေ” စကားလုံးဟာ ထိမိလှပါ တယ်။

 

လွင် ။ ။ ရာမာယနထဲက တေးသီချင်းတွေက ယိုးဒယားသီချင်းတွေလို့ သိထားပါတယ်။ ဒါပေမဲ့ ပတ်ပျိုးထဲမှာလည်း ရာမဇာတ် ထွက်သီချင်း “ဘုန်းမြမြမင်း”တို့၊ “ဒီပါမြေ”တို့ ရှိသေးတယ်မဟုတ်လား။

 

နန်း ။ ။ ‘ဘုန်းမြမြမင်း’ကို “သာယာဝတီ ဦးဝိုင်း”ရေးတယ်။ ‘ဒီပါမြေ’ကိုတော့ “ဇာတ်ဆရာ မောင်ကျောက်ခဲ” ရေးခဲ့တယ်။ ဇာတ်ဆရာ မောင်ကျောက်ခဲဆိုတာ လက်ဝဲသုန္ဒရ အမတ်ကြီးရဲ့ မြေးဖြစ်ပါတယ်။ အဘိုးဖြစ်သူက ကုန်းဘောင်ခေတ်ဦးမှာ မဲဇာတောင်ခြေကြောင့် ကျော်ကြားတယ်။ မြေးဖြစ်သူက ကုန်းဘောင် နှောင်းပိုင်းမှာ ကျော်ကြားတယ်။ ပတ်ပျိုးရေး အလွန်ကောင်းပြီး အလွမ်းပိုင်တဲ့ စာဆိုကြီးပါ။

 

လွင် ။ ။ “ဘုန်းမြမြမင်း”ကိုလည်း ဆွေးနွေး ပါဦး။

 

နန်း  ။ ။ စကားလုံးတွေက ခေတ်ဆန်လာတယ်။ တေးသွားက သွက်လက်တယ်။ ဒါ့အပြင် အဲဒီခေတ်ကတည်းက နိုင်ငံခြားက တရုတ်သံ (ကောင်းတုံသံ)၊ ကုလားသံ၊ ဘုရင်ဂျီ ကျောင်းတက်သံဆိုတာတွေကို မြန်မာသီချင်း စာသားထဲမှာ တေးသွားအနည်းငယ်စီ ထည့်သွင်း စပ်ဆိုကြတဲ့ လက်စွမ်းပြတေးတွေကို လေ့လာတွေ့ရှိရပါတယ်။ ။