အမျိုးသားစာပေဆုရ၊ ဂီတထူးချွန်ပထမဆင့် မဟာဂီတဗဟိုအကဲဖြတ်ပညာရှင် စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့ ရေးသားပြုစုသော ခေတ်အဆက်ဆက်ယဉ်ကျေးမှု၏ တေးဂီတပဲ့တင်သံ

အမျိုးသားစာပေဆုရ၊ ဂီတထူးချွန်ပထမဆင့် မဟာဂီတဗဟိုအကဲဖြတ်ပညာရှင် စာရေးဆရာမကြီး ရွှေကူနန်းနွဲ့နွဲ့ ရေးသားပြုစုသော ခေတ်အဆက်ဆက်ယဉ်ကျေးမှု၏ တေးဂီတပဲ့တင်သံ

 

အမျိုးသားစာပေဆုရ ဂီတထူးချွန်ပထမဆင့် မဟာဂီတဗဟိုအကဲဖြတ်ပညာရှင် ရွှေကူနန်းနွဲ့နွဲ့ တင်ပြသည်။

 

မြန်မာနိုင်ငံဂီတအစည်းအရုံးဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် စာတမ်းရှင်ရွှေကူနန်းနွဲ့နွဲ့ ဆွေးနွေးခန်း။

 

ဦးလွင်မြင့်။  ။ ကျွန်တော်တို့    မြန်မာနိုင်ငံမှာ  တစ်နှစ်တစ်ကြိမ်  နိုင်ငံတော်က ကြီးမှူးကျင်းပတဲ့ “အဆို၊ အက၊ အရေး၊ အတီး”  ပြိုင်ပွဲကြီး ကျင်းပနေချိန်မှာ “ခေတ်အဆက်ဆက် ယဉ်ကျေးမှု၏ တေးဂီတ ပဲ့တင်သံ”ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ဆွေးနွေးပွဲကို စလိုက်ကြရအောင်ပါ။

 

ရွှေကူနန်းနွဲ့နွဲ့။   ။ကောင်းတာပေါ့ဆရာ။ ဆရာတို့၊ ကျွန်မတို့ အသက်အရွယ်အရ နောက်လူတွေကို ကျွန်မတို့ ဆည်းပူးခဲ့သမျှ၊ သိထားတတ်ထားတာလေးတွေကို မှတ်တမ်း အဖြစ် ထားခဲ့ဖို့တာဝန်ရှိပါတယ်ဆရာ။

လွင် ။   ။ဒါကြောင့်ပဲ မဟာဂီတဆရာမ ကြီးနဲ့ ဒီနေ့ဆွေးနွေးရမှာပါ။ ကျွန်တော်တို့ ဂီတဆိုတဲ့အရာကို လေ့လာမယ်၊ ခြေရာကောက်မယ်ဆိုရင် ကိုယ်ပိုင်ဂီတရဲ့ သရုပ်သကန်ကို ခေတ်အဆက်ဆက် သမိုင်းနဲ့ချီပြီး ပြောရ မှာပါ။

 

နန်း ။   ။ ဟုတ်ပါတယ်။ မြန်မာတို့ရဲ့အစော ဆုံးခေတ်အဖြစ် သမိုင်းတင်တာ ပျူခေတ်ပါ။ ပျူခေတ်မှာ စာပေနဲ့ သမိုင်းမတင်သေးပေမယ့် ဂီတရှိနေကြောင်းကို တူးဖော်ရရှိတဲ့ အထောက်အထားတွေအရ အသေအချာ ပြောနိုင်ပါပြီ။ တူးဖော်ရရှိတဲ့အရုပ်ကလေးတွေဟာ တီးမှုတ်သီဆိုကခုန်နေကြတဲ့ အရုပ်ကလေးတွေဖြစ်လို့ မြန်မာ့ဂီတ၊ မြန်မာ့တူရိယာ အဆို၊ အတီး၊ အက ပြည့်စုံနေတာကိုတွေ့ရပါတယ်။

 

လွင်    ။   ။ ဒီအရုပ်ကလေးတွေက နိုင်ငံခြားကို ရောက်သွားပြီး ကာလတစ်ခုကြာမှ မြန်မာပြည်ကို ပြန်ရောက်လာတယ်လို့ သိထားပါတယ်။ ယခုကာလမှာတော့ ပြတိုက်တွေမှာ ပုံတူတွေပွားပြီးပြထားတာမို့ ပြည်မြို့က အမျိုးသားပြတိုက်၊ ရန်ကုန်နဲ့ နေပြည်တော်ပြတိုက် တွေမှာလည်း လေ့လာနိုင်ကြပါတယ်။

 

နန်း     ။   ။ ပျူခေတ်မှာ ပျူမင်းသားတစ်ပါး က အနုပညာရှင်အဖွဲ့ဝင်နှစ်ဆယ်ကျော်နဲ့ တရုတ်ပြည်ကို ချစ်ကြည်ရေးသွားရောက်ခဲ့တယ်။ တရုတ်ဘုရင်ရဲ့နန်းတော်ထဲမှာ အဆို၊ အတီး၊ အကတွေနဲ့ ဖျော်ဖြေပြီး မြန်မာ့ယဉ်ကျေးမှုကို ပြသခဲ့တယ်ဆိုတာ တရုတ်သမိုင်းမှာလည်း မှတ်တမ်းရှိနေပါတယ်။

 

လွင်    ။   ။ ဂုဏ်ယူစရာ အထောက်အထား ပါပဲဗျာ။ ပျူခေတ်ပြီးတော့ ပုဂံခေတ်ရောက်ပြီပေါ့။ မဟာဂီတဆရာမကြီးတို့ရဲ့ ဆည်းပူးခဲ့သမျှ မျှဝေပေးပါဦး။

 

နန်း     ။   ။ ပု၊ ပင်း၊ အင်း၊ တောင်၊ ညောင်၊ ကုန်းဘောင်။

           ပုဂံခေတ်၊

           ပင်းယခေတ်၊

           အင်းဝခေတ်၊

           တောင်ငူခေတ်၊

           ညောင်ရမ်းခေတ်၊

           ကုန်းဘောင်ခေတ်ဆိုပြီး

 

ဆင့်ကဲပြောင်းလဲလာရာမှာ ပျူခေတ်မှ ပုဂံခေတ်ရောက်တော့ မြန်မာစာပေ၊ ဗုဒ္ဓစာပေအတော်ကြီး ထွန်းကားလာပြီ။ ရှင်အရဟံနဲ့ အနုရုဒ္ဓါအမည်ခံအနော်ရထာမင်းကြီးတို့ရဲ့ သာသနာပြုလုပ်ငန်းတွေကြောင့် ပုဂံပြည်ကြီးမှာ ပိဋကတ်စာပေသင်ကြားသူ၊ သင်ယူသူတွေနဲ့ စာအံသံ၊ စာရွတ်သံတွေ ညံမစဲရှိပြီ။ သံဗျင်မင်းသမီးဆိုတာ သံဃာတော်တွေကိုတောင် စာပေပို့ချနိုင်ခဲ့တဲ့ သာဓကရှိပါတယ်။ အဲဒီစာပေ ထွန်းကားတာနဲ့အတူ ကဗျာလင်္ကာဂီတလည်း ထွန်းကားလာခဲ့တယ်။ ဘုရားပွဲတွေ၊ ဒါနပွဲတွေ၊ စစ်အောင်ပွဲတွေရှိလာပြီ။ ဂီတသဘင်ခင်းကျင်းမှု တွေလည်း ရှိလာပါပြီ။

 

လွင်    ။   ။ ကျွန်တော်တို့ ပုဂံဘုရားအများ အပြားမှာ ဆိုကြ၊ တီးကြ၊ ကကြတဲ့အရုပ်ကလေးတွေကို နံရံဆေးရေးပန်းချီတွေ၊ အုတ်ခွက်အရုပ်ကလေးတွေ တွေ့ရတာအထင်အရှားပါပဲ။

 

နန်း     ။   ။ ဂီတဟာ ကဗျာကစတယ်၊ ကဗျာ ကလည်း လင်္ကာကလာတယ်လို့ ပညာရှင်တွေ ဆိုမိန့်ပါတယ်။ ပုဂံခေတ်မှာ ပုပ္ပား နတ်တောင်ကို ဖွဲ့တဲ့လင်္ကာလေးကို လေ့လာကြရအောင်ပါ။

 “ပုပ္ပားနတ်တောင်ဘွဲ့”

သိုးကလေ၊

ပုပ္ပားနတ်တောင်

အခေါင်မြင့်ဖျား စုံတောပြား၌

နံ့ရှားကြိုင်လွင့်

ခါတန်ပွင့်သည်။

ရွှေနှင့်ယိုးမှား

ပန်းစံကား။

 

“သိုးကလေ”ဆိုတာ ပုပ္ပားတောင်ကလပ်ရဲ့ ပုံသဏ္ဌာန်ဟာ မြူတွေဆိုင်းတဲ့အခါမှာ သိုးဆောင်း ဦးထုပ်ဆောင်းထားတဲ့ပုံမို့ တင်စားပြီး ချစ်စဖွယ်အာလုပ်စကားနဲ့ “သိုးကလေ”လို့ ကဗျာသဘော နဲ့ ဖွဲ့ဆိုတာပါ။

 

လွင်    ။   ။ ပုဂံအကဟာ ဒီဘက်ခေတ်မှာ ပေါ်ပေါက်လာတဲ့ အကလို့ ကျွန်တော်တို့သိထားပါတယ်။ ဒါလေးလည်း ဆွေးနွေးပါဦး။

 

နန်း     ။   ။ ဟုတ်ပါတယ်။ ရှေးအကျဆုံး အမေထွေးတို့ (နန်းတွင်းမင်းသမီး မထွေးလေး) ခေတ်ကဒီအက မရှိသေး ပါဘူး။ လွတ်လပ်ရေးရပြီး ဒီဘက်ခေတ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနကို တည်ထောင်ပြီးတဲ့နောက် ပုဂံဘုရားတွေရဲ့ နံရံဆေးရေးပန်းချီတွေကို လေ့လာပြီး အကဗေဒကျွမ်းကျင်သူတွေက လူနဲ့ကိုယ်တိုင် “ခေါင်း၊ ခါး၊ ခြေ၊ လက်” ကကွက်စမ်းသပ်ပြီး သူတို့လှုပ်ရှားပုံအလိုက် စည်းဝါးနဲ့ လိုက်ဖက် မယ့် တီးကွက်ကို တစ်ခုချင်းဖန်ဆင်းတီထွင်ယူကြ ပါတယ်။ ပုဂံအကကို သေချာလေ့လာရင် ဘယ်တေးသွားကိုမှ အခြေခံယူ တီးမှုတ်ထားခြင်းမရှိပါဘူး။

 

ဘာကြောင့်လဲဆိုတော့ ပုဂံခေတ်မှာ ပေါ်ပေါက်ခဲ့တဲ့ တေးသီချင်းရယ်လို့ မှတ်တမ်းမှတ်ရာ မတွေ့ရလို့ပါပဲ။ ပုဂံအကကို ကြံဆတီထွင်ခဲ့ကြတဲ့ ပညာရှင်ကြီးတွေကတော့ ယုဝတီဒေါ်ခင်ညွန့်၊ ဒေါ်ဗလပြန်၊ စိန်တလေး၊ မြတလေးတို့ဖြစ်တယ် ဆိုတာ လေ့လာသိရှိရပါတယ်။ ပုဂံအကနဲ့ တီးချက်ကို တွေးယူပုံဖော်ခဲ့ကြတဲ့ ဒီယဉ်ကျေး မှုက ပညာရှင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပုဂံအကနဲ့ စည်းဝါးတီးကွက်တွေကို လေ့လာသင့်ပါတယ်။

 

ဒီလိုသံရိုးနဲ့ရှိခဲ့ရာက ပညာရှင်တွေ ဉာဏ်ကစားပြီး “ပတ်စာပိုးအသံ” ပတ်စာထည့်ပိုးထားတဲ့ အသံနဲ့ သီဆိုတီးမှုတ်ကြည့်တဲ့အခါ အခုကြည့်ရမယ့် ထောင်ရောင်နေ နန်းတွင်းယိမ်းဟာ မြန်မာ့ဂီတနဲ့ အကအလှ ယဉ်ကျေးမှုကို ဂုဏ်ယူဖွယ်တွေ့ရ ပါမယ်။

 

လွင်    ။   ။ ကြိုးပြီးတော့ ဘွဲ့လာမယ်နော်၊ ဘွဲ့ထဲမှာတော့ ‘ဂန္ဓမာတောင်’က ကာလသားတွေ ကြိုက်ကြတယ်နော်။

 

နန်း     ။   ။ ဟုတ်ပါတယ်၊ အလှမ်းမမီတဲ့ ချစ်သူလေးကို ယက္ခကုမ္ဘဏ်တွေစောင့်တဲ့ မဉ္ဇူသကနတ်ပန်းနဲ့ တင်စားတဲ့သီချင်းပါ။ အဲဒီသီချင်းနဲ့အလားတူ ရန်တကာအောင်ဆိုတဲ့ ဘုန်းတော်ဘွဲ့၊ သည်ဆောင်းဟေမာန် ဆိုတဲ့ သဇင်ပန်းဘွဲ့တွေရှိပါတယ်။

 

လွင်    ။   ။ သဇင်ပန်းကို တခမ်းတနားရေး ထားတာ သိပ်ကောင်းပါတယ်။

 

နန်း     ။   ။ တခမ်းတနားဆို ဘုရင်ခေတ်က ဒီပန်းဟာ အသုံးမတော်ရင် ရာဇဝတ်သင့်တဲ့ပန်းကိုး။

 

လွင်    ။   ။ ဘယ်လို ဘယ်လို ဆရာမရှင်းပြပါဦး။

 

နန်း     ။   ။ ဘုရင်ခေတ်က ဒီပန်းက တော်ဝင်ပန်း၊ အဆင့်မြင့်ဆုံးပန်း။ ဘုရင်မိဖုရား၊ မင်းညီမင်းသား၊ နန်းတော်သူ နန်းတော်သားတွေ ဦးဦးဖျားဖျားပန်ပြီးမှ အခြား လူတန်းစား ရိုးရိုးလူတွေပန်ဆင်ကြရတယ်။ ရာမ ရကန်ဦးတိုးက သူ့ရဲ့ရာမရကန်မှာ သဇင်ပန်းအချီ ရကန်တစ်ပိုဒ်ကို ရေးသားထားတာမှာ (ဝေယန် နန်းမြင့်၊ ပန်းတိုင်းတင့်မို့၊ မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ၊ ကွယ်ရာဈေးပင်၊ ရောင်းလို့များ မြင်မလား၊ သေချင်သေ၊ ရှင်ချင်ရှင်၊ အင်မတန့် အင်မတန်၊ ရာဇဝတ်တော်ခံရမည်၊ မြတ်ပန်းတော်ပန်း၊ ခိုင်လုံးလန်းကို၊ ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့် ဝင့်မတုံး၊ ဘုန်းနှင့်ကံနှင့် ရွှေသဇင်)လို့ ရေးခဲ့တယ်။

 

ရွှေနန်းတော်က “ပန်ကြစေ”အမိန့်ရမှ ပန်ရတယ်၊ သို့မဟုတ်ရင်ဖြင့် ရာဇဝတ်တော်သင့်မယ်တဲ့။ အဲဒီတော့ ... “သည်ဆောင်းဟေမန် သဇင်ပန်း” ဘွဲ့ ထဲက “ရွှေနန်းတော်လုံးအပိုဒ်ထဲက ရွှေသိုင်းညွန့် တလူလူ”ဆိုတဲ့ သဇင်ပန်းကြိုဆိုရာမှာ ဝင်းခင်းပြီး သိုင်းနဲ့ ကျိုင်းနဲ့ ကြီးကျယ်ခမ်းနားစွာကြိုကြပုံကို မြင်ကြည့်ကြရအောင်ပါ။

 

လွင်    ။   ။ နောက် ဘယ်ခေတ်၊ ဘယ်တေး အမျိုးအစားတွေကို ဆွေးနွေး ဦးမှာလဲခင်ဗျာ။

 

နန်း     ။   ။ အဲချင်းအကြောင်း ဆွေးနွေးကြပါ ဦးစို့။ အဲချင်းဟာ အမျိုးသမီးတွေရဲ့ နှုတ်မှုကျွမ်းကျင်တာကို ပြသတဲ့ကဗျာတစ်မျိုးပါပဲ။ အဲချင်းကို တစ်ဦးချင်းလည်း ရွတ်ဆိုနိုင်ပြီး အဲတိုင်၊ အဲခေါ်ဆိုတဲ့ အပြိုင်အဆိုင် ရွတ်ဆိုကြတဲ့ ဓလေ့လည်း ရှေးကရှိခဲ့ပါတယ်။ ဒီမှာတော့ “အဲမောင်ယာ” လို့ အဲချင်းအရေးကောင်းတဲ့ စာဆိုတော်ကြီး ဦးယာရဲ့ တန်ခူးလဘွဲ့အဲချင်းကို တင်ဆက်လိုက်ပါတယ်။

 

တန်ခူးလဘွဲ့အဲချင်း (ဦးယာ)

 

ပတ်လည်ငယ်မှဝန်းကျင်၊ တိမ်နဂါးရုံမင်းလွင်ပုံမှာ၊ မြူမုံဝိုက်သိုင်း၊ ကြည့်လေတိုင်းကို၊ မှိုင်လွင်လွင် ငယ်နှင့်လေး။ ထက်ခွင်မိုးလ စိတြနှင့် မိဿရာသီ၊ ချိန်ခါမယွန်း၊ ယှဉ်ပြိုင်ထွန်းကြတယ်၊ ပြည့်ဝန်းငယ်ညီသည်။ ခါအညီဆောင်ယွန်းလို့သွန်း၊ ညောင်ရေ သီတာနှင့်၊ သင်္ကြန်တာပွဲ။

 

လွင်    ။   ။ အင်းဝခေတ်ကနေ တောင်ငူခေတ် ရောက်လာတော့ နတ်သျှင်နောင်ပဲ ပြေးသတိရတယ်ဗျာ။

 

နန်း     ။   ။ ပြည်လှဖေရဲ့ နတ်သျှင်နောင် သီချင်းကလည်း လူတိုင်းကြိုက်တဲ့ ခေတ်ဟောင်းတေး ဖြစ်နေတယ်လေ။

 

လွင်    ။   ။ နတ်သျှင်နောင် သီချင်းက မျက်မှောက်ကာလမှာ ပြန်ပြီး ခေတ်စားလာဖို့ ရှိသေးတယ်ဗျာ။ ဒီလိုလေ - အခုတက္ကသိုလ်ဝင်တန်းရဲ့သင်ရိုးသစ် မြန်မာစာမှာ နတ်သျှင်နောင်ရဲ့ရတုကို ကဗျာအနေနဲ့ ပြဋ္ဌာန်း လိုက်ပြီဆိုတော့ ဒီသီချင်းကိုလည်း မြန်မာစာဆရာ တွေ မျက်စိကျလောက်တယ်ဗျ။

 

နန်း     ။   ။ နတ်သျှင်နောင်က သုံးပုဒ်ရေးခဲ့ တဲ့ ပိုဒ်စုံရတုကို သီချင်းထဲမှာတော့ ပထမတစ်ပိုဒ်ပဲ ထည့်ထားတော့ နောက်နှစ်ပိုဒ်ကိုလည်း လူတွေသိချင်ကြတယ်လေ။ အခု ကျောင်းသားတွေ သင်ခွင့်ရတာ သိပ်ဝမ်းသာစရာ ကောင်းတယ်နော်။

 

လွင်    ။   ။ တောင်ငူခေတ် ပြီးတော့ ညောင်ရမ်းခေတ်ပေါ့၊ ဆက်ပါဦးဗျာ။

 

နန်း     ။   ။ ညောင်ရမ်းခေတ်ကတော့ ပြော စရာများပါမယ်။ ဘာကြောင့်ဆို ကျွန်မတို့ ‘ကြိုး’သီချင်းအခန်းမှ တင်ပြခဲ့တဲ့ မြန်မာ့ ဂီတရှေးဦးသင် - အသံသင်္ကေတပြတဲ့ “ထံ၊ တျာ၊ တေဟာ ညောင်ရမ်းခေတ်ရဲ့ တန်ဖိုးအကြီးဆုံး စာပေဂီတတစ်ခုဖြစ်လို့ပါပဲ။ အဲဒီခေတ်ဟာ အင်းဝ ခေတ်ရဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ စာပေဂီတသဘင်အနု ပညာတွေကို ညောင်ရမ်းခေတ်ကို သယ်ယူလာပြီး သူ့နောက်တစ်ခေတ် “ကုန်းဘောင်” ခေတ်အထိ ပါလာလို့ပါပဲ။

 

လွင်    ။   ။ ဟုတ်ကဲ့၊ သီချင်းရဲ့ကာလ၊ ရေးသားသူတွေကို သိရတာအလွန်ကျေနပ်စရာကောင်းပါတယ်။ ဝန်ကြီးပဒေသ ရာဇာရဲ့ကျေးဇူးဟာ ကျွန်တော်တို့ ဂီတ၊ သဘင်၊ စာပေသမားတွေအပေါ်မှာ ကြီးမားပါတယ်ဗျာ။

 

နန်း     ။   ။ ကျွန်မက အမျိုးသားစာပေဆုကို ဝန်ကြီးပဒေသရာဇာရဲ့ “မဏိ ကက်ပြဇာတ်ကို တေးဂီတရှုထောင့်မှ လေ့လာခြင်း” ဆိုတဲ့စာအုပ်နဲ့ရတာမို့ ဝန်ကြီးရဲ့ သံလျင် ကျိုက်ခေါက်ဘုရားအနီးက ဂူဗိမာန်မှာ သွားရောက် ဂါရဝပြုပြီးပါပြီရှင်။

 

လွင်    ။   ။ ကောင်းတာပေါ့ဗျာ၊ ဝန်ကြီးရဲ့ ကျေးဇူးကြောင့် မြန်မာ့ဂီတဟာ အစ၊ အလယ်၊ အဆုံး ခိုင်မာနေတာပေါ့။ ဒါဆို အဲဒီ ‘မဏိကက်’ ပြဇာတ်အကြောင်း ပြောပါဦးဗျာ။

 

နန်း     ။   ။ ‘မဏိကက်’ပြဇာတ်ဟာ မြန်မာ စာပေသမိုင်းမှာ ပထမဆုံး စာပေနဲ့ မှတ်တမ်းတင်ခဲ့တဲ့ပြဇာတ်ပါ။ သူ့အရင်က အင်းဝခေတ်မှာ ဇာတ်တွေ ရှိနေပါပြီ။ ရေးသားသီဆို ရုပ်သေးနဲ့ သရုပ်ဖော်ကပြကြပါပြီ။ ဥပမာ- ရာမ၊ လက္ခဏာတို့ဇာတ်တွေဟာ ယိုးဒယားကနေ ဝင်ရောက်လို့ရှိနေပါပြီ။ သို့ပေမယ့် စာပေနဲ့ အပြည့်အစုံ ရေးသားထားတာမရှိပါဘူး။ ဒီကွက်လပ်ကို ဝန်ကြီးပဒေသရာဇာက ဖြည့်လိုက်တာပါပဲ။

 

လွင်    ။   ။ ဆရာမက “တေးဂီတရှုထောင့် က လေ့လာခြင်း” ဆိုတော့ ဒီပြဇာတ်မှာ ဘယ်လိုတေးဂီတတွေ ပါဝင်နေပါသလဲ။

 

နန်း     ။   ။ ဒီမဏိကက် ပြဇာတ်ဟာ ပေါ့သေးသေး မည်ကာမတ္တ ပြဇာတ်မဟုတ်ပါဘူး။ ဒီနေ့ ထက၊ ဒီနေ့ စင်ပေါ် မှာ၊ စင်အောက် ရွာစားကျော်တွေ တီးမှုတ်ဖို့ရာ တီးလုံးတီးချက်၊ ဇာတ်ဝင်တေးဆိုတာတွေ ပြည့်ပြည့်စုံစုံပါရှိပြီး အနောက်နိုင်ငံက ရှိတ်စပီးယား ရဲ့ပြဇာတ်တွေကို ယှဉ်နိုင်တဲ့ အဆင့်မီပြဇာတ် တစ်ပုဒ်ပါ။

 

လွင်    ။   ။ ဇာတ်ဝင်တေးတွေ၊ ဇာတ်ပို့ တီးလုံးတွေလည်း ပြောပြပါဦး။

 

နန်း     ။   ။ ဒီနေ့ကာလအထိ အသုံးပြုနေ ကြတဲ့ ဇာတ်ပို့တီးချက်တွေက တော့-

           သပြေခံအတီး၊

           သာကွင်းအတီး၊

           အယိုင်အတီး၊

           ယိုးဒယားအတီး၊

           ဇာတ်သွားအတီး၊

           ငိုချင်းအတီး၊

 

အိပ်ချင်းအတီးဆိုတဲ့ တီးချက်တွေကို ဇာတ်ခန်းအလိုက် ညွှန်းသွားပါတယ်။ ဒါ့အပြင် ပြဇာတ်တစ်ပုဒ်လုံး‘တျာချင်း” ၄၃ ပုဒ်နဲ့ ဇာတ်ဝင်တေးတွေ ထည့်ထားပါသေးတယ်။

 

လွင်    ။   ။ တျာချင်းကဗျာကို ဝန်ကြီးက ကောင်းကောင်း အသုံးချနိုင်တာဟာ ဒီကဗျာရေးနည်းကို သူတီထွင် ထားတာမို့ ပိုင်ပိုင်နိုင်နိုင်သုံးနိုင်တာပေါ့နော်။ ကျွန်တော်တို့ အထက်တန်းကျောင်းသားဘဝမှာ သင်ခဲ့ရတဲ့ “ဝသန်ကာလ”ဆိုတဲ့ ကဗျာဟာ ‘တျာချင်း’ ကဗျာ လို့ မှတ်မိနေပါတယ်။

 

နန်း     ။   ။ ဒီတျာချင်းကဗျာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ ကျော်က ကဗျာပါ။ မြန်မာပညာရှိကြီးတွေက ထိန်းသိမ်းမှု ကောင်းလွန်းလို့ (၁၀) တန်း ပြဋ္ဌာန်းကဗျာအနေနဲ့ ၂၀၁၃ ခုနှစ်အထိ တည်ရှိနေခဲ့ပါတယ်။ ကျွန်မတို့ ငယ်ငယ်တုန်းက လယ်သမားတျာဘွဲ့ “ဝသန် ကာလ” သင်ရသလို ဒီဘက်ခေတ်ကလေးတွေက “နွေဦးကာလ” ကိုသင်ကြရတာပါ။ လယ်သမား၊ ထန်းတက်သမား၊ နွားဝန်တင် ပိန်းကောလှေထိုး သား စတဲ့ တောနေလူတန်းစားတွေရဲ့ဘဝသရုပ်ကို ကွက်ကွက်ကွင်းကွင်းရေးပြတာပါ။

 

လယ်သမားတျာ

 

၁။      ဝသန်ကာလ၊ မိုးကျတည့်လျှင်

          ပျော်ပျော်ပါးပါး၊ မယားနှင့်ဆွေငယ်လင်

          လက်တွဲငယ်ခြေငင်၊ ကိုယ်တွင်အဝတ်

          ပုဆိုးအင်္ကျီ၊ စုတ်ပြဲပြီ

၂။       ချည်နီဗောင်းတွတ်တတ်ကယ်နှင့်လေး။ ... ။

          မိုးရေစွတ်လို့၊ အဝတ်ကယ်မပါ

          သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ

          ဆေးတံတစ်ထွာ၊ ကိုက်ကာထွန်ရင်း

          လယ်ကွက်ကယ်တစ်ခွင်၊ ထွန်ရေးငင်

          ရေဝင်ပုစွန်တွင်းငယ်နှင့်လေး။

 

လွင်    ။   ။ ဒီကဗျာတွေက ဆိုလို့လည်း ကောင်းတယ်နော်။ ဆရာမ ပြဇာတ်စာအုပ်မှာလည်း ဒီသီချင်းတွေပါသေးလား။

 

နန်း     ။   ။ ပါတာပေါ့ဆရာ။ ဝန်ကြီးမင်းရဲ့ မူရင်းသုံးပုဒ်၊ ကျွန်မရေးတဲ့ လေးပုဒ်၊ တျာချင်းရပန်ကို အဆို၊ အတီး တွဲပြီး ပြထားပါတယ်။

 

တေးသွား-

မဏိကက္ခ၊ အဿရာဇာ၊ တိမ်ဦးပျံလခါ၊      

မြကြိုးတန်ဆာ၊ ရတနာနဂ္ဃ၊ လျှပ်ခြည် ညိုးညိုးငြိ၊  

မြတ်မျိုးဇာတိ၊ ဘုန်းရှိသတို့သား၊ ရွှေစက်တင်လိုက်ရာ၊      

အိမ်ရှေ့နန်းလျာ၊ သမ္ဘာငုံရင့်၊ ပွင့်ချိန်ခါ ကောင်းလင့်

သောင်းမြင့်မြေဇမ္ဗူ၊ ဆယ်ယူနှင်းတော့မည်။

မောင်းရင့်နေတစ်ဆူ၊ ထွက်ပြူလင်းတော့သည်။

 

နန်း     ။   ။ ကျွန်မ သံချပ်ကဗျာအကြောင်း ဆက်ဆွေးနွေးချင်ပါတယ်။

 

လွင်    ။   ။ ကောင်းတာပေါ့ဗျာ။ သွက်သွက် လက်လက် ဆူဆူညံညံလေး တစ်လှည့်ပေါ့။ သံချပ်က မြန်မာပွဲလမ်းမှာ မပါမဖြစ် ပဲလေ။ အထူးသဖြင့် သင်္ကြန်ပေါ့ဗျာ။

 

နန်း     ။   ။ ဟုတ်ပါတယ်။ အိုးစည်၊ ဒိုးပတ် တွေနဲ့တွဲပြီး လမ်းလျှောက်ရင်းလည်း သီဆိုနိုင်တာကိုး။

 

{သံချပ်ကဗျာသည် ရှေးရှေးမှစ၍ ယခုခေတ်အထိ လူကြိုက်များပြီး အသုံးပြုဆဲကဗျာပင်ဖြစ်ပါ သည်။ “သံချပ်” အဓိပ္ပာယ်မှာ ရှေ့မှစကားလုံး ရွတ်ဆိုမှုအသံကို ထက်ကြပ်မကွာ ချက်ချင်းလိုက်ပါ ရွတ်ဆိုရသောကြောင့် “သံချပ်” ဟုခေါ်ဆိုခြင်း ဖြစ်သည်။ သို့သော် “သံချပ်”၏ ဖြစ်တည်မှုမှာ သူ့ချည်းထီးတည်းရပ်တည်ခြင်းမဟုတ် တေးတစ်ခုခု ဦးစွာသီဆိုပြီးမှသာ “သံချပ်”ကဏ္ဍသို့ကူးရောက်ပြီး “သံချပ်”၏ လေးနက်သောတာဝန်ကို ဖော်ဆောင် သွားလေ့ရှိပါသည်။

 

သံချပ်သည် အတိုင်၊ အဖောက် သီဆိုရသော “တစ်ယောက်နှင့်အများ” ပုံစံဖြင့် သီဆိုရသည့် စုပေါင်းကဗျာပင်ဖြစ်ပါသည်။ ရည်ညွှန်းချက် တစ်ခုခုဖြင့် ဖော်ကျူးရေးသားစပ်ဆိုသော တေးသီချင်းတစ်ခုခု သီဆိုပြီးပါက ထိုရည်ညွှန်းချက် နှင့်စပ်လျဉ်းသော အကြောင်းအရာတို့ကို “သံချပ်” ဖြင့် စုံစုံလင်လင်ဖြည့်စွက်ဖော်ကျူးပြီး နားဆင် သူများသို့ အသိပေးရခြင်းမှာ သံချပ်၏တာဝန်ပင် ဖြစ်ပါသည်။

 

“သံချပ်အစ မိုး၊ လေ”က ဟု ရှေးအဆိုလည်း ရှိပေသည်။ ယနေ့မျက်မှောက်ကာလ မြန်မာနိုင်ငံ တွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဗုဒ္ဓဥယျာဉ် အတွင်း တည်ထားကိုးကွယ်သော “မာရဝိဇယ” ရုပ်ပွားတော်မြတ်ကြီး မူရင်းဒေသစကျင်ရွာမှ တူးမြောင်းသွယ်ပြီး ရေလမ်းမှသယ်ယူကြစဉ် သီဆို ပူဇော်သော မြန်မာ့မူပိုင် “လှေတော်သံတေးကဗျာ” နှင့် သံချပ်ကိုတင်ပြပါသည်။}

 

လှေချင်း သို့မဟုတ် လှေတော်သံ တေးကဗျာ

 

၁။      စိန်တုံးဖောင်တော်၊ စကျင်ကျောက်တော်ကြီး မြတ်ပေစွ၊ ရုပ်ပွားမဟာကိုးကွယ်စရာပါ့  (ရေဇလာခရီးမနီးပါလှ၊ နေပြည်ခရီးမနီးပါလှ)၊ ရွှေဖောင်တော်စက်ကိုလေး၊ ခုတ်မောင်း ရသေး

၂။       ရှေးယခင်ခါ၊ ကုန်းဘောင်သာတိုင်းပြည်က၊ ဘုန်းသမ္ဘာရှင် မင်းသမ္မတ၊ (မည်နာမဦးအောင်ဇေယျ အလောင်းဘုရား မှန်ပ)၊ ဆယ်ယူကာမူးမြစ်ကြောင်းကိုလေး၊ တူးမြောင်းသွယ်သေး။

 

၃။      ထောင့်သုံးရာကျော်၊ ရှစ်ဆယ်နော်ငါးနှစ်တွင်းမှ - နေပြည်တော်သစ်သစ်လွင်လှ ရုပ်ပွားကြီးစွ၊ ထည်စွ၊ ကမ္ဘာကမ္ဘာတုပ,ဝေး တည်ထားပါသေး။

 

၄။      ကုန်း၊ ရေ နှစ်တန်၊ ကြံကြံဖန်ဖန်ကြိုးပမ်းပါကြ မြန်မာဗိသုကာ - ကဝိဆရာတွေက၊ (တူးမြောင်း သွယ်ကြသွယ်ကြ၊ လမ်းတံတားအသစ်အသစ်တည်ကြ ရုပ်ပွားမဟာပြီးမြောက်ရေး၊ ဆောင်ကြဉ်းကာ ပေး။

 

သံချပ်များ

တိုင် - မိုးမိုး မိုးလားမောင်တို့

ဖောက် - လေလေ လေလားမောင်တို့

တိုင် - မိုးရောလေရော ကင်းပနိုင်

ဖောက် - သိကြားကိုယ်တိုင် မသည့်ကိန်းပဲ။

တိုင် - စကျင်ကျောက်မြတ်တည်နေရာ

ဖောက် - မန်းမတ္တရာ ဒေသပါပဲ။

တိုင် - တူးမြောင်းဖောက်လို့ရေလမ်းသွယ်။

ဖောက် - ကုန်းဘောင်ပြည်ဝယ်၊ အောင်ဇေယျ အလား။

တိုင် - ရေလမ်းကုန်းလမ်း အံ့မခန်းစရာ။

ဖောက် - တူးမြောင်းသွယ်ကာ၊ လမ်းသစ်တံတား သစ်

တိုင် - နတ်လမ်းညွှန်ပါ့ဖူးမြော်ရန်

ဖောက် - နေပြည်တော်မှန် ဒက္ခိဏသီရိ

တိုင် -  ထုထည်ကြီးမားရုပ်ပွားမဟာ

ဖောက် - အင်ဂျင်နီယာတွက်ချက်ကြလို့

တိုင် - ထေရ်ကြီးဝါကြီး ဦးထိပ်ပန်

ဖောက် - လမ်းညွှန်အမှန်၊ နာခံကြလို့

တိုင် - မြန်မာ့နည်းဟောင်း ထပ်လောင်းကာ

ဖောက် -  ယန္တရားဆင်တာ ကဝိဆရာတို့

တိုင်-  အိုင်တီခေတ်ရဲ့ ရုပ်ပွားဂုဏ်

ဖောက်  - တိမ်ပေါ်စံပုံ မြင့်မြင့်မားမား

တိုင် - ပိဋကတ်တော်မှာ ကျောက်သားတင်

ဖောက်  - ကမ္ဘာပေါ်တွင် အကြီးဆုံးစာအုပ်

တိုင် - သုဓမ္မာဇရပ်များ စီတန်းကာ

ဖောက် - နောက်နောင်အခါ ဓမ္မပွဲဖို့။ လာပါဖူးလှည့်ဖိတ်ခေါ်မှာ တစ်သက်တစ်ခါကြုံခဲပါဘိ။

တေး   - သဒ္ဓါ၊ စေတနာအကျိုးတွေကြောင့်၊ ရွှေမိုးတွေရွာ၊ ငွေမိုးတွေရွာ။

 

လှေတော်သံ ၃ -

ထောင့်သုံးရာကျော်၊ ရှစ်ဆယ် နော်ငါးနှစ်တွင်မှ၊ နေပြည်တော် သစ်သစ်လွင်လှ။ ရုပ်ပွားကြီးစွ၊ ထည်စွ၊ ကမ္ဘာ၊ ကမ္ဘာတုပဝေး။ တည်ထားပါသေး။    ။

 

(ဆက်လက်ဖော်ပြပါမည်)