အမျိုးသားအဆင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေး အစီအစဉ် လုပ်ငန်းအတွေ့အကြုံရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေး

နေပြည်တော် ၃၀ ဇူလိုင် 

 

အမျိုးသားအဆင့်ကျောင်းတွင်း အာဟာရကျွေးမွေးရေး အစီအစဉ် လုပ်ငန်းအတွေ့အကြုံ ရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကား ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ကျောင်းနေအရွယ်ကလေးငယ်များအတွက် အာဟာရဖြည့်ဆည်းပေးခြင်းသည် အနာဂတ်လူ့စွမ်းအားအရင်းအမြစ်နှင့် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ကို အားလုံးလက်ခံထားပြီးဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံတွင် ၂၀၁၈-၂၀၁၉ ခုပညာသင်နှစ်တွင် အခြေခံပညာအစိုးရ ကျောင်းများမှာ ကျောင်းသားပေါင်း (၉)သန်းကျော်နှင့် ကျောင်းပေါင်း(၄၇၀ဝ၀)ကျော်ရှိသည့်အနက် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းကို အနည်းငယ်မျှသော ရာခိုင်နှုန်းခန့်သာ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အလှူရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်း များ၏ အစီအစဉ်များနှင့် သီးခြားစီဆောင်ရွက်နေကြခြင်းဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းတွင်းအာဟာရကျွေးမွေးရေးလုပ်ငန်းများကို စုစည်းကာ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် တပြေးညီ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မည်ဆိုလျှင် ကျောင်းသားကျောင်းသူများအတွက်သာမက တစ်နိုင်ငံလုံးအတွက် အကျိုးရှိမည်ဖြစ်ပါကြောင်း။ 

 

ယနေ့အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ လက်ရှိအမျိုးသားအဆင့် ကျောင်းတွင်းအာဟာရကျွေးမွေးရေးအစီအစဉ် အကောင်အထည်ဖော်ခြင်း၊ အာဟာရဖြည့် ဘီစကစ်ကျွေးမွေးခြင်းနှင့် ကျောင်းတွင်းနေ့လယ်စာကျွေးမွေးခြင်းစီမံချက်၏ အောင်မြင်မှုများ၊ သင်ခန်းစာများနှင့် စိန်ခေါ်မှုများကို စူးစမ်းရှာဖွေဖော်ထုတ်သွားကြရန် ဖြစ်ပါကြောင်း။

 

ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အမျိုးသားအဆင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးရေးအစီအစဉ်အကောင်အထည်ဖော်ရေး လမ်းညွှန်ချက်အား ဆွေးနွေးရန်ဖြစ်ပါကြောင်း၊  အမျိုးသားဆင့် ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအားနေရာ အသီးသီးတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သူများ၏ အတွေ့အကြုံနှင့် အလေ့အထများမှ သင်ခန်းစာယူပြီး ကျောင်းတွင်းအာဟာရ ကျွေးမွေးခြင်းအတွက် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအားချမှတ်ရန်၊ ကျောင်းတွင်း အာဟာရတိုက်ကျွေးရာ၌ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်၍ လုပ်ငန်းချောမွေ့ ကောင်းမွန်သော လမ်းကြောင်းဖြင့် ဆောင်ရွက်နိုင်ရန်၊ မူကြမ်း၊ ရလာဒ်နှင့်ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းဆိုင်ရာမူဝါဒမူကြမ်းနှင့် အညွှန်းကိန်းများနှင့်ပတ်သက်ပြီး အဓိကထားဆွေးနွေးကြရန်ဖြစ်ပါကြောင်း။

 

(၂၀၁၈-၂၀၁၉) ပညာသင်နှစ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဦးဆောင်ကာပညာရေးဝန်ကြီးဌာန၊ WFP တို့နှင့် ပူးပေါင်းပြီးအမျိုးသားအဆင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့်လည်းလိုအပ်သည့်နေရာမှ ကူညီဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ Officer Incharge , Mr. Michael Hemling က နှုတ်ခွန်းဆက်စကားပြောကြားသည်။

 

အခမ်းအနားသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ဒုတိယညွှန်ကြားရေး မှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ မြို့နယ်ပညာရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

 

(သတင်းစဉ်)