အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ Dehong ပြည်နယ်ခွဲ ဒေသတွင်းလေ့လာ

နေပြည်တော် ၂၉ ဇွန် 

 

အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Dehong ပြည်နယ်ခွဲ Mangshi မြို့၌ စိုက်ပျိုးထားသည့် တရုတ်-မြန်မာချစ်ကြည်ရေး သစ်ပင်ကို ကြည့်ရှုကြပြီး တာဝန်ရှိသူများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ လဲလှယ်ကြသည်။

 

ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့အား တရုတ်ကွန်မြူနစ်ပါတီ Dehong ပြည်နယ်ခွဲ ပါတီကော်မတီအတွင်းရေးမှူး Mr. Wang Junqiang က Mangshi မြို့ Mangshi Hotel ၌ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။

 

ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့သည် Dehong ဆရာ အတတ်သင်ကျောင်းနှင့် အဆိုပါကျောင်းရှိ စက္ကူအလှ အနုပညာ ပြခန်းတို့ကို  လေ့လာကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး  စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။  

 

အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ခေါင်းဆောင်သော လွှတ်တော် ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ပြန်လည်ထွက်ခွာကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသား ပြည်သူ့ကွန်ဂရက်အဖွဲ့ဝင် Mr. Dan Zhu Aug Ben၊ ယူနန်ပြည်နယ် ပြည်သူ့ ကွန်ဂရက်အမြဲတမ်းကော်မတီ ဒုတိယဥက္ကဋ္ဌ Mr. Li Pei နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်း၊ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ် ဦးစိုးပိုင်နှင့်တာဝန်ရှိသူများက ကူမင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့်အဖွဲ့သည် ယနေ့နံနက် ၁၁ နာရီခွဲတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့် လွှတ်တော်ရုံးမှ တာဝန်ရှိသူ များက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။ 

 

(သတင်းစဉ်)