အမြို့မြို့အနယ်နယ်တွင် ဒီဇင်ဘာ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲများ ကျင်းပ

မော်လမြိုင်ကျွန်း  

မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာပြည်သူ့အားကစား လလှုပ်ရှားမှုများအဖြစ် လူထုစုပေါင်းလမ်းလျှောက်ခြင်းနှင့် ကိုယ်လက်လှုပ်ရှား အားကစား အစီအစဉ်ကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှဦးဆောင်၍ ယနေ့နံနက် ၅နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှ စတင်ထွက်ခွာ၍မဟာဗန္ဓုလ လမ်းမကြီးမှအောင်သပြေလမ်း၊ အောင်ဆန်းလမ်း၊ (၈)လမ်း၊ စိန်ပန်းပတ်လမ်းမှ မြို့ဦးစေတီအထိ ဒီဇင်ဘာတတိယပတ်အဖြစ် စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး  ကျွန်းထိပ်မြို့ဦးစေတီတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နှင်းမိုးလှိုင်က ဦးဆောင်၍လေ့ကျင့်ခန်းများ လေ့ကျင့်ခဲ့ကြသည်။ 

အဆိုပါလူထုလမ်းလျှောက်ပွဲတွင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် မိဘပြည်သူများ အင်အား (၅၅၀) ခန့် ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

အောင်အောင်( ပြန်/ဆက် )

 

ပင်လည်ဘူး  

စစ်ကိုင်းတိုင်းဒေသကြီး  ကသာခရိုင်  ပင်လည်ဘူးမြို့၌ မြို့နယ်အားကစားကော်မတီမှ ကြီးမှူးပြုလုပ်သော ဒီဇင်ဘာအားကစားလ တတိယပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၅ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလမ်းလျှောက်ပွဲကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနောင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်တို့ ဦးဆောင်ပြီး မြို့နယ်အားကစားနှင့် ကာယပညာဦစီးဌာန ဦးစီးအရာရှိ ဦးဆန်းထွန်းနှင့် အား/ကာ ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့ပေါ်ရပ်ကွက်ပြည်သူများ စုပေါင်း၍ မြို့နယ်အားကစားခန်းမရှေ့၌ စုရပ်၍ ပင်လည်ဘူး-ဗန်းမောက်လမ်းမြို့အထွက်သို့ လမ်းလျှောက်ပြီး ကိုယ်လက်လှုပ်ရှား ကျန်းမာကြံ့ခိုင် သွေးပူလေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြသည်။

ဒီဇင်ဘာ လူထုစုပေါင်းလမ်းလျှောက်ပွဲကို အပတ်စဉ် စနေနေ့တိုင်း ကျင်းပပြုလုပ်ကြပြီး  မြို့နယ် အားကစားကော်မတီမှ ဒီဇင်ဘာလအတွင်း လွတ်လပ်ရေးနေ့အကြို့ အားကစားပြိုင်ပွဲများလည်း ပြုလုပ်ပေးကာ ၂၀၂၀ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလွင်(ပင်လည်ဘူး)


မတူပီ 

မတူပီမြို့၌ ဒီဇင်ဘာ(တတိယပတ်) လူထုလှုပ်ရှားအားကစား စုပေါင်းလမ်းလျှေက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်က ကျင်းပရာ စုရပ်ရှစ်လမ်းဆုံနေရာမှ မင်းတပ်-မတူပီ လမ်းဆုံအထိ ထိုမှတစ်ဆင့် မတူပီ-ပလက်ဝလမ်းအတိုင်း ဗိုလ်တိုက်ချွန်း အားကစားကွင်းအထိ စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ကျော်၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လျန်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေ ပြည်သူများနှင့် ကျောင်းသူကျောင်းသားများ ၅၀ဝ ဦးခန့် ပါဝင်ခဲ့ကြပြီး ဗိုလ်တိုက်ချွန်းအားကစားကွင်း၌ ကိုယ်လက်လှုပ်ရှား အားကစား စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။ 

ထို့နောက် စုပေါင်းလမ်းလျှေက်ပွဲတွင် ပါဝင်သူများအား မတူပီခရိုင်ရဲတပ်ဖွဲ့က မုန့်နှင့် လက်ဖက်ရည် တိုက်ကျွေးပြီး ကလေးငယ်များအတွက် မုန့်စားပြိုင်ပွဲကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန က ဆက်လက်ကျင်းပပေးခဲ့ကြောင်း သိရသည်။

ဆလိုင်းအောင် (ပြန်/ဆက်)


ရိခေါ်ဒါရ် 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ ပြည်သူလူထုများ ကိုယ်လက်အင်္ဂါ ကျန်းမာသန်စွမ်းဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ တတိယပတ် စုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၁ ရက် နံနက် ၆ နာရီက ရိခေါ်ဒါရ်မြို့၌ ပြုလုပ်သည်။

စုပေါင်းလူထုလမ်းလျှောက်ပွဲကို ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်၊ အားကစားကွင်းစုရပ်မှ စတင်၍ ဇိုးနွန်လမ်းအတိုင်း ချီတက်လမ်းလျှောက်ကြကာ ရိရေကန် ကမ်းစပ် ရေချိုးဆိပ်အထိ စုပေါင်းလမ်းလျှောက်ချီတက်ကြပြီး ရိရေကန် ကမ်းစပ်ရေချိုးဆိပ်ဘေး မြက်ခင်းပြင်၌ ကိုယ်လက်လှုပ်ရှားမှု ကိုယ်ကာယလေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ကြသည်။

အဆိုပါစုပေါင်းလူထုလမ်းလျှောက်ပွဲကို ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင် ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံရပ်ကွက် ပြည်သူများ ပူးပေါင်းပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။

ပက်ကာ (ရိရေကန်)


ဒဂုံ     

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးနှင့်   ကိုယ်ခန္ဓာဖွံ့ဖြိုးစေရန်အတွက် ရည်ရွယ်၍   ကျန်းမာကြံ့ခိုင်နုပျိုစေဖို့ စုပေါင်းလမ်းလျှောက်စို့ ဆောင်ပုဒ်နှင့်အညီ ရန်ကုန်တိုင်းဒေသကြီး၏၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ(တတိယပတ်)  လူထုအားကစား လှုပ်ရှားမှု  စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့  နံနက်၅နာရီ၃ဝမိနစ်က   ဒဂုံမြို့နယ်၊မြို့မ ကျောင်းလမ်းနှင့် စကားဝါလမ်းဆုံ၌ စုရပ်ပြု၍အလုံလမ်း၊ ထိုမှတစ်ဆင့် ဦးဝိစာရအဝိုင်းကိုပတ်၍   ဦးထောင်ဘိုလမ်းအတိုင်း  ရွှေတိဂုံဘုရားတောင်ဘက်မုဒ်မှ  ဘုရားလမ်းအတိုင်း၊အရှေ့ဘက်မုခ်မှ မြောက်ဘက်မုခ်သို့ အာဇာနည်လမ်းအတိုင်း ညာဘက်ကွေ့၍ M-3 စားသောက်ဆိုင်ရှေ့မှတစ်ဆင့် ဗဟန်း အားကစားကွင်းထိ လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

လူထုလမ်းလျှောက်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီး၊  အစိုးရအဖွဲ့ဝန်ကြီးချုပ်  ဦးဖြိုးမင်းသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာ သိပ္ပံကျောင်းမ ှကျောင်းသား၊ကျောင်းသူများ၊ အခြေခံ ပညာကျောင်းများမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊  လူမှုရေး  အသင်းအဖွဲ့ဝင်များနှင့် မြို့နေပြည်သူများတို့က  တပျော်တပါး  စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ဗဟန်းအားကစားကွင်း၌ကိုယ် ကာယလေ့ကျင့်ခန်းအတွဲ(၁)၊(၂) စုပေါင်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)


ဂန့်ဂေါ

ဒီဇင်ဘာလူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီတွင် ဂန့်ဂေါမြို့၌ ပြုလုပ်ရာ စုပေါင်းလမ်းလျှောက်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူးဦးကျော်မင်းညို၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး အောင်မင်းလွင်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၄၂၅၀ တို့ ပါဝင်ဆင်နွှဲကြသည်။ 

စုပေါင်းလမ်းလျှောက်ပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ စုရပ်မှ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ဗိုလ်ချုပ်လမ်း၊ ခရေပင်လမ်းဆုံမှ ကျောတိုက်ရပ်ကွက် မြို့ပတ်လမ်းတို့တွင် စုပေါင်းလမ်းလျှောက်ကြ၍ အထက ဂန့်ဂေါ အားကစားကွင်း၌ ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်ကြသည်။ 

တောင်သားမောင်သန်း


ရန်ကုန်        

အားကစားနှင့်ကာယပညာဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်မှ ကြီးမှူး၍  ၂၀၁၉ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ တတိယပတ်ကို ယနေ့ နံနက် ၅ နာရီအချိန်က (၇)ရပ်ကွက် သစ္စာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့ စုရပ်၌ ပြုလုပ်ခဲ့သည်။

အဆိုပါလမ်းလျှောက်ပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ပြည်သူများနှင့်အတူ  သစ္စာလမ်း၊ သံသုမာလမ်းနှင့် သုမင်္ဂလာလမ်းမကြီးတလျှောက် စုပေါင်း လမ်းလျှောက်ခဲ့ကြောင်း သိရသည်။

နေထက်အောင်(ပြန်/ဆက်) 

 

 

လှိုင်းဘွဲ   

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် လူထုအားကစားလှုပ်ရှာမှု လူထုစုပေါင်းလမ်းလျှောက်ပွဲ (တတိယပတ်)ကို ယနေ့နံနက်အစောပိုင်းက လှိုင်းဘွဲမြို့နယ် မြို့မရဲစခန်းရှေ့၌ စုရပ်ထားပြီး လူထုစုပေါင်း လမ်းလျှောက်ပွဲကို ကျင်းပပြုလုပ်သည်။

လမ်းလျှောက်ပွဲသို့ လှိုင်းဘွဲမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာများ၊ကျောင်းသား/သူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်မြို့ပေါ်(၄)ရပ်ကွက်မှ ပြည်သူများ စုစုပေါင်းအင်အား(၈၃၈၅)ဦး စုပေါင်းလူထုလမ်းလျှောက်ပွဲကို ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကြသည်။ ဆက်လက်၍ လှိုင်းဘွဲမြို့ အထကကျောင်းအားကစားကွင်းအတွင်း ကိုယ်လက်လှုပ်ရှားမှု သွေးပူလေ့ကျင့်ခန်း များ ပြုလုပ်ခဲ့ပြီး ပါဝင်ဆင်နွဲသူကျောင်းသား/သူများကို ကောက်ညှင်းပေါင်းမုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

ခင်စန်းမြင့်(ပြန်/ဆက်)


                
ပဲခူး 

ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၅  နာရီခွဲ အချိန်က ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ လူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ (ပဉ္စမ)ပတ် ကျင်းပပြုလုပ်သည်။

 

a

 

လူထုလျှောက်ပွဲသို့ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌဦးခင်မောင်ရင်၊ ဥပဒေချုပ်ဦးအုန်းမြင့်၊ တရားလွှတ်တော်တရားတရားသူကြီးချုပ် ဦးမောင်မောင်အေး၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အခြေခံပညာကျောင်းသား/ကျောင်းသူများ၊ အဆင့်မြင့်ပညာ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သူနာပြုသင်တန်းကျောင်းမှသင်တန်းသူများ၊ စက်ရုံ အလုပ်ရုံများမှ လုပ်သားများ၊ ရပ်ကွက်နေပြည်သူများပါဝင်ကာ စုစုပေါင်းအင်အား(၇၅၂၁၀) ကျော်တက်ရောက်ပြီး တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးရှေ့မှစတင်၍ ရွှေမော်ဓော်ဘုရားလမ်း၊ ရှင်စောပုလမ်းနှင့်သနပ်ပင်လမ်းများ တလျှောက်စုပေါင်းလမ်းလျှောက်ကာ ရွှေမော်ဘုရားယာဉ်ရပ်နားကွင်းအတွင်း၌ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းတို့ကို စုပေါင်းလုပ်ဆောင်ကြသည့်အပြင် တိုင်းဒေသကြီးအားကစားခန်းမအတွင်း၌လည်း နေ့ချင်းပြီး အားကစားပြိုင်ပွဲများကို လမ်းလျှောက်ပွဲပါဝင်သူ ကျောင်းသား/ကျောင်းသူများနှင့် ပြည်သူများက ပါဝင်ယှဉ်ပြိုင်ကစားကြကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)

 

 

ဖားကန့် 

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ၏ အပတ်စဉ် စနေနေ့နံနက်တိုင်း လူထုလမ်းလျှောက်ပွဲများ နိုင်ငံတစ်ဝန်းကျင်းပလျက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့၌လည်း ယနေ့နံနက် ၅ နာရီတွင် လူထုလမ်းလျှောက်ပွဲကို ကျင်းပခဲ့ကြသည်။

ဖားကန့်မြို့ ဉရုရတနာကျောက်စိမ်းတောင်တံတားထိပ်မှ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ မြို့နေပြည်သူများက စတင်စုဝေးခဲ့ကြပြီး မော်ဝမ်းရပ်ကွက် လွတ်လပ်ရေးကျောက်တိုင်ကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြကာ ကွင်းအတွင်း ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ်ခဲ့ကြသည်။

လူထုလမ်းလျှောက်ပွဲ၌ ပူးပေါင်းပါဝင်သည့် မြို့နေပြည်သူများအား မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှ ရေနွေးဗူးများ ချိုင့်များ ကျောပိုးအိတ်များ ဦးထုပ်များ လွယ်အိတ်များနှင့် စောင်သဘက်များအား ကံစမ်းမဲဖောက်ပေးခဲ့ကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)