အမြို့မြို့အနယ်နယ်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံပေး

မိုင်းခတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းခတ်မြို့နယ်၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ဝန်ထမ်းများအား  COVISHIELD ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် ဇန်နဝါရီ ၂၈ ရက်နံနက်ပိုင်းက မိုင်းခတ်မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် စတင်ထိုးနှံပေးခဲ့သည်။

မိုင်းခတ်မြို့နယ်အတွက် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေး (၈)လုံးရရှိခြင်းဖြစ်ကာ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်း ၈၀ အား ပထမအသုတ်အဖြစ် စတင်ထိုးနှံပေးခြင်းဖြစ်သည်။

ကာကွယ်ဆေး ထိုးနှံရာတွင် လူတစ်ဦးလျှင်ဆေး (ဝ.၅ စီစီ)ထိုးပေးခြင်းဖြစ်ပြီး ဆေးတစ်လုံးလျှင် လူ(၁၀)ဦး ထိုးနှံနိုင်ကြောင်း၊ ပထမကြိမ် ကာကွယ်ဆေးထိုးအပြီး ရက်သတ္တ(၄)ပတ်အကြာတွင် ဒုတိယကြိမ်ထပ်မံ ထိုးနှံရမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဝေလင်းဗိုလ်ထံမှ သိရသည်။

မိုးဒေ (ပြန်/ဆက်)


နောင်မွန် 

     
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့နယ် ၊ မြို့နယ် ပြည်သူ့ဆေးရုံ၌ ဇန်နဝါရီ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ကျန်းမာရေးဝန်ထမ်းများအား COVISHIELD ကာကွယ်ဆေးစတင်ထိုးနှံခဲ့ကြောင်း သိရသည်။
   
အခမ်းအနားတွင်  မြို့နယ်ဆရာဝန်ကြီးဒေါက်တာရန်ပိုင်စိုးက ယခုဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကို ကာကွယ်နိုင်ရန်နှင့် မိမိဝန်ထမ်းများရောဂါကင်းပြီး မိမိထမ်းဆောင်နေသည့် လုပ်ငန်းများ အောင်မြင်စွာလုပ်ကိုင်နိုင်ရန်ရည်ရွယ်ကြောင်း ပြောကြားသည်။

ထို့နောက် COVISHIELD ရောဂါကာကွယ်ဆေး မထိုးမီတွင်လည်း စာရင်းသွင်းခြင်း၊ အဖျားတိုင်းခြင်း၊ သွေးပေါင်ချိန်ချိန်ခြင်း တို့ကိုပြုလုပ်ခဲ့ကြောင်း COVID-19 ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ သင်တန်းရရှိပြီးသော ဆရာမများမှ ကာကွယ်ဆေးထိုးနှံခဲ့ကြသည်။

မြနန်း(ပြန်/ဆက်)


မဘိမ်း 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့်များနားနေဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မဘိမ်းမြို့နယ်အတွက် ပထမအသုတ်အနေဖြင့် ကာကွယ်ဆေး ၁၄ လုံး ရရှိခြင်းဖြစ်ကာ မြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၁၂၃ ဦးအား စတင်ထိုးနှံပေးခြင်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လူနာစောင့်များ နားနေဆောင်တွင် စုရပ်နှစ်စုခွဲ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ၂ ရက်အတွင်း အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူရဇော်၏ ပြောကြားချက်အရသိရသည်။

မျိုးမင်း(ပြန်/ဆက်)

မိုးမိတ် 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီ အချိန်က မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ စုရပ်ပြုလုပ်၍ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ပထမအကြိမ် ကာကွယ်ဆေးကို မြို့နယ်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ် ဆေးရုံများမှ ဝန်ထမ်းများ ၊ ကျေးလက်ကျန်းမာရေးဌာနများမှ ကျန်းမာရေး ဝန်ထမ်းများ စုစုပေါင်း ၁၆၂ ဦးကို ထိုးနှံပေးသွားမည်ဖြစ်သည်။ 

ထိုသို့ထိုးနှံရာတွင် ရှေးဦးစွာ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ စာရင်းသွင်းခြင်းတို့ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် မိနစ် ၃၀ စောင့်ကြည့်ခြင်းတို့ကို Social Distancing နှင့်အညီ ဆောင်ရွက်ခဲ့ပြီး ကိုယ်ဝန်ဆောင်များနှင့် လတ်တလောဖျားနာနေသူများကို ကာကွယ်ဆေးထိုးနှံပေးခြင်း မရှိကြောင်း သိရသည်။

မိုးမိတ်သား(စည်သူဌေး)


ဒလ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များတွင် ရှေ့တန်းမှ ပါဝင်ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများကို  မြန်မာနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး(COVISHIELD) ထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၃၃ ဦးတို့ကို ယနေ့ နံနက် ၉ နာရီတွင် စတင်ကာ မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်းသိရသည်။

“ဒီနေ့မှာ ဒလမြို့နယ်အနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးစတင်ထိုးနှံတဲ့ အခမ်းအနားဖြစ်ပါတယ်၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်း ၈၁ ဦး၊ ကုသရေးဦးစီးဌာနက ဝန်ထမ်း ၅၂ ဦး၊ စုစုပေါင်း ၁၃၃ ဦး ကို ထိုးနှံပေးတာဖြစ်ပါတယ်၊ ဆေးတစ်လုံးမှာ COVISHIELD ကာကွယ်ဆေး ၁၀ ဦး နှုန်း ထိုးပေးလို့ရတဲ့ ဆေးပုလင်း  ၁၅ လုံးရရှိခဲ့ပါတယ်၊ ဝန်ထမ်းအားလုံးကို တစ်ရက်ထဲ အပြီးထိုးပေးသွားမှာပါ၊ ဆေးထိုးပြီးသွားသူတွေကိုလည်း နာရီဝက်စောင့်ကြည့်လျက်ရှိပါတယ်၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ဖို့လည်း ပြင်ဆင်ဆောင်ရွက်ထားရှိပါတယ်” ဟု မြို့နယ်ဆရာဝန်ကြီး ဒေါက်တာထွန်းဝင်း က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးပါက နာခြင်း၊ နီခြင်း၊ ရောင်ခြင်း၊ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း စသည်တို့ ခံစားရတတ်ကြောင်း၊ အဆိုပါ လက္ခဏာများသည် ၂၄ နာရီအတွင်း သက်သာပျောက်ကင်း လေ့ရှိကြောင်း၊ မသက်သာဘဲ ပိုမိုပြင်းထန်လာခြင်းနှင့် အခြားပြင်းထန်လက္ခဏာများ ခံစားရပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အမြန်ဆုံးသွားရောက်ပြသသင့်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသိပေးထားကြောင်းသိရသည်။ 

နိုင်လင်းကျော်(ဒလ)


ထီးလင်း 

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများအား (COVID-19)ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကိုယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ၌ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့(COVID-19)ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ထီးလင်းမြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဒေါ်တင်သူဇာအောင် ဦးဆောင်ကြီးကြပ်လျက်ဆေးထိုးအဖွဲ့များက ကာကွယ်ဆေးထိုးရန် လာရောက်ကြသည့်ကျန်းမာရေး ဝန်ထမ်းများအား ကာကွယ်ဆေးမထိုးမီ တစ်ဦးချင်းသွေးပေါင်ချိန်ခြင်းနှင့် လိုအပ်သည့်အချက်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၇၀  တို့အား အိန္ဒိယနိုင်ငံထုတ် COVISHIELD (COVID-19) ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ် ထိုးနှံပေးသည်။

(COVID-19)ရောဂါ ကာကွယ်ဆေးကို တစ်ကြိမ်နှင့်တစ်ကြိမ် ရက်သတ္တ(၄)ပတ်ခြား၍ နှစ်ကြိမ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ (COVID-19)ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ လိုက်နာ နေထိုင်သွားကြရန်လိုအပ်ကြောင်းနှင့် အဆိုပါကာကွယ်ဆေး တစ်လုံးကို လူ ၁၀  ဦး ထိုးနှံပေးနိုင်ကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)


မူဆယ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးဝန် ထမ်းများနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဝန်ထမ်းများအား ဇန်နဝါရီ ၂၉ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို မူဆယ်မြို့ပြည်သူ့ဆေးရုံကြီးခန်းမဆောင်တွင် ထိုးနှံပေးလျက်ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အား ကစားနှင့်ကာယပညာဦးစီးဌာနနှင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနတို့မှ ဝန်ထမ်းများ အား ယနေ့နံနက်ပိုင်းမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးသွားမှာဖြစ်ကြောင်း မူဆယ်ခရိုင် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးထံက သိရသည်။ 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံဆောင်ရွက်ရာတွင် မူဆယ်မြို့နယ်ရှိ ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့်အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ ဝန်ထမ်းအယောက် ၂၈၉ ဦးကို ဇန်နဝါရီ ၂၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ နှစ်ရက်အတွင်းအပြီး ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

စန္ဒာ(ပြန်/ဆက်)


မိုးနဲ 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊မိုးနဲမြို့နယ်အတွင်းရှိ  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံထုတ် COVISHIELD/Astrazeneca ကိုဗစ်-၁၉ ကာကွယ်ဆေးကိုမြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်း(၈၃)ဦး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်း(၃)ဦး၊ တိုင်းရင်း ဆေးကုဌာနဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၈၉)ဦးအား နံနက်ပိုင်း/ညနေပိုင်းနှစ်ပိုင်းခွဲ၍ ပထမအကြိမ် ထိုးနှံ ပေးသွားမည်ဖြစ်ခဲ့ပြီး ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူများကိုရက်သတ္တပတ် (၄) ပတ်ခြား၍ ဒုတိယ အကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အသက် ၁၈ နှစ် အောက်ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ နို့တိုက်နေသော မိခင်များ၊ အခြားသော ကာကွယ်ဆေးများနှင့်ဓာတ်မတည့်သူများ၊ ကိုဗစ်-၁၉ ရောဂါလက်ရှိ ခံစားနေရသူများ၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပြီး သွေးရည်ကြည်ကုထုံးဖြင့် ကုသထားသူများ၊ ကိုယ်အင်္ဂါအစိတ် အပိုင်းအစားထိုး ကုသထားသူများ နှင့် ကိုယ်ခံအားကျနေသူများ မထိုးနှံရကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေး နှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇင်မီဟန် ထံမှသိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)