အမေရိကန်သမ္မတရွေးကောက်ပွဲဆိုင်ရာ သတင်းအမှားများ ဖြန့်ဝေနေသည့် သုံးစွဲသူများကို တွစ်တာနှင့် ဖေ့စ်ဘွတ်တို့က ရပ်ဆိုင်း

ဆန်ဖရန်စစ္စကို   ၅  နိုဝင်ဘာ

တွစ်တာနှင့် ဖေ့စ်ဘွတ်တို့က အမေရိကန်သမ္မတရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် လက်ယာယိမ်းသတင်းများကို ဖြန့်ဝေနေသည့် လူမှုကွန်ရက်သုံးစွဲသူများ၏စာမျက်နှာများကို ၎င်းတို့ချမှတ်ထားသည့် မူဝါဒများနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် ပိတ်ပစ်ခဲ့ကြောင်း ယမန်နေ့က အတည်ပြုခဲ့သည်။

တွစ်တာ၏မူဝါဒဖြစ်သည့် “ ပူးပေါင်းဆောင်ရွက်မှု” ကိုမလိုက်နာဘဲ သီးခြားသတင်းအချက် အလက်များကိုသာ ဖော်ပြနေသူများ၏ စာမျက်နှာများကို မူဝါဒနှင့် မကိုက်ညီခြင်းကြောင့် ပိတ်ပစ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဖော်ပြခဲ့သည်။ အလားတူ ဖေ့စ်ဘွတ်ကလည်း ခိုင်မာမှုမရှိသော သတင်းအချက်အလက်များကို ဝေမျှနေသူ (သို့မဟုတ်)စတင်ဖော်ပြသူများ၏ စာမျက်နှာများကို ရပ်ဆိုင်းထားကြောင်း ဆိုသည်။

ထိုသို့ ရပ်ဆိုင်းခံရသည့် စာမျက်နှာများတွင် တွစ်တာ၌ followers များစွာရှိသည့် SV News Alert လည်း ပါဝင်ကာ အဆိုပါစာမျက်နှာက ရွေးကောက်ပွဲနှင့် ပတ်သက်၍ ဖြစ်ပေါ်တတ်သည့် မငြိမ်သက်မှုများ၊ မဲပေးရာတွင် လုံခြုံမှုစိတ်ချရမှုနှင့် စပ်လျဉ်းသည့် ပြဿနာရပ်များကိုသာ တောက်လျှောက်ဖော်ပြနေခဲ့သည်။ ယင်းအပြင် ဒီမိုကရက်တို့နှင့် ပတ်သက်သည့် သတင်းအမှားများ၊ ရီပတ်ဘလီကန်သမ္မတ ထရမ့်၏ ဆောင်ရွက်ချက်များနှင့် မိန့်ခွန်းများကိုသာ အသားပေးဖော်ပြနေခြင်းကြောင့် ပိတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်သည်လည်း ၎င်းတို့ လူမှုကွန်ရက်တွင် ဖွင့်လှစ်ထားသည့် SV News Alert စာမျက်နှာကိုလည်းပိတ်ပစ်ခဲ့ပြီး ရေးသားထားသည့် မှတ်ချက်များအားလုံးကိုလည်း ပယ်ဖျက်ခဲ့သည်။ တွစ်တာမှ ပိတ်ပစ်ခဲ့သည့်စာရင်းတွင် FJ News Reporter နှင့် Intel and Faytuks တို့လို လူကြည့်များသည့် သတင်းစာမျက်နှာများလည်း ပါဝင်သည်။

တွစ်တာလူမှုကွန်ရက် တစ်ခုတည်းမှာပင် ရွေးကောက်ပွဲတွင် အဓိက အဆုံးအဖြတ်ပြည်နယ် တစ်ခုဖြစ်သည့် ပင်ဆယ်ဗေးနီးယား မဲရုံတွင် ရီပတ်ဘလီကန်တို့ အသာရနေဆိုသည်ကို အကြိမ် ၃၃၀၀၀ ကျော် ဖော်ပြခဲ့ကြောင်း ဗစ်ဂ်နယ်၏ ဖော်ပြချက်အရ သိရသည်။ ရွေးကောက်ပွဲရလဒ်များ၊ မဲရုံအနေအထားနှင့် ရွေးကောက်ခံ သမ္မတလောင်းများ၏ အခြေအနေများကို ဖော်ပြရာတွင် သတင်းမှားများပါ ပျံ့နှံ့လာခြင်းဖြစ်သည်။

ဖေ့စ်ဘွတ်နှင့် တွစ်တာတို့သည် အစောပိုင်းကပင် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် သတင်းအမှားများ၊ ဗီဒီယိုတင်ခြင်းအပါအဝင် နိုင်ငံရေးရည်ရွယ်ချက်ဖြင့်ပြုလုပ်သည့် မည်သည့်လှုံ့ဆော်ချက်ကိုမဆို တားမြစ်မည်ဖြစ်ကြောင်း သတိပေးထားပြီးဖြစ်သည်။

ကိုးကား - စီအင်န်အေ၊ ဘာသာပြန်-မေလဲ့သင်း