အမေရိကန်သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒင်ကို သမ္မတဟောင်း အိုဘားမား ထောက်ခံ

ဝါရှင်တန်  ၁၆  ဧပြီ

အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမားက ယခုနှစ် ဆောင်းဦးရာသီတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲအတွက် ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်ကို ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ထောက်ခံလိုက်သည်။

သမ္မတဟောင်း အိုဘားမားသည်ယမန်နေ့ကအွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။ “ဂျိုးဘိုင်ဒင်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်ခြင်းက ကျွန်တော်ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်မှာ သမ္မတတစ်ဦးဖြစ်ဖို့ လိုအပ်တဲ့ အရည်အချင်းတွေ အားလုံးရှိပါတယ်ဟု အိုဘားမားက ပြောသည်။ သမ္မတလောင်းအဆိုပြုစာရင်းမှ ရုတ်သိမ်းခဲ့သည့် လက်ဝဲဝါဒီ အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါးစ် အတွက်လည်း ထည့်သွင်းစဉ်းစားကြောင်း အိုဘားမားက ပြောသည်။

သူနှင့် ဆန်းဒါးစ်တို့မှာ အကြောင်းအရာတိုင်းတွင် သဘောထားမတိုက်ဆိုင်ခဲ့သော်လည်း အမေရိကန်နိုင်ငံကို မျှတမှုရှိသော၊ တန်းတူညီမျှမှုရှိသော လူ့အဖွဲ့ အစည်း တစ်ရပ်ဖြစ်လာစေရန် ခံယူချက်တစ်ရပ် မျှဝေခဲ့ကြောင်း အိုဘားမားက ဆိုသည်။ အိုဘားမား၏ ထောက်ခံချက်က သူ့အတွက် အရေးပါကြောင်း ဂျိုးဘိုင်ဒင်က တွစ်တာ၌ ရေးသားခဲ့သည်။ အိုဘားမားအနေဖြင့် ဂျိုးဘိုင်ဒင်မတိုင်မီ ယနေ့အချိန်ထိ မည်သည့်သမ္မတလောင်းတစ်ဦးကိုမှ လူသိရှင်ကြား ထောက်ခံမှုမပြုလုပ်ခဲ့ပေ။ သို့သော်အိုဘားမား အနေဖြင့် ပါတီတွင်းစည်းလုံးညီညွတ်မှု မြှင့်တင်ရန် ဘာနီဆန်းဒါးစ်နှင့် အခြားကိုယ်စားလှယ်လောင်းများထံ ချဉ်းကပ်ခဲ့ကြောင်း သတင်းများက ဖော်ပြသည်။

ထင်ရှားသော သမ္မတဟောင်းက ဂျိုးဘိုင်ဒင်ကို သမ္မတလောင်းအဖြစ် ထောက်ခံမှုသည် ဒီမိုကရက်တစ်ပါတီ၏ လက်ဝဲဝါဒီများနှင့် အလယ်အလတ်ဝါဒီများကို စည်းလုံးမှုရှိစေသည်ဟု လေ့လာသူများက ဆိုသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-ကျော်ထိုက်စိုး