အမေရိကန်နှင့် ရုရှားတို့ နျူကလီးယား လက်နက်ထိန်းချုပ်ရေးဆွေးနွေးပွဲ ကျင်းပ

ဟယ်စင်ကီး ၆  အောက်တိုဘာ

 

အမေရိကန်နှင့် ရုရှားတို့သည် နျူကလီးယားလက်နက် ထိန်းချုပ်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများကို ဖင်လန်နိုင်ငံ၏ မြို့တော် ဟယ်စင်ကီး၌ အောက်တိုဘာ ၅ ရက်တွင် ကျင်းပခဲ့သည်။

 

ယခုညှိနှိုင်းဆွေးနွေးမှုများသည် ယခုနှစ်အစောပိုင်းက ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် စတင်ခဲ့သည့် အမေရိကန်နှင့် ရုရှားတို့အကြား နျူကလီးယားလက်နက်ထိန်းချုပ်ရေးဆိုင်ရာ နောက်ဆုံးအဆင့် ဆွေးနွေးပွဲများကို ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဖင်လန်နိုင်ငံ သမ္မတရုံး၏ ပြောကြားချက်အရ သိရသည်။

 

ရုရှားကိုယ်စားလှယ်အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဆာဂျီယက်ဘ်ကော့ဗ် က ဦးဆောင်ခဲ့ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့ကိုမူ လက်နက်ထိန်းချုပ်ရေးဆိုင်ရာ အထူး ခန့်အပ်ခြင်း ခံရသော သမ္မတရုံးသံတမန် မာရှယ်လ်ဘီလင်ဆလီယာက ဦးဆောင်ခဲ့ခြင်းဖြစ်သည်။

 

ဖင်လန်သမ္မတရုံးကထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက် တစ်ရပ်တွင် အမေရိကန်နှင့် ရုရှားတို့အကြား ဆွေးနွေးချက်များ၏ အသေးစိတ်ကို ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း နှစ်နိုင်ငံဆွေးနွေးမှု ပြီးချိန်တွင် ယက်ဘ်ကော့ဗ်နှင့် ဘီလင်ဆလီယာတို့သည် ဖင်လန်နိုင်ငံ သမ္မတနှင့် သီးခြားစီ တွေ့ဆုံခဲ့ကြကြောင်း ဖော်ပြထားသည်။

 

အမေရိကန်နှင့် ရုရှားတို့၏ New StartTreaty ဟု ခေါ်သည့် နှစ်နိုင်ငံနျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ကြောင်းသိရသည်။

 

ကိုးကား-ဆင်ဟွာ၊ ဘာသာပြန်-အလင်းသစ်