အမေရိကန်နိုင်ငံတွင်းက ဗိုင်းရပ်စ်ပိုး ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းတွေ ထုတ်ပြန်ထားတဲ့ အခြေအနေ

၁၇ နိုဝင်ဘာ

 

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း တနင်္လာနေ့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၆၀,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။ နိုင်ငံတွင်းမှာ ပိုးကူးစက်မှု များနေတဲ့အတွက် ပြည်နယ်နဲ့ မြို့တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်ရန် စည်းမျဉ်းစည်းကမ်းသစ်တွေ ထုတ်ပြန်လာတာကို အခုသီတင်းပတ်တွေ အတွင်းမှာ တွေ့ရပါတယ်။

 

 

-ချီကာဂို-

 

 

မေရိကန်နိုင်ငံရဲ့ တတိယအကြီးဆုံး မြို့ဖြစ်တဲ့ ချီကာဂိုမြို့မှာ တနင်္လာနေ့ (နိုဝင်ဘာ ၁၆ရက်) ကစပြီး ကျောင်းသွားရန်၊ အလုပ်သွားရန်နဲ့ ဟင်းသီးဟင်းရွက် ဝယ်ယူရန်လိုမျိုး အရေးကြီးကိစ္စ ဆောင်ရွက်မှုကလွဲပြီး နေအိမ်မှာပဲနေရန် မြို့ခံတွေကို ညွှန်ကြားထားပါတယ်။ ဒီအမိန့်ဟာ သီတင်း ၃ ပတ် ကြာမှာဖြစ်ကြောင်း သိရပါတယ်။

 

 

-မစ်ချီဂန်-

 

 

ဆိုင်ထိုင်စားခြင်းကို ခွင့်မပြုခြင်းနဲ့ အထက်တန်းကျောင်းနဲ့ တက္ကသိုလ်တွေအား အွန်လိုင်းမှ သင်ကြားခြင်းကို သီတင်း ၃ ပတ် သတ်မှတ်ထားပါတယ်။

 

 

ကဇာတ်ရုံ၊ ကာစီနို၊ bowling ကစားရုံနဲ့ အားကစားခန်းမတွေကိုလည်း ဗုဒ္ဓဟူးနေ့ကစပြီး ပိတ်ထားရန် အမိန့်ထုတ်ပြန်ထားပါတယ်။

 

 

-ဝါရှင်တန်ပြည်နယ်-

 

 

ဆိုင်ထိုင်းစားခြင်းကို ခွင့်မပြုခြင်း၊ အားကစားခန်းမနဲ့ ပြတိုက်တွေပိတ်ထားခြင်း၊ စတိုးဆိုင်တွေနဲ့ ဝတ်ပြုရာနေရာတွေမှာ လူ ၂၅ ဦးသာ လက်ခံရန် ကန့်သတ်ခြင်းတွေကို ပြုလုပ်ထားပါတယ်။ နေအိမ်တွေမှာ ဧည့်သည် လက်မခံရန်၊ တကယ်လို့ တည်းခိုမယ့် ဧည့်သည်ဟာ သီးသန့်စောင့်ကြည့်မှုအောက်မှာ နေထိုင်ပြီးရင် နေအိမ်မှာ လက်ခံနိုင်ကြောင်း ညွှန်ကြားထားပါတယ်။ ဒီအမိန့်ဟာ တနင်္လာနေ့ သန်းခေါင်ယံကစပြီး ဒီဇင်ဘာ ၁၄ ရက်နေ့ အထိလို့ သိရပါတယ်။

 

 

-နယူးဂျာစီ-

 

 

လူစုဝေးပြုလုပ်ခြင်းကို ကန့်သတ်ရာ အဆောက်အအုံအတွင်း အများဆုံး ၁၀ ဦးနဲ့ အဆောက်အအုံ အပြင်မှာ ၁၅၀ အထိ စုဝေးခွင့် ပြည်နယ်အုပ်ချုပ်ရေးမှူးက တနင်္လာနေ့မှာ ကြောညာပါတယ်။ အဆောက်အအုံ အတွင်းမှာ ကျင်းပမယ့် ဘာသာရေးဆိုင်ရာ စုဝေးခွင့်၊ လက်ထပ်မင်္ဂလာပွဲ၊ အသုဘအခမ်းအနားတွေမှာ အဆောက်အအုံရဲ့ ဆံ့တဲ့ ဦးရေရဲ့ ၂၅ ရာခိုင်နှုန်း တစ်နည်းအားဖြင့် ၁၅၀ ဦးအထိ သာ ပါဝင်ခွင့်ရှိကြောင်း ထည့်သွင်းပြောကြားပါတယ်။

 

 

-နယူးမက္ကဆီကို-

 

 

သီတင်းနှစ်ပတ် အသွားလာကန့်သတ် (lockdown) ကို တနင်္လာနေ့က စတင်ကြောင်း၊ အရေးကြီးကိစ္စမှလွဲပြီး ဒေသခံတွေအားလုံး အိမ်မှာနေရန်၊ အရေးမကြီးတဲ့ပစ္စည်း ရောင်းတဲ့ဆိုင်တွေ အားလုံး ပိတ်ထားရန်၊ စားသောက်ဆိုင်တွေကို ပါဆယ်သာ ရောင်းချရန် ပြည်နယ်အုပ်ချုပ်ရေးမှူးက အမိန့်ထုတ်ပြန်ထားပါတယ်။

 

 

အော်ရီဂွန်-

 

 

ဗုဒ္ဓဟူးနေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ဘားတွေနဲ့ စားသောက်ဆိုင်တွေဟာ ပါဆယ်သာ ရောင်းချခွင့် ရှိခြင်း၊ ပြတိုက်၊ အားကစားခန်းမ၊ တိရိစ္ဆာန် ဉယျာဉ် နဲ့ ပန်းခြံတွေအားလုံး ပိတ်ထားခြင်း၊ လူစုဝေးခွင့်ကို ၆ ဦးအထိသာ ခွင့်ပြုခြင်း ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ကြောညာပါတယ်။

 

 

နယူးယောက်-

 

ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး အရက်သေစာ ရောင်းချခွင့်ကိုည ၁၀ နာရီအထိသာ ခွင့်ပြုခြင်းကို ပြည်နယ်တစ်ခုလုံးအနေနဲ့ အမိန့်ထုတ်ပြီး၊ နယူးယောက်စီးတီးတွင် လွန်ခဲ့တဲ့ ၇ ရက်အတွင်းမှာ ပိုးတွေ့ရှိသူ ၃ ရာခိုင်နှုန်း နီးပါးအထိ ရှိလာခြင်းကြောင့် ကျောင်းသူကျောင်းသား ၁.၁ သန်း တက်ရောက်ပညာသင်ကြားနေတဲ့ အစိုးရကျောင်းတွေကို ပိတ်ထားရန် မြို့တော်ဝန်က အမိန့်ထုတ်ပြန်ထားပါတယ်။

 

 

ကယ်လီဖိုးနီးယား-

 

 

ပြီးခဲ့တဲ့ စနေနေ့ကစပြီး အားကစားခန်းမတွေနဲ့ ရုပ်ရှင်ရုံတွေ ပိတ်ထားခြင်း၊ ဆိုင်ထိုင်စားခြင်းကို ခွင့်မပြုခြင်း စတဲ့ ကန့်သတ်မှုတွေ လုပ်ခဲ့ပါတယ်။ ကျောင်းစာသင်ခန်းတွေမှာ ဆံ့တဲ့ ဦးရေရဲ့ ၂၅ ရာခိုင်နှုန်းသာ လက်ခံရန်နဲ့ စာသင်ခန်းမှာ လူကိုယ်တိုင် ရှိရန် လိုအပ်တဲ့ ကျောင်းသူကျောင်းသားတွေသာ ကျောင်းလာခွင့်ပြုရန် ညွှန်ကြားထားပါတယ်။

 

 

မြောက်ဒါကိုတာ-

 

 

ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး ဒေသခံအားလုံးအား မျက်နှာဖုံး ဝတ်ဆင်ရန်၊ စားသောက်ဆိုင်နဲ့ ဘားတွေမှာ ဆံ့တဲ့ဦးရေရဲ့ ၅၀ ရာခိုင်နှုန်းသာ ဝန်ဆောင်မှုပေးရန် ညွှန်ကြားထားပါတယ်။

 

 

MDN

ကိုးကား - AFP

a2