အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် သေဆုံးသူကလေးဦးရေ၏ သုံးပုံတစ်ပုံသည် အိုမီခရွန်ကူးစက်မှုအတွင်း သေဆုံးခြင်းဖြစ်

မတ် ၁၅

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးခဲ့သည့် ကလေးဦးရေ၏ သုံးပုံတစ်ပုံသည် အိုမီခရွန်ဗီဇပြောင်းကူးစက်မှုအတွင်း သေဆုံးခြင်းဖြစ်ကြောင်း သည်ဂါးဒီယန်းသတင်းစာတွင် ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ကလေးငယ်များအကြား ပါးစပ်၊ နှာခေါင်းစည်းများမဖြစ်မနေတပ်ဆင်မှု ကျဆင်းလာပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်းများ လျော့နည်းလာသဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများမှာ ပိုတိုးလာဟန်ရှိသည်ဟု ဗြိတိန်သတင်းစာတွင် သောကြာနေ့က ရေးသားထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ၂၀၂၂ ခုနှစ် အစောပိုင်းမှစတင်ကာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် ကလေးဦးရေ ၅၅၀ သေဆုံးခဲ့ရာ ပြီးခဲ့သည့် ၂၂ လအတွင်း ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးခဲ့သော ကလေးဦးရေ ၁၀၁၇ ဦးရှိကြောင်း အမေရိကန်ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာမှရရှိသော အချက်အလက်အရ သိရသည်။

 

နိုဝင်ဘာလက ပထမဆုံးတွေ့ရှိခဲ့သော အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုသည် သီတင်းပတ်များအတွင်း ကူးစက်မှုပိုမိုများပြားလာသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်သည် ဒယ်လ်တာထက် ဝေဒနာပြင်းထန်မှုလျော့နည်းသော်လည်း သေဆုံးမှုတွင် ဒယ်လ်တာထက် သုံးဆမှငါးဆအထိ ပိုမိုများပြားသည်ဟု ဇန်နဝါရီလကထုတ်ပြန်ထားသော စီဒီစီသုတေသနအချက်အလက်ကို ကိုးကားပြီး ဂါးဒီးယန်းသတင်းစာကဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို