အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့သူ ၂၅၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၃,၉၀၀ ကျော်ရှိ

၆ ဇန်နဝါရီ

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၃,၉၃၆ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ထုတ်ပြန်ကြေညာပါတယ်။

 

ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးဒဏ် အဆိုးဆုံးခံနေရတဲ့ အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ ၂၅၀,၁၇၃ ဦးရှိရာ စုစုပေါင်း ၂၁ သန်းကျော်ရှိပြီး သေဆုံးသူဟာ ၃၅၇,၀၆၇ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့အတွက် ဆေးရုံမှာ ကုသခံယူနေသူ ၁၃၁,၀၀၀ ကျော်ရှိလာကြောင်း၊ အဲဒီပမာဏဟာ ကပ်ရောဂါစတင်ချိန်ကနေ ဆေးကုသခံယူရသူ အများဆုံးလို့ ဆိုနိုင်ကြောင်း Covid Tracking စီမံကိန်းအရ သိရပါတယ်။

 

လွန်ခဲ့တဲ့ ခြောက်ရက်ကလည်း ရောဂါပိုးကြောင့် သေဆုံးသူ ၃,၉၂၀ကျော်နဲ့ မှတ်တမ်းတင်ခဲ့တာကိုလည်း တွေ့ရပါတယ်။

 

အမေရိကန်နိုင်ငံမှာ နိုဝင်ဘာလကုန်ပိုင်းကစပြီး ကပ်ရောဂါပိုးကြောင့် နေ့စဉ်သေဆုံးဟာ ၂,၀၀၀ ကျော်ရှိနေပြီး တချို့ရက်တွေမှာ ၃,၀၀၀ ကျော်တာကိုလည်း တွေ့ရပါတယ်။

 

ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံမှာ ကပ်ရောဂါကို ကျော်လွှားရန်အတွက် ဒီဇင်ဘာလလယ်ကစပြီး ကာကွယ်ဆေးထိုးနှံရေး အစီအစဉ်ကို စတင်နေပြီဖြစ်ပါတယ်။ လက်ရှိအချိန်အထိ နိုင်ငံ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းအောက်လို့ ဆိုရမယ့် လူပေါင်း ၄ ဒသမ ၈ သန်းဟာ ပထမအကြိမ် ကာကွယ်ဆေးကို ရရှိပြီး ဖြစ်ပါတယ်။

 

MDN

ကိုးကား - AFP