အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်နှင့် ဆော်ဒီခေါင်းဆောင်များ ဂါဇာအရေးဆွေးနွေး

ဝါရှင်တန်၊ မတ် ၂၁

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်သည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ် ရပ်စဲရေးဆွေးနွေးမှုများ‌နှင့် အရပ်သားများအတွက် အကူအညီများပိုမိုရရှိရန် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အရှေ့အလယ်ပိုင်းသို့ ယမန်နေ့က သွားရောက်ခဲ့ကြောင်းသိရသည်။

ယခုခရီးစဉ်သည် အောက်တိုဘာလတွင် အစ္စရေးကို ဟားမတ်စ်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် ဘလင်ကန်၏ ခြောက်ကြိမ်မြောက် အရှေ့အလယ် ပိုင်းခရီးစဉ်ဖြစ်သည်။  ဘလင်ကန်သည် ဆော်ဒီအာရေဗျနိုင်ငံ ဂျဒ်ဒါ မြို့၌ ဆော်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံကာ ဟားမတ်စ်အဖွဲ့က ဖမ်းဆီးထားသည့် ဓားစာခံများ လွတ်မြောက်ရေးနှင့် ပါလက်စတိုင်းတို့အတွက် လွတ်လပ်သောနိုင်ငံ ထူထောင်ရန် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆော်ဒီခေါင်းဆောင်များအနေဖြင့် အစ္စရေးနှင့် ဆက်ဆံရေးကို ပုံမှန်ဖြစ်စေရန်လည်း မျှော်လင့်ကြောင်း ဘလင်ကန်က ပြောကြားသည်။ သို့သော်အစ္စရေးက နိုင်ငံနှစ်ရပ်ဖြေရှင်းချက်ကို သဘောတူညီစေရန် မျှော်လင့်ပါကြောင်း ဆော်ဒီခေါင်းဆောင်များက ပြန်လည်ပြောကြားသည်။

အစ္စရေးတပ်ဖွဲ့ဝင်များသည် ဂါဇာတောင်ပိုင်းရှိ ရာဖာမြို့ကို ဝင်တိုက်ပါက ပြင်းထန်သော ဂယက် ရိုက်ခတ်မှုများ ရှိလာမည်ဖြစ်ကြောင်း ဆော်ဒီ ခေါင်းဆောင်များက သတိပေးပြောကြားသည်။

ဂါဇာကမ်းမြောင်ဒေသ၌ စားနပ်ရိက္ခာပြတ်လပ်လျက်ရှိပြီး ပြည်သူအများအပြား ငတ်မွတ်ခေါင်းပါးမှု ဒဏ်ကို ရင်ဆိုင်နေရသည့်အတွက် ဂါဇာကမ်းမြောင် ဒေသဆိုင်ရာ ကုလသမဂ္ဂ ကယ်ဆယ်ရေးအေဂျင်စီသို့ ဒေါ်လာ သန်း ၄၀ ထောက်ပံ့မည်ဖြစ်ကြောင်း ဆော်ဒီခေါင်းဆောင်များက ကြေညာခဲ့သည်။

ဘလင်ကန်သည် အာရပ်နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံရန် ကိုင်ရိုမြို့တော်သို့ သွားရောက်မည်ဖြစ်သည်။ မတ် ၂၂ ရက်တွင် ရာဖာမြို့၌ ခိုလှုံနေကြသော သန်းနှင့်ချီသော ပြည်သူများကို မည်သို့ကာကွယ်ရမည်နှင့် အစ္စရေးတပ်ဖွဲ့ဝင်များ၏ ထိုးစစ်ကို ပြည်သူများ ရှောင်ရှားနိုင်စေရန် အစ္စရေးနိုင်ငံသို့ သွားရောက် ဆွေးနွေးမည်ဖြစ်သည်။

အမေရိကန်ခေါင်းဆောင်များ၏ ပံ့ပိုးမှုကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သော်လည်း ဂါဇာ အရေးနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများတွင် ၎င်းတို့ သဘောမတူသည့် ကိစ္စရပ်များရှိကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မကြာသေးမီက ပြောကြားသည်။

ဟားမတ်စ်တို့ကို အပြီးတိုင် ချေမှုန်းရန်အတွက် ရာဖာမြို့ကို ချန်လှပ်ထားရန် မဖြစ်နိုင်ကြောင်း နေတန်ယာဟုက အခိုင်အမာ ပြောကြားသည်။ သို့သော် ဂါဇာကမ်းမြောင်၌ စစ်ဆင်ရေးများဆောင်ရွက်မှုနှင့်ပတ်သက်ပြီး ဆွေးနွေးရန် အစ္စရေးကာကွယ်ရေးဝန်ကြီး  ရို့ဗ်ဂေါ်လန့်နှင့် အခြားကိုယ်စားလှယ်များကို  လာမည့် သီတင်းပတ်တွင် ဝါရှင်တန်မြို့သို့ စေလွှတ်မည်ဖြစ်ကြောင်း သိရသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်