အမေရိကန်၌ ကလေးငယ် ၂ ဒသမ ၁၃ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဝါရှင်တန်၊ ၇ ဇန်နဝါရီ

 

အမေရိကန်ပြည်ထောင်စု၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစ၍ ယနေ့အထိ ကလေးငယ် ၂ ဒသမ ၁၃ သန်းနီးပါး ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရကြောင်း အမေရိကန်ကလေးဆိုင်ရာ ဆေးပညာရပ်တက္ကသိုလ်မှ ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

 

ပြီးခဲ့သည့်သီတင်းပတ် ဒီဇင်ဘာ ၃၁ ရက်က အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကလေးငယ် ၁၂၈၀၀၀ ထပ်မံတွေ့ရှိခဲ့ပြီးနောက် ရောဂါ ကူးစက်ခံရသူပေါင်း ၂ ဒသမ ၁၃ သန်းနီးပါး ရှိလာခဲ့ခြင်းဖြစ်သည်။

 

ထို့အတူ အမေရိကန်ပြည်ထောင်စုတစ်ဝန်းတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၇ ရက်မှ ၃၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကလေးငယ်ပေါင်း ၃၀၆၈၄၁ ဦး ထပ်မံတွေ့ရှိခဲ့ရာ သီတင်းပတ်နှစ်ပတ်အတွင်း အမေရိကန်ကလေးများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု ၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသော ကလေးဦးရေမှာ အမေရိကန်တစ်ဝန်းရှိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအားလုံး၏ ၁၂ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိသည်။ လက်ရှိအချိန်၌ အမေရိကန်ကလေးငယ်များအကြား ကိုဗစ်-၁၉ ရောဂါ စုစုပေါင်းကူးစက်မှုနှုန်းမှာ ကလေး ၁၀၀၀၀၀ လျှင် ၂၈၂၈ ဦးနှုန်းခန့်ရှိကြောင်း ကလေးဆိုင်ရာဆေးပညာရပ်တက္ကသိုလ်၏ အစီရင်ခံစာအရ သိရသည်။

 

လက်ရှိအချိန်တွင် အမေရိကန်၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကလေးငယ်များအကြား အသည်းအသန်ဖျားနာမှု ဖြစ်ခဲ့သော်လည်း ကလေးများ၏ ကျန်းမာရေးအပေါ် ကိုဗစ်-၁၉ ရောဂါ၏ ကြာကြာသက်ရောက်မှုနှင့် ပတ်သက်၍ မှတ်တမ်းပြုစုပြီး စောင့်ကြည့်နိုင်ရန် အရေးပေါ်လိုအပ်နေကြောင်း အစီရင်ခံစာတွင် ရေးသားဖော်ပြထားသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ