အမေရိကန်၌ အိုမီခရွန်ဗိုင်းရပ်စ် လျင်မြန်စွာကူးစက်ပျံ့နှံ့လျက်ရှိ

နယူးယောက် ဒီဇင်ဘာ ၁

အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ အကာအကွယ်ဖြစ်စေရန်အတွက် ကာကွယ်ဆေးထိုးကြရန် တိုက်တွန်းလျက်ရှိသည်။

အမေရိကန်၌ အိုမီခရွန်ကူးစက်မှုမှာ လျင်မြန်စွာပျံ့နှံ့လျက်ရှိသည့်အတွက် ယခုလိုတိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် ဒယ်လ်တာကူးစက်မှုမှာ ဆက်လက်ပြန့်ပွားနေပြီး အိုမီခရွန် ကူးစက်မှုမှာလည်း လျင်မြန်စွာပျံ့နှံ့လျက်ရှိသည်ဟု စီဒီစီမှ ညွှန်ကြားရေးမှူး ရိုချလ်လီ ဝေလ်လန်စကီး က ဒီဇင်ဘာ ၁၇ ရက်တွင် ပြောသည်။

အမေရိကန်နိုင်ငံ၌ မကြာမီအချိန်အတွင်း အိုမီခရွန်မှာ လွှမ်းမိုးနိုင်သည့် မျိုးကွဲဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ ပြည်နယ်ပေါင်း ၃၉ ခုတွင် အိုမီခရွန်ကူးစက်မှုကိုကျန်းမာရေး အာဏာပိုင်များက ထောက်လှမ်းတွေ့ရှိထားသည်။ ကာကွယ်ဆေးထိုးခြင်း၊ ပါးစပ်၊ နှာခေါင်းစည်း ဝတ်ဆင်ခြင်း အပါအဝင် ကာကွယ်ရေးအစီအမံများကို ပြုလုပ်ကြရန်လည်း ၎င်းက တောင်းဆိုထားသည်။

မကြာမီအချိန်အတွင်း အားလပ်ရက်ရာသီ ကျရောက်တော့မည်ဖြစ်ပြီး လူစုလူဝေးပြုလုပ်ခြင်းများနှင့် လူအများအပြား ခရီးထွက်ခြင်းများ ပြုလုပ်ကြတော့မည်ဖြစ်သည်။ ယင်းကာလမတိုင်မီ ယခုလို တောင်းဆိုခဲ့ခြင်းဖြစ်သည်။

တစ်ပတ်တာအတွင်း နေ့စဉ်ကူးစက်မှုနှုန်းမှာ ၁၂၀၀၀၀ ရှိပြီး ဆေးရုံတက်ရမှုနှုန်းမှာ ၇၈၀၀ ရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။

အင်န်အိတ်ချ်ကေ