အမေရိကန်မှ ကလေးစုစုပေါင်း ၈၅၀၀၀၀ ကျော်တွင် ကိုဗစ်- ၁၉ ကူးစက်ခံရကြောင်း တွေ့ရှိ

ဝါရှင်တန်   ၅  နိုဝင်ဘာ

ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့်အချိန် မှစတင်ကာ အမေရိကန်ပြည်ထောင်စု ရှိ ကလေး စုစုပေါင်း ၈၅၀၀၀၀ ကျော် တွင် ကူးစက်ခံခဲ့ရကြောင်း ကလေး ဆေးရုံအသင်း၏ အစီရင်ခံစာအသစ်အရ သိရသည်။

အောက်တိုဘာ ၂ရက်မှ ၂၉ ရက်ကြား နောက်ထပ်ကူးစက်ခံရသည့် ကလေး စုစုပေါင်း ၆၁၄၄၇ ဦးရှိ သည်ဟု သိရသည်။ အဆိုပါကူးစက်မှုနှုန်းမှာ ကူးစက်ရောဂါစတင်သည့်အချိန်မှစတင်ကာ အမြင့်ဆုံးနှုန်းပင်ဖြစ်သည်ဟု အစီရင် ခံစာတွင် ဖော်ပြထားသည်။

အောက်တိုဘာလအတွင်း ကလေးပေါင်း ၂၀၀၀၀၀ နီးပါးမှာ ရောဂါကူးစက်ခံရသည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကလေးအရေအတွက်မှာ ၈၅၃၆၃၅ ဦး ရှိသည်ဟု အစီရင်ခံထားပြီး ယင်းပမာဏသည် အမေရိကန်ရှိ ကူးစက်မှုတွင် ၁၁ ဒသမ ၁ ရာခိုင် နှုန်းကို ကိုယ်စားပြုသည်။

ကလေးပေါင်း ၁၀၀၀၀၀ တွင် ရောဂါကူးစက်ခံရသူ၁၁၃၄ ဦးရှိသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဆေးရုံတက်ကာ ကုသမှုခံယူရသည့် ကလေးရာခိုင်နှုန်းမှာ ၁ ရာခိုင် နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းရှိပြီး ကိုဗစ်-၁၉ ကြောင့် သေဆုံးရသည့် ကလေးအရေအတွက်မှာ ၀ ဒသမ ၂ ရာခိုင်နှုန်းရှိသည်။ ကိုဗစ်-၁၉ ကြောင့် ဆိုးဆိုးရွားရွား ဖျားနာသည့်ကလေးမှာ ရှားပါးကြောင်း တွေ့ရှိရသည်။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်ခံရသည့် ကလေးငယ်များ နောက်ပိုင်းတွင် မည်သည့်လက္ခဏာများ ခံစားရမည်ဆိုသည်ကို ဆက်လက်လေ့လာရန် အချက်အလက်များ လိုအပ်နေသေးသည်။ ကလေးငယ်များ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာတို့တွင် ရေရှည်၌ ထိခိုက်မှု ရှိ မရှိကို ဆက်လက်လေ့လာရဦးမည်ဖြစ်သည်။

ဆင်ဟွာ