အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ရန် ကျူးဘားနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရန် အီရန်ဒုသမ္မတ တိုက်တွန်း

တီဟီရန် ဇန်နဝါရီ ၁၂

 

အမေရိကန်ပြည်ထောင်စု၏အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ရန် ကျူးဘားနှင့် နီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အီရန်ဒုတိယသမ္မတ မိုဆန်ရီဆီးက တိုက်တွန်းလိုက်ကြောင်း  အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြား သတင်းတွင် ဇန်နဝါရီ ၁၂ ရက်က ဖော်ပြလိုက်သည်။

 

ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ခြင်းအားဖြင့် မိမိတို့သည် အရေးယူပိတ်ဆို့မှုများနှင့် ဖိအားများကို အားပျော့ပျက်ပြယ် စေမည်ဖြစ်ကြောင်း ရီဆီးက ကျူးဘား သမ္မတ မီဂူလ်ဒေါ့ဇ်ကန်နယ်လ်နှင့် နိုင်ကာရာဂွါမြို့တော် မနာက၌ တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

 

အီရန်သည် ကျူးဘား၏ ဖိနှိပ်ချုပ်ချယ်မှုများ ဆန့်ကျင်တွန်းလှန်မှုများကို လေးစားကြောင်းနှင့် ကျူးဘားနှင့် နှစ်နိုင်ငံ ဆက်ဆံရေးတိုးမြှင့်ရန် စဉ်းစားဆုံးဖြတ်ထားကြောင်း သမ္မတတင်မြှောက်ပွဲ အခမ်းအနားသို့ တက်ရောက်လာစဉ် ရီဆီးက ပြောသည်။ ။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ပူးတွဲထုတ်လုပ်မှုတွင် ကောင်းမွန်သော ပူးပေါင်းဆောင်ရွက်မှုများ ရှိခြင်းကို ရည်ညွှန်းပြီး ၎င်းက ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ထို့အပြင် နောက်ထပ် ကဏ္ဍမျိုးစုံ၊ အထူးသဖြင့် သိပ္ပံ၊ နည်းပညာနှင့် ကုန်သွယ်မှုများ တွင် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့် ခြင်း၏အရေးပါပုံကို အလေးအနက်ထား ပြောကြားခဲ့သည်။

 

ဆင်ဟွာ