အမေရိကန်အစိုးရက အစ္စရေးသို့ တိုက်လေယာဉ်နှင့် ဗုံးများ လွှဲပြောင်းပေးအပ်ရန် အတည်ပြု

ဂျေရုဆလင် မတ် ၃၁

ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးတပ်ဖွဲ့ဝင်များက စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်လျက်ရှိစဉ် အမေရိကန် အစိုးရသည် အစ္စရေးသို့ တိုက်လေယာဉ်များနှင့် ဗုံးများ  လွှဲပြောင်းပေးအပ်ရန် အတည်ပြုခဲ့ကြောင်း အမေရိကန်မီဒီယာများက ယမန်နေ့တွင်  သတင်းဖော်ပြသည်။ ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ဌာနက အဆိုပါလုပ်ရပ်ကို  ပြင်းထန်စွာ ဝေဖန်ပြောကြားသည်။

အမေရိကန်သမ္မတ  ဂျိုးဘိုင်ဒင် ဦးဆောင်သည့် အမေရိကန်အစိုးရသည် ဗုံးများနှင့် တိုက်လေယာဉ်များကို အစ္စရေးသို့ လွှဲပြောင်းပေးအပ်ရန် တိတ်တဆိတ် ခွင့်ပြုခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက သတင်းဖော်ပြသည်။

ဒေါ်လာဘီလီယံများစွာ တန်ဖိုးရှိသည့် အဆိုပါလက်နက်ထောက်ပံ့မှုတွင် F-35A ဂျက်တိုက်လေယာဉ် ၂၅ စင်းနှင့် ဗုံး ၂၃၀၀ ကျော် ပါဝင်သည်။ ယင်းလက်နက်လွှဲပြောင်းပေးအပ်ခြင်းကို လွန်ခဲ့သည့်နှစ်ကတည်းက အတည်ပြုထားပြီးဖြစ်သောကြောင့် အမေရိကန်အစိုးရသည် ကွန်ဂရက်သို့ အသိပေးချက် ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ရာဖာမြို့၌ အစ္စရေးတပ်ဖွဲ့ဝင်များ၏ မြေပြင်ထိုးစစ်ဆင်နွှဲမှုတွင် အရပ်သား သေဆုံးမှုများ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေသော်လည်း ဝါရှင်တန်အနေဖြင့် အစ္စရေးအား လက်နက်များ ဆက်လက်ထောက်ပံ့ပေးလျက်ရှိသည်။ အစ္စရေးစစ်တပ်သည် ဂါဇာကမ်းမြောင်အလယ်ပိုင်းနှင့် မြောက်ပိုင်းတို့တွင် စစ်ဆင်ရေးများကို ဆက်လက်လုပ် ဆောင်လျက်ရှိသည်။

လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပါလက်စတိုင်းသေဆုံးသူ ၈၂ ဦး အပါအဝင် လက်ရှိအချိန်အထိ သေဆုံးသူပေါင်း ၃၂၇၀၅ ဦး ရှိကြောင်း ဂါဇာရှိ ကျန်းမာရေး အာဏာပိုင်များက မတ် ၃၀ ရက်တွင် ပြောကြားသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်