အမေရိကန်-တရုတ် နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှု အဖြေရှာတွေ့တော့မလား

၇  ဇန်နဝါရီ

 

ကုန်သွယ်ရေးကိစ္စ ပထမဆုံးအကြိမ်အဖြစ် မျက်နှာချင်းဆိုင်ဆွေးနွေးပြောဆိုဖို့ တရုတ်နိုင်ငံသို့ လာမယ့်အပတ်မှာ အမေရိကန် အစိုးရကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ သွားရောက်လည်ပတ်မယ်လို့ သိရပါတယ်။ ဒါဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ ကုန်သွယ်ရေးစစ်ပွဲမှာ ခဏတာ သဘောတူညီမှုရပြီးနောက် တိုးတက်လာတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။

 

ကမောက်ကမဖြစ်စေ

 

အမေရိကန်နဲ့ တရုတ်နိုင်ငံဟာ အမေရိကန် ဒေါ်လာ ၃၀ဝ ဘီလီယံလောက်ရှိတဲ့ ကုန်သွယ်ရေးမှာ ပါးရိုက်ရင် နားကိုက်မယ်ဆိုတဲ့ တုံ့ပြန်မှုမျိုးနဲ့ အပြန်အလှန် တုံ့ပြန်နေကြတာ ဖြစ်ပါတယ်။ အဲဒီလိုအခြေ အနေဟာ နှစ်ဖက်စလုံးကို ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်ပေါ်စေပြီး ကုန်သွယ်မှုဆိုင်ရာ အခင်းအကျင်းမှာ ကမောက်ကမဖြစ်စေ တာကို တွေ့ရပါတယ်။

 

အမေရိကန် ကိုယ်စားလှယ်အဖွဲ့ကိုတော့ ကုန်သွယ်ရေးကိုယ်စားလှယ် ဒုတိယအကြီးအကဲ ဂျက်ဖရေးဂါရစ်က ဦးဆောင်မယ်လို့ သိရပြီး လွန်ခဲ့တဲ့နှစ် အာဂျင်တီးနားမှာ ကျင်းပခဲ့တဲ့ စက်မှုထိပ်သီးနိုင်ငံ ၂၀ ဆွေးနွေးပွဲရဲ့ သီးသန့်ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတ ထရမ့်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ သဘောတူခဲ့တဲ့ကိစ္စအပေါ် အခြေခံကာ ကုန်သွယ်ရေးတင်းမာမှုတွေကို ဖြေရှင်းနိုင်မယ့် ဘုံသဘောတူညီချက်ရရှိဖို့ ဆက်လက်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ ကုန်သွယ်မှုသဘောတူညီမှုအဖြစ် ရက်ပေါင်း ၉၀ ခန့်ကို ကုန်သွယ်ရေးစစ်ပွဲ ခဏတာရပ်ဆိုင်းမှု သတ်မှတ်ခဲ့ပြီး အဲဒီရက်ပေါင်း ၉၀ ကာလဟာ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး စတင်အကျုံးဝင်မှာ ဖြစ်ပါတယ်။

 

တရုတ်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ကျဆင်း

 

အရင်က တရုတ်နဲ့ အမေရိကန်နိုင်ငံရဲ့ ကုန်သွယ်ရေးဆိုင်ရာ အခြေအနေတွေကို ပြန်လည်သုံးသပ်ကြည့်မယ်ဆိုရင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ဇူလိုင်လအစောပိုင်းမှာ အမေရိကန်ဒေါ်လာ ၃၄ ဘီလီယံတန်ဖိုးရှိ တရုတ်သွင်းကုန် တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ အခု လိုလုပ်တာဟာ တရုတ်နိုင်ငံအပေါ် ပါးရိုက်ရင် နားကိုက်မယ့်တုံ့ပြန်မှုမျိုး ပြန်လည်တုံ့ပြန်တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ လအနည်းငယ်ကလည်း အမေရိကန်ဟာ အမေရိကန်ဒေါ်လာ ၂၀ဝ ဘီလီယံ ရှိတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် အခွန်ကောက်မှုတွေ ထပ်မံလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ထပ်မံခြိမ်းခြောက်ခဲ့ ပါတယ်။

 

ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးအားပြိုင်မှုဟာ ကျန်တဲ့ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ ကုန်သွယ်ရေးအပေါ် ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ ဖြိုးမှုဟာ အရင် ၆ ဒသမ ၈ ရာခိုင်နှုန်းရှိရာက အခုအခါ ၆ ဒသမ ၇ ရာခိုင်နှုန်းအထိဖြစ်လာပြီး အနည်းငယ်ကျဆင်းခဲ့တယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

 

လက်စားချေတုံ့ပြန်မှုတွေ ပြုလုပ်

 

သူတို့နှစ်နိုင်ငံရဲ့ ကုန်သွယ်ရေးတင်းမာမှုဟာ က္ဘာ့ကုန်သွယ်ရေးအခြေအနေကို တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်စွမ်း ရှိပါတယ်။ အမေရိကန်ဟာ တရုတ်ပို့ကုန်တွေအပေါ် အခွန်တိုးမြှင့်ကောက်ခံမှု တွေလုပ်ခဲ့ရာက တရုတ်နိုင်ငံရဲ့ ကုန်စည်တင်ပို့မှု ဈေးကွက်ဟာ ကမောက်ကမဖြစ်ခဲ့ပြီး တရုတ်ငွေကြေးတန်ဖိုး အနည်းငယ် ကျဆင်းခဲ့ရပါတယ်။ တစ်ဖက်မှာတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ မူဝါဒအခင်းအကျင်းကြောင့် အမေရိကန်ဒေါ်လာဟာ အတက်ဘက်ကို ဦးတည်လာခဲ့ပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဟာ တရုတ်ပို့ကုန်တွေအပေါ် နောက်ထပ်အခွန် တိုးမြှင့်ကောက်ခံမှုတွေ ပြုလုပ်သွားဦးမယ်လို့ အရင်ကပြောခဲ့တာလည်း ရှိပါတယ်။ တရုတ်နိုင်ငံကလည်း အခုလို အမေရိကန်ရဲ့ ကုန်သွယ်ရေးအပေါ် အခွန်တိုးမြှင့်ကောက်ခံတာကစလို့ အမေရိကန်ရဲ့ ကုန်သွယ်ရေးမူဝါဒကို လုံးလုံးမကြိုက်တဲ့အတွက် လက်စားချေတုံ့ပြန်မှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

 

ထရမ့်ရဲ့ အခွန်စည်းကြပ်မှု တရုတ်ထိခိုက်

 

အကယ်၍ အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ဟာ လာမယ့်ရက်သတ္တပတ်အစောပိုင်းဖြစ်တဲ့ တနင်္လာနဲ့ အင်္ဂါနေ့မှာ ကုန်သွယ်ရေး စကားဝိုင်းဆွေးနွေးပွဲကို စတင်ခဲ့ပါက နှစ်နိုင်ငံကုန်သွယ်ရေး ရပ်တည်ချက်တွေဟာ ပြောင်းလဲသွားမလားဆိုတာ လေ့လာစောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဟိုးအရင် လွန်ခဲ့တဲ့ ဇွန်လကလည်း အမေရိကန်နဲ့ တရုတ်နိုင်ငံကြား အခုလို ကုန်သွယ်ရေးစကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့သေးတယ်လို့လည်း သိရပါတယ်။

 

အရင်လအစောပိုင်းမှာ အခွန်အကောက်တွေနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့အမေရိကန်ရဲ့ အခြေအနေအပေါ် ယာယီအဆင်ပြေ ချောမွေ့ကြောင်း ကြေညာခဲ့သော်လည်း တကယ့်လက်တွေ့မှာတော့ အမေရိကန်ပြည်ထောင်စုဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်တာတွေ၊ တင်ပို့မှုကို ထိန်းချုပ်တာတွေနဲ့ တရုတ်နည်းပညာကုန်စည်တန်ဖိုး ၅၀ ဘီလီယံမှာ ၂၅ ရာခိုင်နှုန်း အခွန်ကောက်ခံတာတို့ အပါအဝင် နောက်ဆုံးမှာ တရုတ်နိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုတွေ ပြုလုပ်ဖို့ ကြိုးစားခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံရဲ့ အခွန်စည်းကြပ်မှုတွေဟာ အရေးပေါ်အခြေအနေတွေကို ဖြစ်ပေါ်စေပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အခွန်စည်းကြပ်မှုဟာ တရုတ်နိုင်ငံကို ရိုက်ခတ်စေပါတယ်။ အလားတူပဲ ဆိုးရွားလှတဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေကို ဖရိုဖရဲဖြစ်စေပါတယ်။

 

ထရမ့် ဘယ်လိုဗျူဟာခင်းမလဲ

 

ကုန်သွယ်ရေးသဘောထားကွဲလွဲမှု လျော့နည်းသက်သာစေဖို့ ခေါင်းဆောင်နှစ်ဦးရဲ့ သဘောတူညီချက်နဲ့ ပတ်သက်ပြီးတော့လည်း ဖြစ်နိုင်တဲ့ အလားအလာတွေကိုလည်း နှစ်ဖက်ကိုယ်စားလှယ် အဖွဲ့တွေက ဆွေးနွေးသွားနိုင်ခြေ ရှိတယ်လို့ သုံးသပ်ရပါတယ်။

 

အမေရိကန်သမ္မတ ထရမ့် အစိုးရအဖွဲ့ဝင်တွေအတွင်း တရုတ်နိုင်ငံအပေါ် ဘယ်လိုကိုင်တွယ်သွားရမလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်ကွဲလွဲမှုတွေ ဖြစ်ပေါ်နေကြောင်း သိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီး စတီဗင်မြူချင်က တင်းမာတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး သက်သာစေမယ့် နည်းလမ်းတွေကို လေ့လာသွားရမယ်လို့ တင်ပြချိန်မှာ အမေရိကန် ကုန်သွယ်ရေးအကြီးအကဲ ရောဘတ်လိုက်တင်ဇာ က နောက်ထပ် အရေးယူပိတ်ဆို့မှုတွေပြုလုပ်ဖို့ တင်ပြခဲ့တာကို တွေ့ရပါတယ်။

 

သူတို့နှစ်ဦးရဲ့ အနည်းငယ်ကွဲလွဲတဲ့ တင်ပြချက်တွေအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ဘယ်လိုမျိုး လုပ်ဆောင်သွားမလဲ၊ ဘယ်လို ကုန်သွယ်ရေးနည်းဗျူဟာခင်းမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာကောင်းပါတယ်။

 

ကုန်သွယ်ရေးစစ်ပွဲမဖြစ်ပွားဖို့ လုပ်ဆောင်ကြရမယ်

 

တရုတ်နိုင်ငံကလည်း ခေသူတော့ မဟုတ်ပါဘူး။ စီးပွားရေးမှာ ကမ္ဘာ့ဒုတိယနေရာမှာ ရပ်တည်နိုင်တာနဲ့အညီ သူကလည်း ဘယ်နည်းနဲ့မဆို အမေရိကန်ကိုကျော်ဖို့ ကြိုးစားနေတဲ့သူလည်း ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကုန်သွယ်ရေးနည်းဗျူဟာ ပြောင်းလဲမှုကြောင့်သာ လတ်တလောမှာ အခွင့်မသာသေးသလို ဖြစ်နေပေမယ့် နောင်တစ်ချိန်ချိန်မှာ ဘယ်နည်းနဲ့မဆို အမေရိကန်ကိုဖြတ်ကျော်ဖို့ ကြိုးစားဦးမှာပဲ ဖြစ်ပါတယ်။

 

ဆိုးရွားနေတဲ့ ကမ္ဘာ့ကုန်သွယ်ရေး တင်းမာမှုတွေကို လျော့နည်းစေဖို့ အမေရိကန်ပြည်ထောင်စု၊ တရုတ်နဲ့ ရုရှားနိုင်ငံတို့ကို အတူတကွလုပ်ဆောင် သွားဖို့နဲ့ အကယ်၍ သူတို့တွေသာ အတူတကွ လက်တွဲမလုပ်ဆောင်နိုင်ပါက ကုန်သွယ်ရေးမှာ ပဋိပက္ခတွေနဲ့ ပရမ်းပတာ ဖရိုဖရဲဖြစ်ကုန်တော့မှာပဲဆိုပြီး မကြာသေးမီက ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တခ်ကလည်း တိုက်တွန်းလိုက်ပါတယ်။

 

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ရဲ့ ကုန်သွယ်ရေး စစ်ပွဲအသွင်ဆောင်နေမှု အကျိုးဆက်ကြောင့် ကမ္ဘာ့ စီးပွားရေး ဖရိုဖရဲဖြစ်သွားမှာကို စိုးရိမ်တဲ့အတွက် အခုလိုမျိုး ဥရောပသမဂ္ဂကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တခ်ရဲ့ မှတ်ချက် ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်သည်သာ ပထမဆိုတဲ့ အစိုးရရဲ့ ပြည်တွင်းလုပ်ငန်းတွေကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်ပေးခြင်းဆိုင်ရာ မူဝါဒထုတ်ပြန်ပြီးတဲ့နောက်မှာ နိုင်ငံပေါင်း ၂၈ နိုင်ငံနဲ့သာမက သန်း ၅၀ဝ ပြည်သူတွေနဲ့ ကမ္ဘာ့အကြီးဆုံး ဈေးကွက်ရှိနေတဲ့ ဥရောပသမဂ္ဂဟာ ဒီနေရာမှာ သူ့ရဲ့မဟာမိတ်နိုင်ငံတွေကို ကူညီကျားကန်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ သမိုင်းမှာ မဖြစ်စဖူးအဖြစ်ထူးတဲ့ ကုန်သွယ်ရေး စစ်ပွဲမဖြစ်ပွားဖို့ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်လို့ ဥရောပသမဂ္ဂကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ်တခ်က ပေကျင်းမှာ ကျင်းပခဲ့တဲ့ ဥရောပ-တရုတ် ထိပ်သီးအစည်းအဝေးမှာလည်း ပြောခဲ့ပါသေးတယ်။

 

နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုဟာ အဆုံးမှာတော့ ဘယ်သူ့ဘယ်သူမှ ကောင်းကျိုးရနိုင်စရာ မရှိသလို အပြန်အလှန် စီးပွားရေးကျဆင်းမှုတွေနဲ့သာ ကြုံတွေ့နိုင်စရာရှိပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်ရလေအောင် ကုန်သွယ်ရေး တင်းမာမှုတွေကို ဖြေလျှော့နိုင်မယ့်နည်းလမ်းကို အမြန်ဆုံးရှာတွေ့နိုင်မှသာ ကောင်းကျိုးရစရာရှိပါတယ်။ ။

 

ကိုးကား - အေအက်ဖ်ပီ