အမေရိကန် ကျန်းမာရေးဝန်ထမ်း ၉၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ

ဝါရှင်တန်  ၁၆  ဧပြီ

အမေရိကန်နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရသော ကျန်းမာရေးဝန်ထမ်း အရေအတွက် ၉၀၀၀ ကျော်ရှိကြောင်း အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာက ယနေ့ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၂ ရက်မှ ဧပြီ ၉ ရက်အထိ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၉၃၇၀ ဦးရှိပြီး ၎င်းတို့အနက် ၉၂၈၂ (၁၉ ရာခိုင်နှုန်း)သည် ကျန်းမာရေးဝန်ထမ်းများဖြစ်သည်ဟု အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ဧပြီ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရ သိရသည်။

ရောဂါကူးစက်ခံကျန်းမာရေးဝန်ထမ်းများအနက် ၂၇ ဦးသေဆုံးခဲ့ကြောင်းနှင့် အများစုမှာ ရောဂါလက္ခဏာ အနည်းငယ်ကိုသာ ပြသလျက်ရှိပြီး ၎င်းတို့နေအိမ်များတွင် သီးခြားနေထိုင်လျက်ရှိကြောင်း သိရသည်။

ရောဂါကူးစက်သောနေရာ ၁၄၀၀ အနက် နေရာ ၇၈၀ ခန့် (၅၅ ရာခိုင်နှုန်း)သည် ရောဂါရှိသူများအား ကျန်းမာရေး စောင့်ရှောက်မှုပေးသော နေရာများဖြစ်သည်ဟု အမေရိကန် ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက ဆိုသည်။

အမေရိကန်နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါကူးစက်မှု အမြင့်မားဆုံးဖြစ်သည့်အတွက် အမေရိကန်ကျန်းမာရေး ဝန်ထမ်းများအနေဖြင့်လည်း ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရာတွင် နှာခေါင်းစည်းအပါအဝင် အခြားသော ထောက်ပံ့ရေးပစ္စည်းများကို ဖြည့်ဆည်းပေးရန် အရေးကြီးကြောင်း အမေရိကန်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာက အလေးပေး ပြောကြားခဲ့သည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-အောင်ကျော်ကျော်