အမေရိကန် ဆေးကုမ္ပဏီ Novavax မှ ထုတ်လုပ်တဲ့ ဗိုင်းရပ်စ်ကာကွယ်ဆေး အဆင့် ၃ စမ်းသပ်မှု လုပ်ဆောင်နေ

၂၉ ဒီဇင်ဘာ

 

 

အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတွေမှာ အမေရိကန်ဆေးကုမ္ပဏီ Novavax မှ ထုတ်လုပ်ထားတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား အဆင့် ၃ စမ်းသပ်မှု လုပ်ဆောင်နေကြောင်း အမေရိကန် အမျိုးသားကျန်းမာရေးအဖွဲ့(NIH) က တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကာကွယ်ဆေး ထုတ်လုပ်နေတဲ့ ဆေးကုမ္ပဏီ နောက်တစ်ခုဖြစ်တဲ့ Novavax မှ ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို NVX-CoV2373 လို့ အမည်ပေးထားပါတယ်။

 

 

NVX-CoV2373 ကာကွယ်ဆေးရဲ့ အဆင့် ၃ စမ်းသပ်မှုကို အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတွေမှာ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၀,၀၀၀ ပါဝင် စမ်းသပ်ခံယူနေကြောင်း သိရပါတယ်။ ဗြိတိန်နိုင်ငံမှာလည်း NVX-CoV2373 ကာကွယ်ဆေးကို စမ်းသပ်ခံရန် လူပေါင်း ၁၅,၀၀၀ ကလည်း ပါဝင်ဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

 

 

ကာကွယ်ဆေး စမ်းသပ်မှုတွင် ပါဝင်သူ သုံးပုံနှစ်ပုံအား ကာကွယ်ဆေးထိုးနှံပေးမှာဖြစ်ပြီး သုံးပုံတစ်ပုံကတော့ placebo ထိုးနှံပေးမှာဖြစ်ပါတယ်။ (placebo အစွမ်းအာနိသင်မရှိဘဲ ရှိသည်ဟု ယုံကြည်မှုဖြင့် ထိုးနှံ/သောက်ခြင်း) ဒါပေမယ့် ကာကွယ်ဆေးစမ်းမှုပါဝင်တွေဟာ ဆေးစမ်းသပ်ရေး ကာလတွင် သူတို့မှာ ကာကွယ်ဆေးလား။ placebo လား။ ဆိုတာ မသိအောင် လုပ်ဆောင်ထားမှာ ဖြစ်ပါတယ်။

 

 

အမေရိကန်နဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ပြုလုပ်မယ့် ကာကွယ်ဆေးစမ်းသပ်မှုကို ပါဝင်သူ ၂၅ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ်အထက် အရွယ်တွေ ဖြစ်ရန် ရည်မှန်းထားပါတယ်။

 

 

Novavax မှ ထုတ်လုပ်တဲ့ ကာကွယ်ဆေး NVX-CoV2373 ဟာလည်း ဆေးနှစ်လုံးထိုးရန် လိုအပ်ကြောင်း သိရပါတယ်။ ဒါပေမယ့် Pfizer/BioNTech နဲ့ Moderna ကာကွယ်ဆေးတွေလို အထူးပြုလုပ်ထားတဲ့ အပူချိန်အောက်မှာ သိမ်းဆည်းစရာမလိုဘဲ အပူချိန် ၂ ဒီဂရီစင်တီဂရိတ်ကနေ ၈ ဒီဂရီစင်တီဂရိတ်သာ လိုအပ်တဲ့အတွက် ဖြန့်ချိရေးမှာ လွယ်ကူတာကို တွေ့ရပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကာကွယ်ဆေး နောက်ထပ်နှစ်မျိုးဖြစ်တဲ့  Johnson & Johnson နဲ့ AstraZeneca/Oxford တို့မှ ထုတ်လုပ်ထားတဲ့ ကွယ်ဆေးကလည်း  အမေရိကန်နိုင်ငံမှာ အရေးပေါ် အသုံးပြုခွင့်ရရှိရန် ဆောင်ရွက်နေတာကို တွေ့ရပါတယ်။

 

 

MDN

ကိုးကား - AFP