အများပြည်သူအကျိုးအတွက် ဥပဒေလေ့လာ

နေပြည်တော် ၁၀ ဇူလိုင်

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသား မဟုတ်သူတစ်ယောက်အတွက် နိုင်ငံသား ဖြစ်ခွင့်ရရေးမှာ လွယ်ကူလှမည် မဟုတ်ချေ။ အခြားနိုင်ငံသားတစ်ဦးအနေဖြင့် မူရင်းနိုင်ငံသားဥပဒေနှင့် တန်းတူမဖြစ်နိုင်။ မြန်မာနိုင်ငံတွင် မွေးရာပါ နိုင်ငံသားနှင့် ဥပဒေအရနိုင်ငံသားဟူ၍ နှစ်မျိုးနှစ်စားရှိသည်။ ဥပဒေအရ နိုင်ငံသားဖြစ်ခွင့်ရသူများသည် တည်ဆဲဥပဒေများကို လေးစားလိုက်နာ ကျင့်သုံးနေထိုင်ရန် အထူးလိုအပ်သည်

တည်ဆဲဥပဒေဖြစ်သော ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ ၁၉၄၈ ခုနှစ်မတိုင်မီ ၁၀ နှစ်ကာလအတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ရှစ်နှစ် တစ်ဆက်တည်းနေထိုင်သူ၏ တတိယမျိုးဆက်သည် မွေးရာပါ နိုင်ငံသားမဟုတ်သော ဥပဒေအရ နိုင်ငံသားပြုခွင့် ရရှိမည်ဟု ပြဋ္ဌာန်းထားသည်။ သို့ပါ၍ ၁၉၄၈ ခုနှစ် မတိုင်မီကာလမှ တစ်ဆက်တည်း ကောင်းမွန်စွာ နေထိုင်သူများသည် ဥပဒေအရ နိုင်ငံသားဖြစ်နိုင်သည်

ယနေ့ကာလတွင် မွေးစာရင်းကိစ္စ၊ မွေးစားခြင်းကိစ္စနှင့် နိုင်ငံသား ဖြစ်ခြင်းကိစ္စတို့ကို ရောထွေးပြီး ဝေဖန်ပြောဆို ကန့်ကွက်ဆန္ဒပြမှုများရှိနေသည်။ ကလေးသူငယ်ဥပဒေကြမ်းပုဒ်မ ၂၁(ဃ)၌ ကလေးမွေးဖွားကြောင်း မှတ်ပုံတင်ခြင်းသည် ကလေးသူငယ်၏ အသက်အတွက် သက်သေအထောက်အထား ဖြစ်သည်ဟု မှတ်ယူရမည်ဟု ဖော်ပြထားသည်။ မွေးစာရင်းသည် မွေးဖွားခြင်း အထောက်အထားသာဖြစ်ပြီး ကလေးမွေးစားခြင်းမှာလည်း သက်ဆိုင်ရာ မိသားစု၏ ကိစ္စသာ ဖြစ်သည်။

ကလေးမွေးဖွားသည်ဖြစ်စေ၊ ကလေးမွေးစားသည်ဖြစ်စေ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ဘဲ အသိအမှတ်ပြုခြင်းနှင့် အထောက်အထား အတွက်သာဖြစ်သည်။ သို့သော် ပုဒ်မ ၂၂ တွင် မွေးဖွားကြောင်း မှတ်ပုံတင်သည့် ကလေးသူငယ်များသည် နိုင်ငံသားဖြစ်မှုဆိုင်ရာ အခွင့်အရေးကို တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရရှိစေရမည်ဟု ဆိုထားသဖြင့် ယင်းအချက်ကို ရှင်းလင်းစွာ သဘောပေါက်ဖို့ လိုအပ်သည်။

တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၇၃ အရ နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူ၏ မွေးစားခြင်း ခံရသော နိုင်ငံခြားသားတစ်ဦးသည် နိုင်ငံသား (သို့မဟုတ်) ဧည့်နိုင်ငံသား (သို့မဟုတ်) နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို မရရှိစေရဟု ပြဋ္ဌာန်းထားသည်။ ဆိုလိုသည်မှာ မွေးစားလိုက်သည့်ကလေးသည် အလိုအလျောက် နိုင်ငံသား ဖြစ်မလာ။ မိဘက နိုင်ငံသားဖြစ်တိုင်း နိုင်ငံသားမဖြစ်။ မိဘက ဧည့်နိုင်ငံသား ဖြစ်တိုင်းဧည့်နိုင်ငံသားမဖြစ်။ မိဘက နိုင်ငံသား ပြုခွင့်ရသူဖြစ်တိုင်း နိုင်ငံသား ပြုခွင့်ရသူမဖြစ်။ နိုင်ငံသားဖြစ်ခြင်း၊ မဖြစ်ခြင်းသည် ၁၉၈၂ ခုနှစ်မြန်မာနိုင်ငံသားဥပဒေနှင့်အညီ ဖြစ်သည်

မွေးစားထားသော ကလေးငယ်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရသာ ဆုံးဖြတ်ရမည်ဖြစ်သည်။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်ရန်မှာ လွယ်ကူမည်မဟုတ်ချေ။ ဥပဒေကြမ်းပုဒ်မ ၃၂(ခ)ပါ ကလေးသူငယ် အခြားအခွင့်အရေးများမှာ ပညာရေး၊ ကျန်းမာရေး၊ အကာအကွယ်ပေးရေး စသည်တို့ကိုသာ ဆိုလိုသည်။ နိုင်ငံသားဖြစ်ခြင်းနှင့် မသက်ဆိုင်ပေ။ ယခုအခါ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ဆန္ဒပြမှု၂၀ ကျော် ဖြစ်နေပြီး မွေးစာရင်း၊ မွေးစားခြင်းနှင့် နိုင်ငံသားဖြစ်ခြင်းတို့ကို ရောထွေးဝေဖန်ခြင်း၊ ဆန္ဒပြနေကြခြင်းဖြစ်သည်

သို့ဖြစ်ရာ ကလေးသူငယ်ဥပဒေသာမက ဥပဒေတိုင်းသည် အများပြည်သူအကျိုးကို ရှေးရှုထားသည်ဖြစ်၍ ဥပဒေပါဖော်ပြချက်များကို လေ့လာခြင်းဖြင့် နိုင်ငံနှင့်ပြည်သူအတွက် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း။ ။

ကြေးမုံ