အမာမြို့ရပ်ကွက်များ၌ နှစ်ကျိတ်ရှစ်ဆူ ဘုရားပူဇော်ပွဲ ကျင်းပ

အမာ ၁၁ နိုဝင်ဘာ

ဖျာပုံခရိုင်၊ အမာမြို့ပေါ်ရှိ ရပ်ကွက်လေးခုမှ ဘုရားမဏ္ဍပ်များတွင် တန်ဆောင်မုန်းလပြည့်ကျော် တစ်ရက်နေ့ည ကျင်းပပြုလုပ်မည့် အမာမြို့လုံးဆိုင်ရာ နှစ်ကျိတ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲအကြိုအဖြစ် ပင့်ဆောင်ပူဇော်ထားသည့် နှစ်ကျိတ်ရှစ်ဆူဘုရားများအား ပူဇော်သူ၊ ဆွမ်းကပ်လှူသူ၊ ဖူးမျှော်သူများဖြင့် စည်ကားလျက်ရှိသည်။

အမာတန်ဆောင်တိုင်ပွဲတော်တွင် မသိုးသင်္ကန်းရက်လုပ် ဆက်ကပ်လှူဒါန်းပွဲ၊ စတုဒိသာပွဲ၊ ဘုရား စေတီတော်များ တွင် ဆီမီးတစ်ထောင်ပူဇော်ပွဲ၊ ပဒေသာကပွဲများနှင့် နှစ်ကျိတ်ရှစ်ဆူဘုရားများ မြို့တွင်းလှည့်လည် အပူဇော်ခံပွဲများ နှစ်စဉ်ကျင်းပပြီး ဒေသတွင်း အစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်သည်။ အခြားဒေသသို့ သွားရောက်အလုပ်လုပ်ကိုင်နေသူများ၊ ကျောင်းသွားတက်နေသူများအားလုံးသည် မိမိတို့မိသားစုများ ရှိရာသို့ ပြန်လည်ရောက်ရှိပြီး တန်ဆောင်တိုင်ပွဲတော်ကို ပါဝင်ဆင်နွဲကြသည်။ ယခုနှစ်တွင်လည်း တန်ဆောင်မုန်း လဆန်း (၁၃)ရက်နေ့မှစ၍ ပဒေသာကပွဲနှင့် စင်တင်ဂီတပွဲတော်များ ကျင်းပခဲ့ပြီး ယမန်နေ့ညက ဘဝသစ်ကျေးရွာတွင် စတုဒိသာပွဲနှင့် အမာမြို့ပေါ်ရပ်ကွက်များ၌ ပူဇော်ထားသော နှစ်ကျိတ်ရှစ်ဆူဘုရားများ ရပ်ကွက်အတွင်း ဒေသစာရီကြွချီအပူဇော်ခံပွဲ ကျင်းပခဲ့သည်။ လပြည့်နေ့ညတွင် ဆီမီးတစ်ထောင် ထွန်းညှိပူဇော်ပွဲ၊ မသိုးသင်္ကန်းရက်လုပ် လှူဒါန်းပွဲနှင့် ဆေးပေါင်းခတဲ့ညအဖြစ် လာရောက်သူများကို မယ်ဇလီဖူးသုတ်များ ကျွေးမွေးဧည့်ခံမည်ဖြစ်ကြောင်း သိရသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)