အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသော အာမခံအလုပ်သမားနှစ်ဦး၏ မိသားစုအား ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ပေးအပ်

ဘားအံ   ၂၁   ဖေဖေါ်ဝါရီ 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အမှတ်(၁)ဘိလပ်မြေစက်ရုံ တန်(၉၀ဝ)မြိုင်ကလေးမှ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား(၂)ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်းကို ကျန်ရစ်သူမိသားစုများထံ ပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက အဆိုပါ စက်ရုံဝင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊  လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင် က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်လူမှုဖူလုံရေးရုံး၊ ပြည်နယ်တာဝန်ခံအရာရှိဦးဝင်းဦးက ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေးရုံးတွင် မှတ်ပုံတင်ထားရှိခြင်းဖြင့် ရရှိသည့်အကျိုးခံစားခွင့်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။

 

‌ေ

 

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် ပြည်နယ်တာဝန်ခံအရာရှိတို့က   အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံအလုပ်သမား(၂)ဦး၏ အကျိုးခံစားခွင့် ငွေလုံးငွေရင်း ၁၈၀ဝ၀ဝ၀ဝ (သိန်းတစ်ရာ့ရှစ်ဆယ်)ကို ကျန်ရစ်သူမိသားစု ထံပေးအပ်ခဲ့ပြီး မမာမကျန်းမှု၊ ယာယီမသန်စွမ်းမှု၊ နာရေးစရိတ်အကျိုးခံစားခွင့် ငွေကျပ် ၁၂၈၄၄၅၀ (တစ်ဆယ့် နှစ်သိန်းရှစ်သောင်းလေးထောင်လေးရာ ငါးဆယ်တိတိ)ကိုပေးအပ်ရာ တန်(၉၀ဝ) ဘိလပ်မြေစက်ရုံမှ ကိုယ်စားလှယ်တစ်ဦး က လက်ခံရယူခဲ့ပြီး စက်ရုံးမှူး ဦးကျော်စိုးအောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)