အလုပ်သမားဂုဏ်ရည်နှင့် ကြိုးစားမှုကို ဂုဏ်ပြု

မေလ ၁ ရက်နေ့သည် ကမ္ဘာ့အလုပ်သမားနေ့ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ကာယ လုပ်သား၊ ဉာဏလုပ်သား အားလုံးတို့၏ အပင်ပန်းအဆင်းရဲခံ စွမ်းဆောင် ကြသည့်ဂုဏ်ရည်နှင့် ကြိုးစားအားထုတ်ခဲ့မှုများကို အသိအမှတ်ပြုသော အားဖြင့် ကမ္ဘာ့အလုပ်သမားနေ့ဟု အသိအမှတ်ပြု ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။ အလုပ်သမားဟူသည် မိမိအသက်မွေးမှုအတွက် ကာယအား၊ ဉာဏအားကို အသုံးပြု၍ အလုပ်လုပ်နေကြသူများဖြစ်သည်။ ။

မိမိတို့ဘဝရှင်သန်ရပ်တည်ရေးအတွက်အလုပ်လုပ်ကြသူများဖြစ်ကြ သော်လည်း မိမိတို့တိုင်းပြည်ကုန်ထုတ်စွမ်းအား တိုးတက်ရေးကိုရှေးရှု၍ အလုပ်ရှင်လည်း စီးပွားဥစ္စာဖြစ်ထွန်း၊ မိမိတို့လည်း လုပ်ခလစာရရှိအောင် ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စေတနာတို့ဖြင့်ပေါင်းစပ်ဆောင်ရွက်နေကြသူများ ဖြစ်သည်။ တိုးတက်သည့်နိုင်ငံဖြစ်စေ၊ မတိုးတက်သည့်နိုင်ငံဖြစ်စေ နိုင်ငံ့ကြီးပွားရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးရေး၊ နိုင်ငံရေးဆိုင်ရာတို့တွင် အလုပ်သမားများ၏ အခန်း ကဏ္ဍသည် အစဉ်အဆက်အရေးပါသောကဏ္ဍမှ ပါဝင်လျက်ရှိသည်။

အရင်းရှင်နယ်ချဲ့ခေတ်က အလုပ်သမားများ ရသင့်ရထိုက်သော အခွင့်အရေးများမရရှိခြင်း၊ မတရားဖိနှိပ်မှုတို့ကို ခံရခြင်းတို့ကြောင့် အရင်းရှင် နယ်ချဲ့ ခေါင်းပုံဖြတ်မှုစနစ်ကို တွန်းလှန်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးသမိုင်း တွင် ၁၃၀၀ ပြည့်အရေးတော်ပုံကြီးသည် နယ်ချဲ့စနစ်ဆိုးကို မီးမောင်းထိုးပြ ခဲ့သည့် အလုပ်သမားလှုပ်ရှားမှု၊ အလုပ်သမားအရေးတော်ပုံကြီးဖြစ်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အလုပ်သမားအရေးတော်ပုံများ ရှိခဲ့ကြသည်။ မတရားဖိနှိပ်ခိုင်းစေမှုများ၊ လုပ်ခလစာနည်းပါးမှုတို့ကို ဖော်ထုတ်၍ အလုပ်သမားများ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းနိုင်ခဲ့သည်။

မျက်မှောက်ကာလ အထူးသဖြင့် ဒီမိုကရေစီခေတ်ကာလတွင် အလုပ်သမားများ၏ အခွင့်အရေး၊ အလုပ်သမားများ၏ ရပိုင်ခွင့်များမှာ ခေတ်နှင့်လျော်ညီစွာ အစဉ်အမြဲတိုးတက်ရရှိလာခဲ့သည်။  အလုပ်သမားများ၏ ရပိုင်ခွင့်၊ ခံစားခွင့်များကို အစိုးရတို့က အစဉ်အမြဲဖြည့်ဆည်းပေးနိုင်ခဲ့သည်။ အလုပ်သမားတို့သည် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။ အလုပ်သမားအခြေခံလူတန်းစားများသည် သင့်တင့်လျောက်ပတ်သော လူမှုစီးပွားဘဝဖွံ့ဖြိုးမှုများကို ရရှိပိုင်ဆိုင်နိုင်ကြသလို နိုင်ငံ့စီးပွားနှင့် ဖွံ့ဖြိုးတိုးတက်မှုများမှာလည်း တစ်စတစ်စတိုးတက်လာခဲ့သည်။

ကာယ၊ ဉာဏစွမ်းအားကို ကိုယ်ခန္ဓာဖြင့် အရင်းစိုက်ရာမှ စက်မှုနှင့် နည်းပညာ တီထွင်နိုင်မှုစွမ်းပကားများဖြင့် ကာယ၊ ဉာဏအလုပ်သမား စွမ်းအားများ တိုးတက်လာအောင် ကုန်ထုတ်လုပ်မှုနှင့် စွမ်းဆောင်မှုမြင့်မား လာအောင် ကြိုးပမ်းအားထုတ်နိုင်သည့်အတွက် အလုပ်သမားများ၏ဘဝနှင့် နိုင်ငံ၏အခြေအနေတို့ မြင့်မားတိုးတက်ဖွံ့ဖြိုးသည့်ဘက်သို့ ရောက်ရှိလာ ခဲ့သည်။ မျက်မှောက်ခေတ်ကာလ အလုပ်သမားများသည် တစ်ချိန်သော ကာလကကဲ့သို့ နိမ့်ကျသည့်ဘဝများမဟုတ်တော့ဘဲ အများတန်းတူညီတူ ညီမျှ တင့်တယ်သောဘဝများသို့ ရောက်ရှိလာခဲ့သည်။

မျက်မှောက်ကာလတွင် တစ်ကမ္ဘာလုံးကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ရောဂါဘေးကြောင့် အလုပ်သမားများ၏ဘဝအခြေအနေများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ခေတ္တခဏ တုံ့ဆိုင်းနှေးကွေးမှုများရှိနေသော်လည်း နိုင်ငံတော်အစိုးရနှင့် အဖွဲ့အစည်းများ၏ ပံ့ပိုးဖြည့်ဆည်းအားပေးမှုများနှင့် ရေရှည်ပြန်လည်လည်ပတ်ရပ်တည်နိုင်ရေး အစီအမံများဖြင့် ဆောင်ရွက် နေမှုကြောင့် များမကြာမီကာလများတွင် အလုပ်သမားများနှင့် ကုန်ထုတ် လုပ်ငန်းများ ပြန်လည်ရှင်သန်ဖြစ်ထွန်းလာမည်ဟုယုံကြည်ထားကြသည်။

ယနေ့ကမ္ဘာပေါ်တွင် အခြေအနေအရပ်ရပ်တို့ကြောင့် ကြုံတွေ့လာရ သော စိန်ခေါ်မှုများကို ကာယ၊ ဉာဏအလုပ်သမားများ၏ စွမ်းပကားများဖြင့် ရုန်းကန်နိုးထ ပြန်လည်ရှင်သန်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိသည်ဟု ယုံကြည်ထားကြပါသည်။ ထို့ကြောင့် ကိုဗစ်-၁၉ရောဂါအလွန်ကာလတွင် နိုင်ငံတိုင်း နိုင်ငံတိုင်း၊ ဒေသတိုင်း ဒေသတိုင်း၌ အခြေခံအလုပ်သမားများနှင့် ကာယ၊ ဉာဏလုပ်အားရှင်များ၏အစွမ်းကုန်ကြိုးပမ်းအားထုတ် လုပ်ဆောင် မှုများကြောင့် မူလအခြေအနေထက် သာလွန်တိုးတက်ကောင်းမွန်လာ လိမ့်မည်ဟု မျှော်လင့်ပါသည်။ ။

သို့ဖြစ်ရာ ကာယ၊ ဉာဏအလုပ်သမားများသည် ခေတ်အဆက်ဆက် ဖြစ်ပျက်ခဲ့ကြသော လှိုင်းကြီးလေထန်သောကမုန်တိုင်းဒဏ်များကို ပါဝင် တွန်းလှန်ဖယ်ရှားနိုင်ခဲ့ကြပြီး နိုင်ငံပြန်လည်တည်ဆောက်ရေး၊ ဖွံ့ဖြိုး တိုးတက်ရေးတို့တွင် အစွမ်းကုန်ပါဝင်ထမ်းရွက်ကြမည့်သူများ၊ ထမ်းဆောင် ခဲ့ကြသူများဖြစ်ကြ၍ ပြည်သူ ပြည်သား အလုပ်သမားများ၏ ဂုဏ်ရည်နှင့် ကြိုးစားအားထုတ်မှုကို ကမ္ဘာ့အလုပ်သမားနေ့တွင် အထူးတလည် မှတ်တမ်းတင် လေးစားဂုဏ်ပြု အသိအမှတ်ပြုလိုက်ပါကြောင်း။ ။

‌ေ်‌ေ