အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည်မှ တန်ဖိုးမြှင့် ထုတ်ကုန်သင်တန်း ဖွင့်လှစ်မည်

ရန်ကုန်၊ မတ် ၇

အလုပ်အကိုင်နှင့် စီးပွားရေးအခွင့်အလမ်းသစ်များ ပွင့်လန်းစေမည့် ငှက်ပျောချည်မှ တန်ဖိုးမြှင့် ထုတ်ကုန် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ညောင်နှစ်ပင် အထူးစိုက်ပျိုးမွေးမြူရေးဇုန် (၂) ရှိ KSC ဩဂဲနစ်ဥယျာဉ်တွင် မတ်လ ၉ ရက်မှ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်‌‌ကြောင်း သိရသည်။

ငှက်ပျောပင်ထွက် စွန့်ပစ်ပစ္စည်းများကိုအခြေခံ၍ ဒေသခံငှက်ပျောစိုက်တောင်သူများနှင့် အမျိုးသမီးများ မိမိနေအိမ်အတွင်း အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် စီးပွားရေးအခွင့်အလမ်းသစ်များ ရရှိစေရန်နှင့် မြန်မာ့လက်မှု ပညာရပ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ တန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ အဆိုပါသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး ငှက်ပျောချည်မှ တန်ဖိုးမြှင့် ထုတ်ကုန်အခြေခံသင်တန်းကို နံနက် ၉ နာရီမှ ညနေ ၅ နာရီ အထိ ပိတ်ရက်မရှိ ၈ ရက်တာ သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းကာလတွင် ငှက်ပျောပင်မှ ချည်ထုတ်ခြင်း၊ ငှက်ပျောစက္ကူထုတ်ခြင်း၊ ဖိနပ်၊ ဖျာ၊ အိတ်မျိုးစုံနှင့် ဦးထုပ်မျိုးစုံထုတ် လုပ်မှုတို့ကို လက်တွေ့လေ့ကျင့် သင်ကြားပေးသွားမည်ဖြစ်ပြီး အခြေခံသင်တန်း ပြီးဆုံးပါက အဆင့်မြင့် သင်တန်းဖြစ်သော ငှက်ပျောချည်ဖြင့် ယက်ကန်းယက်ခြင်း၊ ဂျပ်ခုတ်ယက်ခြင်း၊ ချည်ထုတ်ယူခြင်း၊ ပိတ်စထုတ်ခြင်း၊ ပုဝါထုတ်ယူခြင်းစသည့် နည်းပညာရပ်များကိုလည်း ၁၅ ရက်တာ လေ့ကျင့်သင်ကြားပေးသွားရန် ပြင်ဆင်ထားကြောင်း သိရသည်။

 

mdn

 

အဆိုပါသင်တန်းသည် ရန်ကုန်တိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ် ဖွင့်လှစ်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးအပါအဝင် မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ စိတ်ပါဝင်စားသူများ တက်ရောက်ကြမည်ဖြစ်ကာ ယခင်က ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ဖွင့်လှစ်ခဲ့၍ အိမ်တွင်းလက်မှုလုပ်ငန်းလုပ်ကိုင်နိုင်သူ ဦးရေ ၁၀၀၀ ခန့်ကို မွေးထုတ်ပေးခဲ့သည်။ အရှေ့ တောင်အာရှ နိုင်ငံအချို့တွင် စွန့်ပစ်ပစ္စည်းမှ တန်ဖိုးမြှင်ပစ္စည်းများထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့မှုမှ နိုင်ငံခြားဝင်ငွေရရှိ လျက်ရှိရာ မြန်မာ့လက်မှုပစ္စည်းများဖြစ်သည့် ငှက်ပျောချည်မှ တန်ဖိုးမြှင့် ပစ္စည်းများကို ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံသို့ ပစ္စည်းနမူနာများ ပေးပို့ထားပြီး မှာယူမှုနှင့်အညီ တင်ပို့နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

“စွန့်ပစ်ပစ္စည်းငှက်ပျောချည်ကနေ တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်မှုဟာ အိမ်တွင်းလက်မှုလုပ်ငန်း တစ်ခုအနေနဲ့ စီးပွားရေးအခွင့်အလမ်းကို ပွင့်လန်းစေပါတယ်။ ပြည်ပနိုင်ငံအချို့ကို မြန်မာနိုင်ငံကယက် လုပ်တဲ့ပစ္စည်းတွေနမူနာ ပို့ထားတာရှိတယ်။ မှာယူမှုရှိပေမယ့် ကုန်ချောများများ ထုတ်လုပ်နိုင်အောင် သင်တန်းများများပေး မွေးထုတ်နေပြီး အလုပ်ရုံ၊ စက်ရုံကို ၂၀၂၄ ခုနှစ်မှာ ပဲခူးတိုင်းဒေသကြီးနဲ့မှော်ဘီမှာ ဖွင့်လှစ်နိုင်အောင်ကြိုးပမ်းနေရတဲ့အတွက် စက်ရုံတည်ထောင်ပြီးရင် စီးပွားဖြစ်ထုတ်လုပ် တင်ပို့နိုင်ပါပြီ။ မွေးထုတ်ပေးခဲ့တဲ့ သင်တန်းသားတွေက ပြန်လည်တင်သွင်းတဲ့ ကုန်ချောတွေကိုယူပြီး ဈေးကွက်အတွင်း ဖြန့်ချိဖို့စီစဉ်ထားပါတယ်။ အခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်းနိုင်အောင် ငှက်ပျောပင်တစ်ခုတည်း ကမဟုတ်ပဲ ဗေဒါ၊ ကွမ်း၊ အုန်းပင်ထွက် စွန့်ပစ်ပစ္စည်းကနေ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ဖို့ “လက်မှုရွာ” ကို တည်ထောင်ဖို့အထိ ပြင်ဆင်နေပါတယ်။ လက်မှုပညာရှင်တွေလည်း စုစည်းထားပြီးပါပြီ။ အဓိကနိုင်ငံ့စီးပွားကို မြှင့်တင်စွမ်းဆောင်ရာမှာ မိမိတို့နိုင်ရာကဏ္ဍအသီးသီးကနေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံရဲ့ ခရီးသွားကဏ္ဍမှာ ပြည်တွင်းလက်မှုပစ္စည်းထုတ် လုပ်မှုဟန်ချက်ညီမယ်ဆိုရင် နိုင်ငံခြားဝင်ငွေလှိုင်လှိုင်ရရှိစေမယ်လို့လည်း ယုံကြည့်ပါတယ်။ အခုလိုဖွင့်လှစ်နိုင်အောင် အားပေးမြှင့်တင်ပေးခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း ကျေးဇူးအထူးတင်ပါတယ်” ဟု Green Banana Myanmar တည်ထောင်သူ ဦးမြင့်သိန်းက ပြောသည်။

ပြည်ပနိုင်ငံတို့တွင် ငှက်ပျောလျှော်မှ ကျည်ကာအင်္ကျီ၊ အသံအလုံခန်းတွင်အသုံးပြုသည့်စက္ကူ၊ ရေစိုခံစက္ကူနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံတို့ကို ထုတ်လုပ်အသုံးပြုလျက်ရှိရာ မြန်မာနိုင်ငံမှ ငှက်ပျောချည် ထုတ်လုပ်သူများကလည်း တီထွင်ကြံဆမှုနှင့်အတူ တန်ဖိုးမြှင့်အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်နိုင် ရန် စိတ်အားထက်သန်လျက်ရှိကြောင်းနှင့် ယခုဖွင့်လှစ်သည့်သင်တန်းအား Green Banana Myanmar ၊ KSC Creation Co.,Ltd၊ Women in Logistics and Transport နှင့် The Chartered Institute of Logistics and Transport တို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ကနူး

ညိမ်းသူ(သတင်းစဉ်)