အလုံမြို့နယ် မီးရထားလမ်းနယ်နိမိတ်နှင့် ရန်ကုန်မြို့တော်စည်ပင် စီမံခန့်ခွဲခွင့်ရှိသော နယ်နိမိတ်ဧရိယာတို့ကို စနစ်တကျ သတ်မှတ်သွားမည်

ရန်ကုန် ၃ မေ


အလုံမြို့နယ် မီးရထားလမ်းနယ်နိမိတ်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော နယ်နိမိတ် ဧရိယာတို့ကို စနစ်တကျသတ်မှတ်သွားမည်ဖြစ်ပြီး မီးရထားလမ်းနယ်နိမိတ်အတွင်း ကျူးကျော်မှုများကို မီးရထားဌာန၏ အစီအစဉ်ဖြင့် ဥပဒေအကြောင်းအရ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြောကြားခဲ့သည်။


ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ယနေ့တွင် ကျင်းပခဲ့ပြီး အလုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝင်းမေးမြန်းသည့် အလုံမြို့နယ်အတွင်းရှိ မြန်မာ့မီးရထား ပိုင်ဆိုင်မှုရှိသည့် မြေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ စီမံခန့်ခွဲမှုရှိသည့်မြေများနှင့် ထိစပ်နေသော နယ်နိမိတ်များအား နယ်နိမိတ်စည်း ပိုင်းခြားသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းမှုကို ဦးမောင်မောင်စိုးက ယခုကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။“မေးခွန်းပါ မီးရထားလမ်းသည် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်အတွင်း ကမ်းနားလမ်းနှင့် စကားစိမ်းလမ်းထောင့်မှ အစပြု၍ အောက်ကြည့်မြင်တိုင်လမ်းနှင့် ကွင်းကျောင်းလမ်းထောင့်ထိ ဆက်သွယ်တည်ရှိသော ကုန်သေတ္တာများ၊ ကုန်တင်မီးရထားများ၊ လွန်းပြန်အသုံးပြုသည့် မီးရထားလမ်းပိုင်းဖြစ်ကြောင်း၊ မြို့မြေစာရင်း နှင့် မြို့ကွက်ကျမြေပုံတွင် အလုံမြို့နယ်၊ မြေတိုင်းရပ်ကွက်အမှတ် (၂၃ N၊ ၂၃ G၊ ၂၃ D)၊ မြေကွက်အမှတ် (၂၊ ၄/ခ၊ ၈၆) ဧရိယာစုစုပေါင်း ၁၅ ဒသမ ၅၈၅ ဧက၊ အမည်ပေါက် မြန်မာပြည်မီးရထားဟု မှတ်သားပါဝင်ပြီး အလုံမြို့နယ်အတွင်း ခန့်မှန်းပေရှည် ၄၅၁၅ ပေကျော်ခန့် ရှည်လျားကြောင်း၊ ယင်းလမ်းအား မြန်မာ့မီးရထားမှ ရံဖန်ရံခါမှသာ ပြေးဆွဲအသုံးပြုကြောင်း စိစစ်သိရှိရပြီး အဆိုပါ မီးရထားလမ်းတစ်လျှောက် ဘေးဝဲယာများတွင် မီးရထားမြေအတွင်း ကျူးကျော်တည်ရှိမှုများရှိကြောင်း၊ မီးရထားလမ်းပိုင်း နယ်နိမိတ်ဧရိယာနှင့် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲခွင့်ရှိသော နယ်နိမိတ်ဧရိယာတို့သည် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ လွှဲပြောင်းပေးအပ်စဉ်ကတည်းက မြို့ကွက်ကျမြေပုံတွင် နယ်နိမိတ်ပိုင်းခြား သတ်မှတ် ပါဝင်ပြီး ဖြစ်ကြောင်း” စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

MDN