အကယ်ဒမီနေတိုးနှင့်အတူ နေခြည်ဦးပါဝင်သည့် “အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကားသစ်အထူးပွဲပြသ

ရန်ကုန်  ၁၀  အောက်တိုဘာ

 

“အခမ်းနားဆုံးမေတ္တာ” ရုပ်ရှင်ဇာတ်ကား အထူးပွဲ (Red Carpet Show ) ယမန်နေ့ ညနေ ၆ နာရီခွဲက ရန်ကုန်မြို့ JCGV ကန်သာယာစင်တာ  ရုပ်ရှင်ရုံ၌  ပြသသည်။

 

အဆိုပါ ရုပ်ရှင်ဇာတ်ကားကို 7th Sense ရုပ်ရှင်ထုတ်လုပ်ရေးမှ (၅)ကားမြောက် ထုတ်လုပ်ခြင်းဖြစ်ပြီး ဇာတ်လမ်းနှင့်ဇာတ်ညွှန်းကို  မိုးနီလွင် ရေးသားကာ ဒါရိုက်တာပွင့်သိင်္ဂီဇော်မှ  ရိုက်ကူးခြင်း ဖြစ်ကြောင်း၊ အကယ်ဒမီနေတိုး၊ အကယ်ဒမီရဲအောင်၊ တိုင်ရွန်၊ သူရိယ၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ နေခြည်ဦး၊ မေဘရဏီသော်တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး အခြားအနုပညာရှင်များစွာဖြင့် ရိုက်ကူးထားကာ လာမည့်အောက်တိုဘာလ (၁၇) ရက်နေ့တွင် ရုံတင်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

 “ဒီဇာတ်ကားက အချစ်ကားတွေ အများကြီးထဲက ထူးခြားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားလို့ ကျွန်တော်သုံးသပ်မိပါတယ်။ ပရိသတ်တွေလည်း လာရောက်ကြည့်ရှုတဲ့အခါ ကျေနပ်မိမယ်လို့ မျှော်လင့်မိပါတယ်”ဟု သရုပ်ဆောင်နေတိုးက ပြောသည်။

 

1

 

သရုပ်ဆောင်နေခြည်ဦးက “ဒီဇာတ်ကားက နေခြည်ပထမဆုံးခေါင်းဆောင်မင်းသမီး လုပ်ခဲ့ရတဲ့ ဇာတ်ကားလေးပါ။ ကိုနေတိုးနဲ့လဲ ပထမဆုံးတွဲရိုက်ခဲ့ရတယ်။ မပွင့်နဲ့လဲဆုံခဲ့ရတယ်။ ဒီကားလေးက နေခြည်လုပ်ချင်တာကို လုပ်ပြခွင့်ရတဲ့ကားလေးလဲ ဖြစ်ပါတယ်။ ဒီကားလေးက အောက်တိုဘာ ၁၇ ရက်နေ့ကျ ရုံတင်ပါ့မယ်။ အဲ့ဒီအခါကျလဲ အားပေးပါလို့ ပြောချင်ပါတယ်” ဟုပြောသည်။

 

1

“ဒီဇာတ်လမ်းလေးက အလွှာမတူတဲ့ အချစ်ဇာတ်လမ်းလေးပေါ့။ ယောကျာ်းလေးက အရမ်း ချမ်းသာတယ်။ မိန်းကလေးကတော့ သာမန်ဝန်ထမ်းပေါ့။ ၂၁ရာစုမှာရှိတဲ့ အလွှာမတူတဲ့ အချစ်ဇာတ်လမ်းလေးနဲ့ ခေတ် လူငယ်တွေရဲ့ အတွေးအခေါ် အယူအဆတွေနဲ့ ဖန်တီးခဲ့တာပါ”ဟု ဇာတ်လမ်း ဇာတ်ညွှန်းမိုးနီလွင်က ပြောသည်။

 

1

 

အဆိုပါ ဇာတ်ကားသည် ချစ်ခြင်းမေတ္တာဖွဲ့ဇာတ်လမ်းအမျိုးအစားဖြစ်ပြီး မချစ်နှစ်သက်သောသူ တစ်ယောက်ကို ငွေကြေးဖြင့် ဖြားယောင်းသွေးဆောင်ပြီး ပိုင်ဆိုင်ရရှိအောင် ကြိုးစားခြင်းသည် မှားယွင်းကြောင်း၊  တစ်နေ့တစ်ချိန်တွင် အရာအားလုံး ဆုံးရှုံးသွားနိုင်ကြောင်း၊ လောကကြီးကို အပြစ်မြင်၊ စိတ်ဓာတ်ကျ၊ အားငယ်စရာမလိုဘဲ အောင်မြင်ကျော်ကြားမှု၊  စည်းစိမ်ငွေကြေး ဂုဏ်ပကာသနတို့သည် မတည်မြဲတတ်သော သဘောတရားရှိကြောင်း၊ စဉ်းစားချင့်ချိန်နိုင်သော ဉာဏ်ပညာနှင့် ချစ်ခြင်းမေတ္တာသည်သာ တန်ဖိုး မဖြတ်နိုင်သောအရာများဖြစ်ကြောင်း၊ ချစ်ခြင်းမေတ္တာဖြင့် အရာခပ်သိမ်းကို အနိုင်ယူအောင်မြင်စေနိုင်ကြောင်း စသည့် ရည်ရွယ်ချက်များဖြင့် ရိုက်ကူးထားခြင်းဖြစ်ကြောင်း သိရသည်။

 

(ကျော်စန်းမင်း/FDC)

 

1