အကယ်ဒမီဆုပေးပွဲအတွက် ရွှေကြို ၃၀ဝ ကျော် လျှောက်ထားရာမှ အယောက် ၂၀ ကိုရွေးချယ်မည်

ရန်ကုန်  ၁၇   ဇန်နဝါရီ

 

၂၀၁၉-ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲတွင် ယမန်နှစ်ထက် ထူးခြားမှုမှာ ရွှေကြိုအတွက် ရွေးချယ်ရာ၌ အနုပညာရှင်တို့သားသမီးများနှင့်အတူ ပြင်ပမှလူငယ်များကိုလည်း ရွေးချယ်သွားမည်ဖြစ်ရာ ယနေ့ထိ လျှောက်ထားသူ ၅၀ဝ ကျော်၌ လျှောက်လွှာအပြည်အစုံဖြင့် ပြန်တင်ထားသူ ၃၀ဝ ကျော်တွင် လူ ၅၀ မှ စုံတွဲ(၁၀)တွဲကို ရွေးချယ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ သိရသည်။

 

“ရွှေကြိုက ဒီနှစ်နည်းနည်း ထူးခြားတာပေါ့။ အပြင်လူတွေပါ ခေါ်လိုက်တဲ့အတွက် ဖောင်ထုတ်တာ ၅၀ဝ ကျော်နေပြီ။ လျှောက်လွှာပြန်တင်ထားတာ ၄၀ဝ နီးပါးရှိတယ်။ စကိုင်းနက်နဲ့ ကိုမျိုးမင်းတို့ ညှိလိုက်တဲ့အခါမှာ ဟိုဘက်ဘုတ်တင်အဖွဲ့နဲ့ ရုပ်ရှင်အစည်းအရုံး ဘက်ကမန်ဘာပေးမယ့် အကဲဖြတ်တဲ့ သူတွေလည်း ရှိမယ်။ ကိုရန်အောင်၊ ကိုလူမင်းတို့ပေးတဲ့ အမှတ်ရတာနဲ့ စကိုင်းနက်က ပေးတဲ့ အမှတ်ပေါင်းပြီး ရွှေကြိုကိုရွေးမှာပါဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ ဒုတိယဥက္ကဋ္ဌ(၁) ဦးအေးကြူလေးက ပြောသည်။

 

8520

 

အကယ်ဒမီဆုပေးပွဲဖြစ်မြောက်ရေးတွင် ကူညီပံ့ပိုးမှုနှင့် စပွန်ဆာလိုအပ်သောကြောင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ချိတ်ဆက် ဆောင်ရွက်လျှက်ရှိပြီး အကယ်ဒမီဆုပေးပွဲ တစ်ကြိမ်လျှင် ငွေကျပ်သိန်း (၃)ထောင်မှ ငွေကျပ်(၄)ထောင်ထိ ကုန်ကျသောကြောင့် ဝိုင်းဝန်းမှုဖြင့် ပွဲဖြစ်မြောက်မှုကို နှစ်စဉ်ဆောင်ရွက်ကြောင်း ၊ ရုပ်ရှင်လောကသား အသင်းဝင် ၅၀ဝ၀ ခန့်တွင် သက်ကြီးပူဇော် ပွဲ၊ ကထိန်လှူဒါန်းမှုနှင့် ထောက်ပံ့မှုတို့ကို အသင်းငွေဖြင့်နှစ်စဉ် ကျင်းပလျှက်ရှိပြီး အကယ်ဒမီ ဆုနှင်းသဘင် တည်ဆောက်ရန် ငွေကြေးအခက်အခဲများလည်းရှိရာ ရွှေကြိုပွဲ၊ အကယ်ဒမီ ပေးပွဲတို့အတွက် ကြိုတင်ပြင်ဆင်ရာတွင်လည်း နေရာအခက်အခဲနှစ်စ ဉ်ကြုံရသော်လည်း အစဉ်အလာ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေဖြင့် အဆောက်အဦများ လိုအပ်နေဆဲဖြစ်၍ ယခုနှစ် အကယ်ဒမီ ထူးချွန်ဆုပေးပွဲအတွက် ပြည်သူ့ရင်ပြင်နေရာအား လျှောက်ထားကြောင်း သိရသည်။

 

ရွှေကြို လူရွေးချယ်ပွဲကို ဇန်နဝါရီ(၂၇)ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ပြီး တစ်ရက်လျှင်လူ ၁၀ဝ ရွေးချယ်မှုဖြင့် အယောက် ၅၀ ကိုရွေးချယ်သွားမည်ဖြစ်ရာ တီဗွီချန်နယ်မှ နံပါတ်စဉ်လိုက်ပြသ၍ ဆန်ခါတင် ရွှေကြို ၂၀ ဦးဖြစ်သော စုံတွဲ ၁၀ တွဲကို နှစ်ဘက်အမှတ်ပေးစနစ်နှင့်အတူ ရွေးချယ်သွားမည် ဖြစ်သည်။ ယမန်နှစ်ထက် အကယ်ဒမီဆုပေးပွဲကို ထူးခြားစွာ ဆောင်ရွက်ထားကြောင်း သိရသည်။

 

သန်းထိုက်