အကယ်ဒမီ နေတိုး ၂ဝ၁၉ တွင် ဇာတ်ကားရိုက်ကူးမှု နည်းသွားမည်

 

ကိုလင်း

 

သရုပ်ဆောင် အကယ်ဒမီ နေတိုးအနေဖြင့် ၂ဝ၁၉ ခုနှစ်အတွင်း ဆောင်ရွက်သွား မည့် အနုပညာလှုပ်ရှားမှုများနှင့်ပတ်သက်၍ ပြောပြခဲ့ရာ ယခုနှစ်တွင် ယခင်နှစ်များ ထက် ရုပ်ရှင်ကားအရေအတွက် လျော့နည်း၍ ရိုက်ကူးဖြစ်မည်ဖြစ်ကြောင်းနှင့် ဇာတ်ရုပ်ပိုင်း ကောင်းမွန်ရေးအတွက် ကြိုးစားသွားမည်ဟု သိရသည်။

 

''၂ဝ၁၉ မှာ အနုပညာနဲ့ပတ်သက်ပြီးတော့ပဲ ကျွန်တော်တို့ အားထုတ်သွားဖို့ ရှိပါတယ်၊ အထူးသဖြင့် ရုပ်ရှင်ပေါ့၊ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဖန်တီးမှုတွေကို ကျွန်တော် ပိုပြီးအားထုတ်သွားမယ်၊ ပရိသတ်တွေ အခုထက်မက စိတ်ကျေနပ်မှုရှိစေ နိုင်မယ့် ဇာတ်ရုပ်ဖန်တီးမှုတွေကိုပဲ ကြိုးစားပြီး ဖန်တီးသွားမှာပါ၊ နောက်တစ်ခုက ဒီနှစ်ထဲမှာ ကျွန်တော် ဇာတ်ကားတွေကို အများဆုံး ခုနစ်ကား၊ ရှစ်ကား ဝန်းကျင် လောက်မှာပဲ ရိုက်ဖြစ်တော့မှာပါ၊ ကုန်ခဲ့တဲ့နှစ်တွေကတော့ ကားတွေများတယ်''ဟု နေတိုးက ပြောသည်။

 

လက်ရှိတွင် 'နှင်းဆီပဝါခြုံတဲ့လက်'အငြိမ့်အတွက် ပြင်ဆင်နေမှုများနှင့် ပတ်သက်၍လည်း နေတိုးက ''ဇန်နဝါရီလ ၁၁ ရက်နဲ့ ၁၂ ရက်မှာ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်မယ့်ပွဲအတွက် ကျွန်တော်တို့ အကတိုက်နေကြတယ်၊ ပြက်လုံးတွေ တိုက်နေကြပါပြီ၊ ပြင်ဆင်နေတာတော့ တစ်လလောက်ရှိပါပြီ၊ နှင်းဆီပဝါခြုံတဲ့လက်က ထူးထူးခြားခြားပါ၊ နှင်းဆီရင်ခွင်ဖောင်ဒေးရှင်းကနေ နောက်ထပ် ဖောင်ဒေးရှင်းတစ်ခုကို အလှူငွေပေးအပ်တဲ့အနေနဲ့ ကဖြစ်တာပါ၊ အခုအချိန်အထိ ကျွန်တော်တို့မြတ်နိုးတဲ့ ပညာရပ်တစ်ခုနဲ့ နိုင်သလောက်လေး လှူဒါန်းခွင့်ရနေတာ ပရိသတ်ကို ကျေးဇူးတင် တယ်လို့ ပထမဆုံး ပြောချင်ပါတယ်၊ အငြိမ့်နဲ့ပတ်သက်ပြီး အားလုံးသိကြတဲ့အတိုင်း ပါပဲ၊ နှစ်တိုင်း ကျွန်တော်တို့ ကြိုးစားပြီးတော့ ပရိသတ်ကို ဖျော်ဖြေနေကြတာပါ၊ ဒီနှစ်လည်း နှင်းဆီရဲ့ တန်ဖိုးတစ်ခုအတိုင်း မလျော့သော ဖန်တီးတင်ဆက်မှုတွေနဲ့ပဲသွားမယ်၊ နှစ်စဉ်နှစ်တိုင်း ထူးခြားမှုလေးတွေက ရှိနေတာဆိုတော့ ဒီနှစ်လည်း ကြိုးစားနေတုန်းပါပဲ၊ ရာခိုင်နှုန်း ၈ဝ လောက်ကတော့ စိတ်ကျေနပ်မှု ရှိပါတယ်၊ ကျန် တာကိုတော့ ရာနှုန်းပြည့်ဖြစ်အောင် ထပ်ကြိုးစားနေပါတယ်''ဟု နေတိုးက ပြောသည်။

 

ဇန်နဝါရီ ၁၁ ရက်တွင် စတင်ကပြတော့မည့် 'နှင်းဆီပဝါခြုံတဲ့လက်' အငြိမ့်ကို မူလက နှင်းဆီညီအစ်ကိုအငြိမ့် အမည်ဖြင့် ကပြဖျော်ဖြေရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ အမည်ပြောင်းလဲသွားခဲ့ကြောင်း သိရသည်။

 

မြန်မာ့အလင်း